ပိုးတွေ့လူနာနဲ့ ထိစပ်မိတဲ့အခါ

ပိုးတွေ့လူနာနဲ့ ထိစပ်မိတဲ့အခါ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကိုဗစ်-၁၉ ရဲ့ လတ်တလောအခြေအနေ
ကိုဗစ်-၁၉ ရဲ့ ဒုတိယ လှိုင်း၏ အဟုန်သည် စက်တင်ဘာလအတွင်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ယင်းနှင့် ဆက်စပ်သည့် အရှိန်သည် ယနေ့ အထိ တအုံနွေးနွေး တောက်လောင်ဆဲ ဖြစ်ပါသည်။

ယနေ့ ၂၈-၁၀-၂၀၂၀ ည ၈ နာရီအချိန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက်အရ စုစုပေါင်း အတည်ပြု လူနာ ၄၇၀၇၂ ဦးရှိပြီးဖြစ်ကာ သေဆုံးသူ ၁၁၇၂ ဦးရှိ ခဲ့ပြီဟု သိရပါသည်။ တိုင်းအတွင်း ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀ဝ ကျော်ခဲ့ပြီး ဖြစ်ကာလာမည့် အပတ်အတွင်း ဆက်လက်၍လည်း တိုးတက်လာမည့်သဘော တွေ့ရပါသည်။

ရန်ကုန်မြို့တွင် ပိုးတွေ့သူနှင့် ဒေသတွင်း ကူးစက်မှု မြင့်မားလာခဲ့သော စက်တင်ဘာလမှ စတင်လျက် နီးစပ်ရာ ဒေသများသို့ တငွေ့ငွေ့ ပျံ့နှံ့နေသည့် အနေအထားအရ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ မအူပင်၊ မော်လမြိုင်၊ ရေး၊ ထားဝယ် စသည့် မြို့ရွာများကို ဆက်လက် ပျံ့နှံ့လျက်ရှိကာ သည်ရက်ပိုင်းတွင် မြိတ်မြို့ တွင်လည်း ရောဂါပိုးတွေ့သူ အသစ်၊ အနံ့မရသူ လူနာ စသည်ဖြင့် ဆက်တိုက်ဆိုသလို တွေ့ရှိလာရပြီး ဖြစ်လေရာ ဒုတိယလှိုင်း၏ အဟုန်ကို အနှေးနှင့် အမြန် ရင်ဆိုင်လာရနိုင်သည့်အနေအထား ရှိပါသည်။

ဒုတိယလှိုင်းကို ကြီးစေဖို့ အထောက်အပံ့
အဆိုပါ အဟုန်ကို ဆက်လက်မြင့် တက်လာစေနိုင်သည့် အကြောင်းတွေက ရှိနေပါ၏။ အန္တရာယ် မကင်းသော လူစုလူဝေးဖြင့် အရောင်အသွေးစုံမှ အင်အားပြ ဝန်းရံကြသည့် မြိုင်မြိုင် ဆိုင်ဆိုင် အင်အားပြပွဲများအပြီး နှစ်ပတ်အတွင်း ရောဂါလက္ခဏာများ ပြလာကာ ပိုးတွေ့လူနာ တိုးလာဦးမည့် အနေအထားမှာ ရှောင်လွှဲမရတန်ကောင်းပါချေ။

ယခင်က ပြည်ပမှ ပြန်လာသူများမှသာ ပိုးတွေ့သူ အများစု တွေ့ရသော်လည်း ဒုတိယလှိုင်းအစတွင် ရခိုင်ပြန်၊ ရန်ကုန်ပြန် စသည့် ပြည်တွင်းနေသူတို့မှ တစ်ဆင့် ကူးစက်မှုကို အများစုတွေ့လာ ကြရပါသည်။ ထိုမှ ယခုလ အစတွင်မူ ခရီးသွားရာဇဝင်နှင့် ကူးစက်မှုရင်းမြစ် တိတိပပ အဖြေရှာမရသည့် ဒေသတွင်း ကူးစက် လာမှုများကို ကြိုကြား ကြိုကြား တွေ့လာကြရပါသည်။ ယင်းသည်ပင် ဒုတိယလှိုင်းကို ထိန်းချုပ်ရန် အခက်အခဲ ဖြစ်ပါသည်။

