သစ်ပင်ကြီးကပေးသောအတွေးများ

0
1425
သစ်ပင်ကြီးကပေးသောအတွေးများ

ကျွန်တော်ဟာ သဘာဝပတ်ဝန်းကျင်သမား တစ်ယောက်မဟုတ်သော်လည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ် နိုးရကောင်းမှန်းသိသူများထဲတွင်တော့ တစ်ယောက်အပါအဝင်ဖြစ်ကြောင်း စာရင်းသွင်းလိုပါသည်။ သစ်ပင်တွေကို မစိုက်ဖြစ်သည့်တိုင် သစ်ပင်ချစ်သူများထဲတွင်တော့ တစ်ယောက်အပါအဝင်ဖြစ် သည်။

ကျေးလက်တွင် မွေးဖွားကြီးပြင်းခဲ့ သူပီပီ သစ်ပင်တွေသည် ကျွန်တော်တို့ အတွက် အရင်းနှီးဆုံးမိတ်ဆွေများ ဖြစ်ခဲ့သည်။ ရွာအရှေ့လမ်းက ကတ္တီပါပင်ကြီး ကတော့ ကျွန်တော်တို့ ကလေးတစ်သိုက်အတွက် မျောက်လွှဲကျော်တွေလို တက်လိုက်ဆင်းလိုက်နှင့် ကစားရာနေရာ တစ်ခု။ အပင်ပေါ်မတက်လျှင်လည်း သူ့အရိပ်အောက်က မြေပြင်ဟာ ကျွန်တော်တို့အတွက် ကစားရာနေရာကောင်းတစ်ခုပါ။ သစ်ပင်ပေါင်းစုံမှရသည့် အသီးပေါင်းစုံကို ကျွန်တော်တို့ ခူးဆွတ်စား သောက်ခဲ့ရသည်။ သစ်ပင်နှင့် ကျွန်တော်တို့ကို ခွဲခြားထားလို့မရလောက်အောင် ကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။

ကျွန်တော်တို့ ကြီးပြင်းရာပတ်ဝန်းကျင်တိုင်းမှာ သစ်ပင်ကြီးတွေက အမှတ်တရအဖြစ် အမြဲရှိနေတတ်သည်။ ရွာဦးက တံတားထိပ်မှာပေါက်နေသည့် အုံ့ဆိုင်း ဆိုင်းအပင်ကြီးနားရောက်လျှင် အလိုလိုနေရင်း ကြက်သီးထရသည်။ သရဲကြောက်သောကြောင့် ဖြစ်၏။ ရွာမြောက်ပိုင်းက ရွာပိုင်ဘိုးဘိုးကြီး၏ နတ်နန်းနားက သရက်ပင်ကြီးနားရောက်လျှင်လည်း ကြောက်သည်။ ရွာဦးဘုန်းကြီးကျောင်း အဝင်လမ်းက သရက်ပင်ကြီးနားရောက် လျှင်လည်း ကြောက်ကြသည်။ သရဲ ခြောက်တတ်သည် ပြောသောကြောင့် ဖြစ်သည်။ စာသင်ကျောင်းရှေ့က သစ်တိုပင်ကြီးကိုတော့ ကျွန်တော်တို့ ချစ်ကြသည်။ သစ်တိုပင်ကြီးရဲ့ အမြစ်ကြီးတွေ ပေါ်မှာထိုင်ရင်း ကျွန်တော်တို့ စကား တွေပြောကြသည်။ စာတွေကျက်ကြသည်။ တစ်ခုခု စားသောက်ကြသည်။ တစ်ခါတစ်ခါ သစ်တိုသီးတွေ ခူးစားကြသည်။ အခုတော့ ထိုအပင်ကြီးတွေ တစ်ပင်မှ မရှိတော့ပေ။ လမ်းချဲ့ရာတွင် ပါကုန်သည်။ ဒါပေမဲ့ ကျွန်တော်၏ မှတ်ဉာဏ်ထဲတွင်တော့ သူတို့ကို အမှတ် ရနေဆဲ၊ ချစ်ခင်နေဆဲဖြစ်သည်။

