ဆေးပေါ့လိပ် သောက်ခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ

0
627
ဆေးပေါ့လိပ်
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon

ဆေးလိပ်လို့ ဆိုလိုက်ရင် စီးကရက် တင်မကဘဲ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေလောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက် လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့် စေချင်ပါတယ်။

ဆေးပေါ့လိပ်ကို အရင်းစစ်ကြည့်သော်
ဆေးပေါ့လိပ်က ကျန်းမာရေးကို ဘယ်လို ထိခိုက်စေတယ်လို့ မပြောခင်မှာ ဆေးပေါ့လိပ်ရဲ့ ဇာစ်မြစ်ကို အရင်စစ် ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်။ ဆေးပြင်းလိပ်တွေမှာ ပါတဲ့အမယ်တွေ ကွာပေမဲ့ မကွဲမပြား အတူတူ ပါဝင်နေနိုင်တဲ့ အရာကတော့ ဆေးရွက်ကြီးပါ။ ဆေးရွက်ကြီး ပါဝင်နေမှတော့ ဆေးပေါ့လိပ်တွေ ဆေးပြင်းလိပ်တွေက စီးကရက်လိုမျိုး ကျန်းမာရေးကို မထိခိုက် စေဘူးဆိုတာက လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ အဆိုတစ်ရပ်လို့ပဲ ဆိုရပါမယ်။

ဆေးပေါ့လိပ်သောက်ရင်းက ထိခိုက်လာမယ့် ကျန်းမာရေး
မြန်မာနိုင်ငံ၊ အိန္ဒိယနဲ့ အရှေ့တောင် အာရှဒေသတွေမှာ အသောက်များတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေကလည်း စီးကရက်လိုပဲ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေ မှာပါတဲ့ ဆေးရွက်ကြီးမှာ စွဲလမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ဆေးရွက်ကြီးကို ဆေးပြင်းလိပ်။ ဆေးပေါ့လိပ်တွေအဖြစ် သောက်သုံးလိုက်တဲ့အခါ ထွက်လာတဲ့ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်းပေါင်း ၇၀ဝ ကျော် ပါဝင်နေပြီး ဒီ ၇၀ဝ ကျော်ထဲက ၇၀ ထက်မနည်းတဲ့ ဓာတု ပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဆေးပေါ့လိပ်သောက်သုံးတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်စေတာပါ။ ဆေးပေါ့လိပ် သောက်တာကြောင့်

  • သွေးကြောနံရံတွေ အားနည်းပြီး ဦးနှောက်ထဲမှာ သွေးခဲတာ
  • လေဖြတ်တာ
  • အဆုတ်ဆီ သွေးပို့ပေးနေတဲ့ ခြေထောက်က သွေးကြောတွေထဲမှာ သွေးခဲတာ
  • နှလုံးသွေးကြောဆိုင်ရာ ရောဂါ
  • ရုတ်တရက် နှလုံးရပ်တာ
  • ဆေးပေါ့လိပ် သောက်ပြီးပြီးချင်း မှာ သွေးတိုးတာ
  • ခြေထောက်တွေဆီ သွေးစီး ဆင်းရောက်ရှိမှု နည်းတာ
  • မျိုးပွားအင်္ဂါဆီ သွေးစီးဆင်း ရောက်ရှိမှုနည်းပြီး လိင်တံထောင်မတ် နိုင်မှုမှာ ပြဿနာရှိတာ
  • ကင်ဆာရောဂါ ( အထူးသဖြင့် အဆုတ်၊ ပါးစပ်၊ အသံအိုး၊ နှာခေါင်း၊ လည်ချောင်း၊ အစာရေမျို၊ အစာအိမ်၊ ကျောက်ကပ်၊ သရက်ရွက်၊ အူမကြီး ကင်ဆာ စတာတွေ ခံစားရနိုင်ပါတယ်)
  • အနာကျက်နှေးတာ (ခွဲစိတ်ကု သမှုလုပ်ထားချိန်မှာ အနာကျက်နှေး တာ)
  • အဆုတ် ကျန်းမာရေး ထိခိုက် တာ (နာတာရှည် အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ် လိုမျိုး ရောဂါတွေ ခံစားရနိုင်ပါတယ်)
  • လမစေ့ဘဲ ကလေးမွေးဖွားတာ။ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာ
  • အနံ့အရသာ ခံနိုင်စွမ်း ကျလာ တာ
  • မျိုးအောင်နိုင်စွမ်း ကျလာတာ
  • အမြင်အာရုံ ထိခိုက်တာ
  • သွားနဲ့ သွားဖုံးရောဂါတွေ ခံစား ရနိုင်ပါတယ်
  • အရေပြား ထိခိုက်ပျက်စီးတာ
  • သွေးတိုးရောဂါ အခံရှိသူတွေမှာ သွေးတိုးရောဂါကို ပိုဆိုးစေတာ
  • အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရနိုင်ခြေမြင့်တာ
  • အရိုးပါးတာ
  • အဆစ်ရောင်ရောဂါ ခံစားရ နိုင်ခြေ မြင့်တက်တာ
  • ခံတွင်းနံ့ဆိုးတာ
  • သွားမှာ အစွန်းအထင်းတွေဖြစ်တာ
  • အရွယ်မတိုင်ခင် အိုမင်းတာ
  • ပါးစပ်ထဲမှာ အနာတွေဖြစ်တာ
  • သွားဆုံးရှုံးတာမျိုးတွေ ခံစားရ နိုင်ပါတယ်။
    ဆေးရွက်ကြီးကို ကုသမှုအပိုင်းမှာ အသုံးပြုကြပေမဲ့ ဆေးရွက်ကြီးကို လိုတာထက် ပိုမိုထည့်သွင်း ထုတ်လုပ်ထားတဲ့ ဆေးပေါ့လိပ်။ ဆေးပြင်းလိပ် တွေနဲ့ စီးကရက်တွေကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးဆိုတာ မရှိဘဲ ဆိုးကျိုးကိုသာ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဆေးပေါ့လိပ်။ ဆေးပြင်းလိပ်တွေကိုလည်း စီးကရက်ကို ရှောင်သလိုပဲ ရှောင်ကြဖို့ ပြောပါရစေ။

မှတ်ချက်။ ။ https://hellosayarwon.com/ ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။