ဒေသတွင်း ကူးစက်နိုင်မှု (Local Transmission)
ရန်ကုန်မှ ဒေသတွင်းသို့ ဝင်လာသော ကုန်ကားမောင်းသူအချို့တွင် ရောဂါပိုး တွေ့ရသလို မည်သည့် ရောဂါ လက္ခဏာမှ မပြသည့် အထူးရဲ သင်တန်းသားတို့တွင်လည်း မထင်မှတ်ပါဘဲ ရောဂါပိုးများ တွေ့ရှိနေရ ခြင်းများသည် ဒေသတွင်း အတိုင်းအတာ တစ်ခုအထိ ကူးစက်ပျံ့နှံ့မှု ရှိနေခဲ့ပြီးဟု ယူဆနိုင်စရာ ဖြစ်နေပါ၏။

အနံ့မရသည့် ခရီးသွားရာဇဝင် မရှိခဲ့သူအချို့ ဖျားနာ ဆေးကုခန်းများနှင့် ပြည်သူ့ဆေးရုံများသို့ ပြသကုသမှုခံ ယူကြရာမှ မထင်မှတ်ဘဲ ပိုးတွေ့ရှိရခြင်းများကြောင့် အဆိုပါ ယူဆချက်ကို ပိုမိုကာ ခိုင်မာလာစေပါသည်။

တိုးလာနိုင်တဲ့ ပိုးတွေ့ရှိမှုတွေ
အခြား ဒေသများတွင် ဖြစ်ပျက်ခဲ့သည့် အနေအထားအတိုင်း လာမည့်အပတ်အတွင်း ယင်းသို့ ရောဂါ လက္ခဏာများဖြင့် ဆက်လက်ကာ ပိုးတွေ့သူ တိုးလာလိမ့်မည်ဟုလည်း ခန့်မှန်းရပါသည်။

ရောဂါ လက္ခဏာမရှိဘဲ ပိုးတွေ့သူ တစ်ဦးမှ အနည်းဆုံး သုံးဦးသို့ ဖြန့်ဝေပြီး ဖြစ်နိုင်ချေအရ ဆတိုးကိန်းဖြင့် ဆက်လက် တိုးလာနိုင်သည်ကိုလည်း ကြိုတင်မှန်းဆလျက် တာဝန်ရှိသူတို့ အသင့်ပြင်ဆင်သင့်သည်တို့ကို ပြင်ဆင် လျက်ရှိကြပါသည်။

လိုအပ်လာပါက ပိုးတွေ့လူနာ လက်ခံကုသနိုင်မည့် နေရာများကို ကြိုတင်လျာထားခြင်းများနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ၊ သံသယ လူနာများအား အားပေးနှစ်သိမ့် ကုသမှုပေးနိုင်မည့် ဖျားနာကု ဆေးပေးခန်းများ၊ သံသယ လူနာများကို ထိစပ်မိသူများကို သီးခြားခွဲထားနိုင်မည့် ကွာရန်တင်း စင်တာများ ဖွင့်လှစ်ခြင်း စသဖြင့် လုပ်ဆောင်လျက်ရှိ ကြပါ၏။

ပြည်သူတွေ ဘာသိလိုသလဲ၊ ဘာလုပ်သင့်လဲ
တစ်ချိန်တည်းတွင် ပြည်သူ၏ သိလိုမှုနှင့် စူးစမ်းလိုမှုအပြင် ဘေးကင်းလိုမှုအတွက် သိလိုစိတ်ဖြင့် မေးမြန်းလာကြ၊ တောင်းဆိုလာကြမှုများကိုလည်း ကြုံတွေ့ကြရပါသည်။ ပိုးတွေ့လူနာနှင့် ထိစပ်မိသောအခါ ဘယ်လို ပြုမူနေထိုင် သင့်သလဲ၊ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို အန္တရာယ်တွေ ရှိလာနိုင်လဲ စသဖြင့် မေးမြန်းကြသည်ကို ကြုံရပါသည်။