ကျွန်တော်တို့တစ်တွေ ကျောင်းစာတွေထဲမှာလည်း သစ်ပင်ကြီးတွေအကြောင်း သင်ခဲ့ကြရသည်။ သစ်ပင်တွေကို နမူနာပေးပြီး ဘဝနေနည်းတွေကို သင်ကြားပေးကြသည်။ သရက်ပင်စိုက်သည့် အဘိုးအိုအကြောင်း။ သရက်နှင့် တမာအကြောင်းကို ဥပမာပေးသင်ကြား ပေးခဲ့သည်။ မြန်မာနိုင်ငံအတွင်းက အဖိုးတန်သစ်များအကြောင်းကိုလည်း သင်ခဲ့ရသည်။ အဖိုးတန်ကျွန်းသစ်ကဲ့သို့သော သစ်တောကြီးတွေပိုင်ဆိုင်ကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ သင်ခဲ့ရဖူးသည်။

သို့သော် သစ်ပင်စိုက်ဖို့၊ သစ်တောတွေ ကိုထိန်းသိမ်းဖို့၊ သစ်တောကြီးတွေကို ချစ်တတ်ဖို့အကြောင်းကိုတော့ “ဥတုရာသီ တောကိုမှီ” ဆိုသည့် ဆောင်ပုဒ်လေး တစ်ကြောင်းနှင့် ပြီးသွားသည်။ သစ်ပင် တွေ၊ သစ်တောတွေပေါများလွန်းသဖြင့် တန်ဖိုးထားရမှန်း၊ ချစ်ရမယ်မှန်း မသိခဲ့ကြ။ သိခွင့်ရအောင်လည်း မလုပ်ပေးခဲ့ ကြတော့ အခုချိန်ထိ သစ်ပင်တွေကို ချစ်ရ ကောင်းမှန်း မသိသေးသူတွေက အများ ကြီးကျန်နေသေးသည်။

ကျွန်တော်တို့ လမ်းသွားရင်း ပန်းလှလှလေးတွေ့လျှင် ခူးလိုက်တော့သည်။ လက်ထဲဓားပါလျှင် နီးရာသစ်ကိုင်း သစ်ခက်များကို ဓားဖြင့် ခုတ်သွားသည်။ လူကြီးတွေဆိုလျှင်လည်း သစ်ပင်လှလှ၊ လုံးပတ်ကြီးကြီးတွေမြင်သည်နှင့် ခုတ်လှဲပြီး လွှတိုက်လျှင်တော့ သစ်ဘယ်နှတန်လောက်ထွက်နိုင်သည်ကို စိတ်ထဲကတွက်ပြီးသား ဖြစ်နေတော့သည်။ စိုက်ဖို့သာ ပျင်းချင်ပျင်းကြမည်။ ခုတ်ဖို့ကတော့ အမြဲအဆင်သင့်။

စနစ်ဟောင်း ဒသမတန်း အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်ထဲတွင် The Heart Of The Tree ဆိုသည့် ကဗျာတစ်ပုဒ် ပါသည်။ ကဗျာရေးသူကို H.C.Bunner ဟု ဖော်ပြထားသည်။ စာကြောင်းရေ ကိုးကြောင်းပါသည့် ကဗျာစာပိုဒ်တစ်ပိုဒ် ကို ဖော်ပြထားသည်။ ကျွန်တော် ၂၀ဝ၂ ခုနှစ် စာစသင်စဉ်ကတည်း ယခုအချိန် ထိ ထိုမျှလောက်သာ သိထားသည်။ ယခုဆောင်းပါးရေးဖို့အတွက် ထိုကဗျာလေးကို Google တွင် ရိုက်ရှာကြည့်တော့ ကဗျာစာပိုဒ်က သုံးပိုဒ်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ ကျွန်တော်တို့၏ သိမှုနယ်ပယ်၊ ကလေးများ၏သိမှုနယ်ပယ်ကို ကန့်သတ်ထားသည်ကို တွေ့ရသည်။ ပြဋ္ဌာန်းစာအုပ် ရေးဆွဲခဲ့သူများ၏ ရည်ရွယ်ချက်စိတ် စေတနာကို သိချင်နေမိသည်။ အဘယ့်ကြောင့် သည်ကဗျာကို သုံးပိုဒ်ရှိသည့်အနက် တစ်ပိုဒ်တည်း ဖော်ပြထားရသည်ကို စဉ်းစားမရအောင်ပင်။ စိတ်ဝင်စားသည့် စာဖတ်သူများအနေဖြင့် မိမိဘာသာ Google မှာ ရှာဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါသည်။

