သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

0
269
ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံ

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။

အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က ပြောသည်။

ယင်းအတွက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ကိုအောင်ကိုလတ်က ပြောသည်။

ရဲတပ်ဖွဲ့က ခဏတာထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ရာ အမှတ် ၄၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ်နှင့် တပ်သားတို့ဖြစ်နေကြောင်း ရေဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။

“Outdoor လွှတ်တယ်ဆိုတာက နယ်မြေစည်းရုံးရေးရော၊ ပြင်ပအနေအထားတွေပါ သိရအောင်လို့ ၄၀၆ က လွှတ်လိုက်တာ။ အဲဒီလူတွေက ပုလဲကူဘက်မှာဆိုရင်တော့ သူစိမ်းသဘောဖြစ်နေတာပေါ့” ဟု ဒုရဲမှူးအောင်ကျော်မျိူးက ဆိုသည်။

အမှတ် ၄၀၆ တပ်ရင်းကလည်း ၎င်းတို့လွှတ်ထားသည့်သူများဖြစ်ကြောင်းပြောဆိုပြီး လာရောက်ခေါ်ဆောင်သွားပြီဖြစ်သည်။

ရွေးကောက်ပွဲကာလအတွင်း အကြောင်းတစ်ခုခုရှိပါက ကူညီပေးမည်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူများအား အမှတ် ၄၀၆ တပ်ရင်းဘက်က ပြောဆိုထားသဖြင့် ယင်းကဲ့သို့ တပ်မတော်သားနှစ်ဦးကိုလွှတ်ပြီး ကြည့်စေခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“သူတို့ကလည်း ပြည်သူကိုကူညီမယ်ဆိုတဲ့သဘေားမျိုးနဲ့ Outdoor လွှတ်တာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မပြောတတ်၊ မဆိုတတ်ဆိုတော့ လူစိမ်းလို့ သံသယဝင်ပြီး တိုင်ကြားတာတွေ ဖြစ်ကုန်တာပေါ့” ဟု ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။

ပုလဲကူမဲရုံမှာ အေးဆေးတည်ငြိမ်စွာဖြင့် ဆန္ဒမဲ ဆက်ပေးလျက်ရှိသည်။