ပိုးတွေ့သူများလာသည့်အလျောက် ထိစပ်မိသူ ဖြစ်လာတန်စွမ်းကလည်း များလာသည်မှာ အဆန်းတော့ မဟုတ်ပါ။ သည့်အတွက် ကြိုတင်သိသင့် ဆင်ခြင် သင့်သည်များက အဆန်းတကျယ်မဟုတ်။ မူလ မဆွကတည်းက လိုက်နာကြပါဟု ဆိုသည့် အချက်များကိုပင် ညွှန်းရပါလိမ့်မည်။ မိမိကိုယ်ကို ပိုးတွေ့သူနှင့် ထိတွေ့ဆက်ဆံမိသည်ဟု သံသယရှိပါက
၁။ လူစု လူဝေးထဲ မသွားဘဲ သီးခြားနေရန်၊
၂။ မျက်နှာ အကာအကွယ် Mask တပ်ရန်၊
၃။ လက်ကို စနစ်တကျ ဆေးကြောရန်၊
၄။ စိတ်လက် ချမ်းသာစွာ နေထိုင်ရန်၊ စိတ်ဖိစီးမှု မထားဘဲ ပေါ့ပေါ့ပါးပါး နေထိုင်ရန်၊
၅။ အစားအသောက် ပုံမှန်စားရန် နှင့် ပုံမှန် အိပ်ချိန် အိပ်ရန်၊
၆။ အိမ်တွင် နာတာရှည်ရောဂါ အခံရှိသူ၊ အသက် ၆၀ ကျော် သက်ကြီး ရွယ်အိုနှင့် လူမမည်ကလေးများရှိပါက သီးခြား ခွဲခြားနေထိုင်ရန်၊
၇။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နုံးခွေခြင်း၊ အသက်ရှူမဝခြင်း၊ အနံ့မရ ခြင်းစသော ရောဂါ လက္ခဏာ တစ်စုံတစ်ခု ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ပြသ ကုသမှု ခံယူရန်နှင့်၊
၈။ ကောလာဟလ သတင်းစကား အမှားများကို မယုံကြည်ကြရန် စသည့် အချက်များကို မဖြစ်မနေ လိုက်နာကြရန် လိုအပ်ပါသည်။

ပိုးတွေ့လူနာ ထိတွေ့သူကို ဘာဆက် လုပ်ကြသလဲ
ကျန် လိုအပ်သည့် လုပ်သင့် လုပ်ထိုက်သည်များကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ညွှန်ကြား ပါလိမ့် မည်။ မိမိတို့ ကိုယ်တိုင်က သည်အချက်များကို လိုက်နာပြီး စိတ်လက်ရတက် မအေးမဖြစ်ပါဘဲ ပုံမှန် လူနေမှု ဘဝ၊ ကိုယ်လက်လှုပ်ရှားမှုမျိုးဖြင့် စိတ်လက် ဖိစီးမှုမရှိဘဲ နေထိုင်ဖို့သာ လိုအပ်ပါသည်။

ပိုးတွေ့သူ လူနာနှင့် ထိစပ်မိသူသည် မျက်နှာဖုံးအကာအကွယ် မပါဘဲ အချိန်အတော်ကြာ ထိစပ်သူ ဖြစ်သလား၊ အတူနေမိသားစုဝင်လား၊ တစ်ကိုယ်ရေ အကာအကွယ် အပြည့်အစုံမပါဘဲ လူနာကို ကုသမှု ပေးမိသူ ကျန်းမာရေးဝန်ထမ်းလား စသဖြင့် အချက်အလက်များကို ချင့်ချိန်ကာ အနီးကပ် ထိစပ်မိသူ (Closed Contact) လား ၊ သို့မဟုတ် ဆက်စပ်သွယ်ဝိုက် ထိစပ်မိသူ (Secondary Contact) လား စသဖြင့် ခွဲခြားကာ လိုအပ်သည့် ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားပါလိမ့်မည်။