သည်ကဗျာလေးထဲက တချို့သော စာကြောင်းလေးများကို ကျွန်တော် ဖော်ပြပေးသွားပါမည်။ ကျွန်တော်ဖတ်မိပြီး စိတ်ထဲခံစားမိသည့်အတိုင်း ဖော်ပြမည်ဖြစ်သောကြောင့် ကိုယ်တိုင်ဖတ်သည့်အချိန်တွင် ရသတစ်မျိုးတစ်မည် ပြောင်းသွားနိုင်သည်။ ကဗျာအကြောင်းအရာက သစ်ပင်တစ်ပင်ကို စိုက်ပျိုးခြင်းသည် ဘယ်အရာကို စိုက်ပျိုးခြင်းဖြစ်သည်ကို ကဗျာဆရာက သူ့အမြင်အတိုင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။ ၁၈၅၅ တွင် မွေးပြီး ၁၈၉၆ တွင် ကွယ်လွန်ခဲ့သည့် အမေရိကန် ကဗျာဆရာ Henry Cuyler Bunner က ရေးခဲ့ခြင်းဖြစ်သည်။ ၁၉ ရာစုအတွင်း ရေးခဲ့သည့် ကဗျာဖြစ်သည်နှင့်အညီ သစ်ပင်သည် အောက်ဆီဂျင် ထုတ်စက်၊ သစ်ပင်တစ်ပင်သည် အဲယား ကွန်းနှစ်လုံးစာနှင့်ညီမျှသည်ဆိုသည့် အကြောင်းအရာမျိုးတော့ မပါဝင်ပေ။

သစ်ပင်တစ်ပင်ဆိုတာ နေနဲ့ ကောင်းကင်ရဲ့ မိတ်ဆွေ။ လွတ်လပ်တဲ့ လေပြေလေညင်း၏ အလံ။ မျှော်စင်ကြီးလို မြင့်မားတဲ့ အလှတရားရဲ့ မဏ္ဍိုင်။ ငှက်တို့အတွက် ကောင်းကင်ဘုံတမျှ ခမ်းနားလှတဲ့ ဗိမာန်။ သစ်ပင်ဟာ အေးမြတဲ့အရိပ်၊ နူးညံ့တဲ့မိုးသား။ သစ်ပင်ဆိုတာ နေ့သစ်များစွာ မွေးဖွားလာဖို့အတွက် အဖူး၊ အစေ့။ သစ်ပင်ဟာ မြေပြန့် လွင်ပြင်တစ်ခုရဲ့ ဘုန်းကျက်သရေ။ သစ်ပင်ဆိုတာ သစ်တောကြီးရဲ့ အမွေအနှစ်။ သစ်ပင်တစ်ပင်ဆီမှာ လူ့လောကထဲကို ရောက်မလာသေးတဲ့ အနာဂတ်မျိုး ဆက်တွေရဲ့ ပျော်ရွှင်မှုကို မြင်ရလိမ့်မယ်။ သစ်ပင်ဆီက အစေးကိုရမယ်၊ အရွက်ကိုရမယ်၊ သစ်သားကိုရမယ်၊ အသီးကိုရမယ်။ သစ်ပင်စိုက်တယ်ဆိုတာ အနာဂတ်မျိုးဆက်ပေါင်းများစွာအတွက် အကျိုးကို မျှော်ကိုးပြီးစိုက်ပျိုးခြင်း ဖြစ်တယ်။

ဒါကတော့ The Heart Of The Tree ကဗျာလေးထဲက ကျွန်တော်နှစ် သက်သည့် ကဗျာစာကြောင်းလေးတချို့ကို ဘာသာပြန်ပြီးချရေးပြချင်းမျှသာ။ ဒီကဗျာလေးက သစ်ပင်စိုက်တာကို ချစ်မြတ်နိုးလာအောင်၊ သစ်ပင်တွေရဲ့တန်ဖိုး နဲ့ သစ်ပင်ကိုချစ်မြတ်နိုးလာအောင် သင်ပေးဖို့အကောင်းဆုံး ကဗျာတစ်ပုဒ်ပါ။ သို့သော် ကဗျာ၏ တကယ့်အနှစ်သာရရှိသည့် အပိုဒ်နှစ်ပိုဒ်ကို သင်ခွင့်မရခြင်း ကတော့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရပါသည်။

