လမ်းလျှောက်လာသူနှစ်ဦးကို မူးယစ်ဆေးမှုဖြင့် အမှုဖွင့်

0
635
Dawei Watch, Dawei News, Dawei News Media

ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသမီးထံမှ မူးယစ်ဆေး များဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲမှတ်တမ်းအရ သိရသည်မှာ အဆိုပါလမ်းပေါ်ရှိ ဝါးချောင်းကျေးရွာတွင် မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ ၂၆ ရက်နေ့က စောင့်ဆိုင်းနေစဉ် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၄၃ နှစ်အရွယ် အမျိုးသားတို့ လမ်းလျှောက်လာကြစဉ် မသင်္ကာသဖြင့်စစ်ဆေးရာ အမျိုးသမီးလွယ်ထားသည့် လွယ်အိတ်အတွင်း ခဲစက္ကူ နှစ်ချပ်နှင့် မီးခြစ်ကို တွေ့ခဲ့ရသည်။

ထို့နောက် ၎င်းတို့နှစ်ဦးကြားရှိ မြေပြင်တွင် ဆေးလိပ်ဘူးခွံတစ်ခုတွေ့ရသဖြင့် စစ်ဆေးရာ WY စိတ်ကြွဆေး ၅၀ ပြားကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဖမ်းမိသည့် အထက်ပါ အမျိုးသမီးနှင့် အမျိုးသားကို သက်ဆိုင်ရာမူးစိတ် ပုဒ်မဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။