အသက်မပြည့်သေးသူနှစ်ဦးက တခြားသူအစား ကိုယ်စားမဲပေး

0
232
ပုံကျွန်းရပ်ကွက်ရှိ မဲရုံ

ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲလာပေးသူနှစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

ဒေါင်းငူရပ်ကွက်နှင့် ပုံကျွန်းရပ်ကွက်ရှိ မဲရုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနေစဉ် မဲရုံတာဝန်ရှိသူများက သိရှိခဲ့ခြင်းဖြစ်သည်။

“အမှုဖွင့်လိုက်ပြီ နှစ်ယောက်စလုံးကို၊ မဲလိမ်လည်ထည့်တာပေါ့” ဟု ဦးစိုးလွင်က ပြောသည်။

လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဇ) အရ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်တစ်သိန်းထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ကိုယ်စားမဲထည့်ခဲ့သည့် နှစ်ဦးစလုံးမှာ အသက် ၁၈ နှစ်မပြည့်သေးသူများဖြစ်သည်။

ဆန်းချီရပ်ကွက် (ပုံကျွန်း) မဲရုံတွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှ ဦးလေးဖြစ်သူ၏ မဲပေးခွင့်စာရွက်(စလစ်) ဖြင့် ကိုယ်စားလာပေးခဲ့ကြောင်း မဲရုံမှူးဖြစ်သူ ဒေါ်စန္ဒာသိန်းက ဆိုသည်။

ကိုယ်စားလာပေးသည့် ကလေးတွင် နှာခေါင်းစည်းတပ်ထားသည့်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲပေးပြီးချိန်မှ သိရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ကိုယ်စားပေးခဲ့သည့် ဆန္ဒမဲနှင့် ပတ်သက်၍ မည်သည့်ဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ဒေါ်စန္ဒာသိန်းက ဆိုသည်။

ဒေါင်းငူရပ်ကွက်ရှိ မဲရုံတွင်မူ အသက် ၁၇ နှစ်အရွယ်ရှိ လူငယ်မှ ကိုယ်စားလာပေးခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်။

ဓါတ်ပုံ- ကိုဇော်