ပန်းခြံတစ်ခုထဲက သစ်ပင်ကြီးတွေကို ခုတ်လှဲလိုက်သည့်အကြောင်း ဖေ့စ်ဘွတ်ခ်မှာရော၊ တနင်္သာရီဂျာနယ်မှာပါ ဖတ်ရသိရသည်။ သတင်းအနေနှင့်ရော၊ ဆောင်းပါးအနေနှင့်ရော ဖတ်ရသည်။ ထီးပါသည့်ခုံပျက်မည်စိုးသဖြင့် သစ်ပင် ကြီးကို လှဲလိုက်သည်ဟု သိရသည်။ ထီးတစ်ချောင်း၏ တန်ဖိုးနှင့် သစ်တစ်ပင်၏တန်ဖိုး အမှန်ကို မသိသောကြောင့်ဟု အပြစ်ဖို့ချင်မိသည်။ ထီးတစ်ချောင်း ပျက်သွားလျှင် တစ်ပတ်အတွင်း၊ တစ်ရက်အတွင်း ပြန်လည်တည်ဆောက်ပြု ပြင်နိုင်သည်။ သို့သော် သစ်ပင်တစ်ပင် ဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရပေမည်။

သည်သတင်းကိုဖတ်ရတော့ ဆရာ တင်ညွန့်၏ ဆောင်းပါးတစ်ပုဒ်ထဲက အကြောင်းအရာကို ပြေးသတိရမိသည်။ ကျောင်းဝင်းအတွင်း အရိပ်ရစေဖို့ရည် ရွယ်ပြီး သူစိုက်ပျိုးခဲ့သည့် အပင်တွေကို အထက်အရာရှိတစ်ဦး၏ညွှန်ကြား ချက် ကြောင့် အကုန်ခုတ်လှဲပစ်လိုက်သည်ဟု ဆိုသည်။ အကြောင်းရင်းကတော့ သစ်ပင်များနှင့်ကွယ်နေသဖြင့် ကျောင်း ကိုမမြင်ရသောကြောင့် ဟူလို။

အခုကိစ္စမှာတော့ ဌာနချင်းချိတ် ဆက်မှုအားနည်းချင်း၏ အကျိုးဆက် တစ်ခုဟုလည်း ပြောနိုင်ပေသည်။ ကျွန်တော်တို့နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားထဲက လစ်ဟာအားနည်းနေသေးသည့် အချက်တွေထဲက အမြန်ပြုပြင်ရမည့် အချက်တစ်ချက်ဟုလည်း မြင်မိသည်။ သစ်ပင်တစ်ပင်သည် မည်သည့်ဌာနများနှင့် ဆက်စပ်နေသည်ကို သိဖို့လိုပေသည်။ နောက်တစ်ချက်က ယခုကဲ့သို့ သစ်ပင်တွေကို ခုတ်မည့်ကိစ္စကို ပြည်သူ တွေကိုချပြပြီး သဘောထားအကြံ အဉာဏ် တောင်းခံသင့်သည်ဟုလည်း မြင်မိသည်။ ကျွန်တော်တို့တစ်တွေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အများ ကြီးလိုအပ်နေသေးသည်ကို ယခုဖြစ်ရပ်က မီးမောင်းထိုးပြနေပေသည်။
အစ္စရေးနိုင်ငံက အပင်တိုင်းကို ရေကိုအစက်ချသည့်နည်းနှင့် စိုက်ပျိုးထားရသည်ဟု ကြားဖူးသည်။ အိန္ဒိယနိုင်ငံက Forest Man ဟု လူသိများသည့် သစ်တောလူသားတစ်ယောက်ရှိသည်။ သူ့နာမည်က Jadav Payeng။ သစ်တော ဧက ၁၃၆၀ ခန့်ကို ဆယ်စုနှစ်ပေါင်းများ စွာကြာအောင် တစ်ဦးတည်းစိုက်ပျိုးခဲ့ သူ။ သစ်ပင်များကို နေ့စဉ်မပျက် စိုက်ပျိုးခဲ့သူ။ ဗြဟ္မပုတ္တမြစ်ကမ်းက သဲသောင် ပြင်ကြီးကို သစ်တောအဖြစ် ပြောင်းလဲ နိုင်ခဲ့သူပါ။ သူတို့ဆိုလျှင်တော့ သစ်တစ်ပင်ဖြစ်လာဖို့ ဘယ်လောက် ခက်ခဲသည်ဆိုသည်ကို ကောင်းကောင်း သိကြပေမည်။