သို့သော် မနိုင်မနင်းဖြစ်လွန်းသဖြင့် မိမိတို့ကို လာရောက် မညွှန်ကြားနိုင်ပါကလည်း အထက်ဖော်ပြပါ အချက်များကို လိုက်နာလျက်၊ သီးခြားခွဲလျက် နေထိုင်ဖို့နှင့် လိုအပ်ပါက ကျန်းမာရေး ဌာနသို့ ဆက်သွယ်ကြဖို့ အကြံပြုလိုပါသည်။

လတ်တလော စံပြု ညွှန်ကြားချက်နဲ့ ပြောင်းလဲလာတဲ့ စည်းမျဉ်းတွေ
ယခင် စံပြု လုပ်ထုံးလုပ်နည်းအရ အနီးကပ် ထိစပ်သူကို နီးစပ်ရာ Facility Quarantine Center များတွင် ထိန်းသိမ်းထားပြီး ယင်းတို့ကို အလျဉ်းသင့် သလို နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူ စစ်ဆေးပါသည်။ အကယ်၍ ပိုးတွေ့ပါက ဆေးရုံသို့ တင်ပို့ပြီး ပိုးမတွေ့ပါက ပိုးတွေ့သူနှင့် ထိတွေ့မိသည့်နေ့မှ စတင်ပြီး ကွာရန်တင်းစင်တာတွင် ၁၄ ရက် နေထိုင်ဖို့နှင့်၊ အိမ်တွင် ရှစ်ရက်နေဖို့ ညွှန်ကြားပါသည်။

ယင်းကြောင့်လည်း မြိတ်မြို့တွင် ခရီးသည်တင် ကားဂိတ်မှ အနံ့ပျောက်လူနာနှင့်ထိစပ်သူများကို FQ သို့ပို့ ဆောင်ထားရာမှ ထပ်မံ ဆေးစစ်အဖြေအရ ထိစပ်သူ ၁၅ ဦးမှာ ပိုးထပ်တွေ့ရှိရ ခြင်းဖြစ်ပါသည်။

ထိုအခါ ယင်းတို့နှင့်ထိစပ်သူ လူဦးရေ ၈၀ ကျော်တို့မှာ အနီးကပ် ထိစပ်သူ အဖြစ် ကွာရန်တင်းစင်တာသို့ ထပ်ခါ ပို့ဆောင် ထိန်းသိမ်းခဲ့ကြရပါသည်။ ထို့နောက် အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်များ စစ်ဆေးခံ ကြရပါသည်။ သို့ရာတွင် ယင်းမှ ထပ်မံ၍ ပိုးတွေ့ လူနာများ ဆင့်ကဲ ဆတိုးပွားများကာ တွေ့ရှိလာသည့်အခါ ယင်း စံပြုလုပ်ထုံးမှာ ပြောင်းလဲလာနိုင်ပါသည်။

ယမန်နေ့ည (အောက်တိုဘာလ ၂၈ရက်နေ့ည) က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များတွင် လက်ရှိ ပိုးတွေ့သူများနှင့် ထိတွေ့မိသူများအား ဓာတ်ခွဲ စမ်းသပ်ချက်အဖြေများအရ ပိုးမတွေ့ဟု အဖြေ ထွက်သူများအား အိမ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ပါမည်ဟု ပါရှိလာသည်ဖြစ်ရာ စံပြုလုပ်ထုံးအရ မိမိတို့အိမ်တွင် ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်လောက်သည့် အနေ အထားရှိပါက မိမိတို့ အိမ်တွင်သာ သီးခြားနေထိုင်ရန်နှင့် ကွာရန်တင်း စင်တာတွင် ဆက်မထားတော့ဘဲ နေအိမ်သို့ ပြန်လည်စေလွှတ်ခြင်းသည် စံပြု လုပ်ထုံးများ ပြောင်းလဲလာသည့် သဘောဟုဆိုနိုင်ပါသည်။

