တနင်္သာရီတိုင်းအတွင်းက ရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်

0
189
မဲရုံအသီးသီး၌ မဲလာပေးကြသူများ

ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။

မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။

ကိုဗစ်-၁၉ ကူးစက်မှုကပ်ဘေးကြောင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ(၆ ပေ) ရှိနေစေရန် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က စီစဉ်ညွှန်ကြားခဲ့သော်လည်း စီစဉ်ထားသည့် နေရာအခင်းအကျင်းနှင့် မဲလာပေးသူဦးရေ မမျှတခြင်းကြောင့် မဲရုံအချို့တွင် ယင်းအတိုင်း မရှိခဲ့သည်ကို တွေ့ရသည်။ အချို့နေရာများတွင် စုပြုံတိုးဝှေ့ကြသည်လည်း ရှိသည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲပေးမှု နှစ်ခုကို ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။ အဆိုပါ ကိုယ်စားမဲပေးသူနှစ်ဦးမှာ ၁၈ နှစ် မပြည့်သေးသည့် လူငယ်များဖြစ်သည်။ ဆန်းချီရပ်ကွက်(ပုံကျွန်း)မဲရုံတွင် အသက် ၁၃ နှစ်အရွယ်နှင့် ဒေါင်းငူရပ်ကွက်မဲရုံတွင် ၁၇ နှစ် အရွယ် လူငယ်နှစ်ဦးတို့က အခြားသူကိုယ်စား မဲပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုနှင့် ပါတီအမှတ်တံဆိပ်များကို နိုဝင်ဘာလ ၆ ရက်နေ့ သန်းခေါင်ယံနောက်ဆုံးထားပြီး ဖြုတ်ချရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသော်လည်း မြိတ်မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုတွင် မဲရုံ၏ အနီးနားမှ နေအိမ်တစ်လုံးတွင် NLD ပါတီအလံလွှင့်ထူထားမှုကို ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက သွားရောက် ဖြုတ်ချခဲ့ရသည်။ ယင်းနေအိမ်မှာ လက်ရှိတွင် လူနေထိုင်ခြင်း မရှိပေ။

မြိတ်မြို့၊ အပြည်ပြည်ဆိုင်ရာငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းနှင့် အလုပ်သမား ၄၀ ဝန်းကျင်မှာလည်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်မရှိခဲ့ပေ။ ၎င်းတို့အတွက် မဲစာရင်းလာရောက်ကောက်ခံပေးရန် သက်ဆိုင်ရာကော်မရှင်သို့ ကနဦးကတည်းက ပြောဆိုခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု ၎င်းတို့က ပြောဆိုသည်။

“မဲမပေးရတာကို စိတ်မကောင်းဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ဟု အသက် ၇၀ ကျော်အရွယ် ငါးလေလံဝန်ထမ်း ဦးဘဆန်းက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းက ပုလဲကူကျေးရွာမဲရုံတွင် သူစိမ်းနှစ်ဦးကို မသင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါ်ယူစစ်ဆေးရာတွင် တပ်မတော်သားများဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းတို့နှစ်ဦးမှာ အရပ်ဝတ်အင်္ကျီများ ဝတ်ဆင်ထားကြပြီး မှတ်ပုံတင်နှင့် နေရပ်လိပ်စာတို့အား မေးမြန်းခဲ့ရာ အထောက်အထား မပြသနိုင်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သည်။ မြို့နယ်မှ လာရောက်ခေါ်ဆောင်သွားပြီး ထပ်မံစစ်ဆေးရာတွင် အမှတ် ၄၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ်နှင့် တပ်သားတို့ဖြစ်ကြောင်း ပေါက်ပေါက်ခဲ့သည်။ ရွေးကောက်ပွဲအတွက် အကူအညီပေးရန် စေလွှတ်ထားသူများဖြစ်သည်ဟု ရေဖြူမြို့မရဲစခန်းမှ ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။

၎င်းတို့နှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ထားဝယ်မြို့ပေါ်ရှိ မဲရုံများတွင်လည်း ထိုကဲ့သို့သော လူစိမ်းနှစ်ဦးကို တွေ့ရှိရပြီး တပ်မတော်က တာဝန်ချထားပေးကြောင်း ၎င်းတို့အနက်မှ အချို့က ထုတ်ဖော်ပြောဆိုသည်။

ထားဝယ်မြို့၊ ကရင်ပြင်မြောက်ရပ်ကွက်ရှိ နေရာအချို့တွင် NLD ကိုယ်စားလှယ်လောင်းအား မဲမပေးရန် လှုံ့ဆော်သည့်စာများ ကပ်ထားသည်ကို ရွေးကောက်ပွဲကျင်းပနေချိန် နံနက်ပိုင်းတွေ တွေ့ရှိခဲ့ရသည်။ ယင်းစာများကို ရဲတပ်ဖွဲ့က လိုက်လံသိမ်းဆည်းခဲ့သော်လည်း မည်သည့်အချိန်က ကပ်ထားသည်၊ မည်သူက ကပ်ထားသည်ဆိုသည်ကိုမူ မဖော်ထုတ်နိုင်သေးပေ။

တိုင်းအတွင်းရှိ မဲရုံများ၌ မဲလာပေးသူ ဦးရေများပြားခဲ့ပြီး နေ့ခင်းပိုင်းတွင် နေအပူရှိန်ကြောင့် တန်းစီစောင့်ဆိုင်းနိုင်ခြင်းမရှိရာ နေအိမ်သို့ ပြန်သွားကြသူများကိုလည်း တွေ့ရှိရသည်။

မြိတ်မြို့နယ်၊ အင်းဂမော်ကျေးရွာမှ ပထမဆုံးအကြိမ် မဲပေးဖူးသည့် မဲဆန္ဒရှင် ကိုသန်းထိုက်စိုးအနေမှာ တစ်နာရီဝန်းကျင်ကြာအောင် နေပူတွင် တန်စီးခဲ့ရပြီးမှ မဲပေးနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရှိနေသော်လည်း မဲပေးဖို့က ပို၍ အရေးကြီးကြောင်း သူက ဆိုသည်။

ဘုတ်ပြင်းမြို့နယ်ရှိ မဲရုံအချို့တွင်မူ မဲဆန္ဒရှင်များအနေနှင့် ရော်ဘာခြစ်သွားခြင်း၊ ကောက်ရိတ်သွားခြင်းတို့ကြောင့် နံနက်ပိုင်းတွင် မဲပေးသူနည်းခဲ့သည်ကို တွေ့ရသည်။

ဓါတ်ပုံ- Dawei Watch