စာပေဟောပြောပွဲတစ်ခုတွင် ဆရာအော်ပီကျယ်ပြောဖူးသည့် အကြောင်း အရာလေးတစ်ခုကို သတိရမိသည်။ ကြာပြီဆိုတော့ နိုင်ငံနာမည်ကို မမှတ် မိတော့။ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဟုသာ မှတ်မိနေသည်။ သူ့သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက် ပြောပြသည့် အကြောင်းအရာဖြစ်သည်။ အဆောက် အဦတစ်ခု ဆောက်လုပ်ရန်အတွက် မြေရှင်းလင်းရာတွင် သစ်ပင်ငယ် လေးတစ်ပင်မှာ မလွတ်ဘဲဖြစ်နေသည် ဟုဆိုသည်။ ကျွန်တော်တို့နိုင်ငံမှာဆို လျှင်တော့ ချက်ချင်းခုတ်ပစ်လိုက်ပေလိမ့်မည်။ သို့သော် ထိုနိုင်ငံတွင်တော့ ထိုသစ်ပင်တစ်ပင်ကြောင့် တစ်ပတ်နီးပါး စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ အပင်နှင့်ပတ်သက်သည့် ပညာရှင်တွေက အပင်အမျိုးအစားကို လာကြည့်သည်။ ထို့နောက် မြေဆီလွှာစမ်းသပ်သည့် အဖွဲ့က မြေဆီလွှာကို လာရောက် တူးဖော်စမ်းသပ်သည်။ အဲဒီနောက်မှာတော့ မြေဆီလွှာအနေအထားတူသည့် မြေနေရာတစ်ခုကို ထပ်ရှာသည်။ မြေဆီလွှာကိုက်ညီသည့်နေရာ ရှာတွေ့ ပြီဆိုမှ ထိုသစ်ပင်လေးကို သေသေ ချာချာတူးယူပြီး သယ်သွားသည်။ ပြီးမှ ပြန်စိုက်သည်။ ဆိုတော့ သူတို့ဆီက သစ်ပင်လေးတစ်ပင်အပေါ်ထားသည့် တန်ဖိုးကို ခန့်မှန်းကြည့်နိုင်သည်။

Facebook တည်ထောင်သူ Mark Zuckerberg က သစ်ပင်တွေစိုက်ဖို့အတွက် သူပိုင်ဆိုင်သည့် ငွေကြေးထဲက ရာခိုင်နှုန်းများစွာကို လှူသည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက်ဟုပြောလျှင် ပိုမှန်မည်ထင်သည်။ သို့မှသာ သူ့သမီးလေးအနေဖြင့် နေချင့်စဖွယ်ကောင်းသည့် ကမ္ဘာကြီးပေါ်တွင် အသက်ရှင်နေထိုင်သွားနိုင်ရန် ရည် ရွယ်ရင်းဖြစ်သည်။

ဆိုတော့ ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့ မျိုးဆက်သစ် ရင်သွေးငယ်လေးများအတွက် သာယာပျော်ရွင် ဖွယ်ကောင်းသည့် ကမ္ဘာကြီးဖြစ်ဖို့ Mark Zuckerberg လို ပိုက်ဆံ မလှူနိုင်သည့်တိုင် သစ်ပင်တွေကို မခုတ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးနိုင်ကြသည်။ သစ်ပင်တွေ ခုတ်မည့်အစား သစ်ပင်တွေစိုက်ခြင်းဖြင့် ကျွန်တော် တို့၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရအောင်ပါ။ ကျွန်တော်တို့၏ မျိုးဆက်သစ်ကလေးများကိုလည်း သစ်ပင်တွေကို တန်ဖိုးထားပြီး ချစ်တတ်အောင် သင်ပေးဖို့လိုမယ်လို့ထင် ပါသည်။

အခုလက်ရှိဖြစ်ပွားနေသည့် ကိုဗစ် ကပ်ရောဂါသည်ပင်လျှင် သစ်ပင်ခုတ်ခြင်းနှင့် ဆက်နွှယ်နေသည်ထင်ပါသည်။

သန်းဇော်ဦး (ရလိုင်)