သုံးပုံနှစ်ပုံဝန်းကျင် အခြေအနေကောင်းဟု ဒေါက်တာညိုညိုသင်းပြော

0
204
ဒေါက်တာညိုညိုသင်း

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သုံးပုံနှစ်ပုံဝန်းကျင်(၆၅ ရာခိုင်နှုန်းဝန်းကျင်) အခြေအနေရှိနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးနေမှုများ မပြီးသေးခင် နေ့ခင်းပိုင်းတွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါခန့်မှန်းချက်မှာ ပြီးခဲ့သည့် မဲဆွယ်ကာလအတွင်း လူထု၏ ထောက်ခံမှုအခြေအနေအပေါ် သုံးသပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲကော်မရှင်အနေနှင့် စီမံခန့်ခွဲမှုကိစ္စနှင့် ကြိုတင်မဲကောက်ယူခြင်းလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနေခဲ့မှုကို ၎င်းက ထောက်ပြဝေဖန်ခဲ့ပြီး ယင်းကြောင့် ကြိုတင်မဲများ၏ ရလဒ်တွင်မူ သူ့အနေနှင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ယင်းမဲဆန္ဒနယ်မြေအတွင်း သူ့နာမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသည့် မဲလက်မှတ်အတုများလည်း ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲကောက်ယူခဲ့ရာတွင် တနင်္သာရီမြို့နယ်အတွင်း အချို့ကျေးရွာများ၌ ကြိုတင်မဲပေးမှုမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိခဲ့သည်ဟု ဆိုသည်။

ဒေါက်တာ ညိုညိုသင်းသည် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉(တနင်္သာရီမြို့နယ်)မှ ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်ပြီး အနိုင်ရရှိပါက ပြီးခဲ့သည့်အစိုးရနှစ်ဆက်(၁၀ နှစ်)ကထက် ဒေသအကျိုးကို နှစ်ဆလုပ်တိုးတက်အောင် လုပ်ဆောင်မည်ဟု ပြောဆိုထားသည်။

ဓါတ်ပုံ- Nyo Nyo Thin FB