ယင်း စံသည် အတော်အတန်လျှော့ ပေါ့လျက် ပြောင်းလဲလာသည့်သဘော ဆိုနိုင်ပါသည်။ သို့ရာတွင် ရောဂါ မကူးစက်နိုင်တော့သဖြင့် ဖြစ်စေ၊ ယင်းကပ်ရောဂါ ဘေးကင်းလာသဖြင့် ဖြစ်စေ၊ ပြောင်းလဲလာခြင်းကား မဟုတ်။ ပိုးတွေ့သူ များပြားလာသည့်အတွက် အချို့ကို မိမိတို့ဘာသာ တာဝန်ယူခိုင်းလျက် ပြန်လည်စေလွှတ်သည့် သဘောဖြစ်ပါသည်။

ရောဂါ ကူးစက်မှု ဖြတ်တောက်ဖို့သာ ပဓာန
မည်သို့ပင် ပြောင်းလဲလာသည် ဆိုစေကာမူ လိုရင်းမှာ ပိုးတွေ့ရှိသူဖြစ်စေ၊ ပိုးတွေ့နိုင်သည့် သံသယ ရှိသူကို ဖြစ်စေ အခြားသူများသို့ တစ်ဖန်ထပ်မံ မကူးစက်အောင်တားဆီးလိုသည့် လိုရင်းသာ ဖြစ်ပါသည်။

ဆိုလိုသည်က ကွာရန်တင်းသို့ စင်တာများသို့ တင်ပို့ခံရတိုင်း တအားမကြောက်ရန် လိုအပ်သလို အိမ်ကို ပြန်လည်စေလွှတ်ပြီး အိမ်တွင်သာ သီးခြားနေထိုင်စေတိုင်းလည်း ပေါ့ပေါ့ဆဆ အရပ်ထဲ လှည့်လည် နိုင်ပါပြီဟု၊ ရောဂါပိုးမရှိပါဟု မဆိုလိုပါ။

သည့်ထက် ပိုပြီး ရှင်းအောင်ဆိုရပါလျှင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရ ယူလျက် အမြန်စစ်ဆေးနိုင်သော Test Kits(RDT) များဖြင့် စစ်ဆေးပြီး ပိုးမတွေ့ပါဟု ဆိုတိုင်းလည်း ရောဂါပိုး မရှိပါဟု မပြောနိုင်ပါ။ သို့အတွက် မိမိတို့ဘာသာ တစ်ကိုယ်ရေ ကာကွယ်ခြင်း၊ လက်ဆေးခြင်းသည်သာ အဓိက ကျပါသည်။

ဘာကြောင့် မူဝါဒတွေ လျှော့ချပေးလာ ရသလဲ
ရှင်းအောင် ဆိုရပါလျှင် မနိုင်သဖြင့် လွှတ်ချရခြင်းသာဖြစ်ပါသည်။ စံနှုန်းအရ ယခင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်သည့် စည်းမျဉ်းများနှင့် စံပြုလုပ်ထုံးများသည် အကောင်းဆုံးဖြစ်ပါ သော်လည်း ယင်း ကိုဗစ်-၁၉ သည် အပြီးအပြတ် ချေမှုန်းရန် မဖြစ်နိုင်သည့်ပြင် အခြား မလုပ်မဖြစ်သည့် လူမှု၊ စီးပွားအရေးအရာများနှင့် ပညာရေး စသည်တို့ကို ဘေးကင်းသော အစီအမံများဖြင့် မလွဲမသွေ ဆောင်ရွက်ကြရမည် ဖြစ်သဖြင့် လူတိုင်း မိမိဘာသာ မကူးစက်ဖို့ မိမိတို့ဘာသာ တာဝန်ရှိသည်ဟု ခံယူကာ မိမိကိုယ်ကို မိမိ ကာကွယ်နိုင်ရန်သာ ပညာပေးပြီး မိမိတို့ဘာသာ တာဝန်ယူ၊ တာဝန်ခံစေလျက် အကယ်၍ မလိုက်နာသဖြင့် ဖြစ်စေ၊ မဆင်ခြင် မိသဖြင့်ဖြစ်စေ တစ်နည်းနည်းဖြင့် ကူးစက်မှုခံရပါက ကူးစက်မှု အကျိုး ဆက်ကို ခံရပါမှသာ ကျန်းမာရေးဌာနများမှ လိုအပ်သော ကုသမှုပေးမည့် အနေအထားသို့ လျှော့ချလာကြရခြင်း ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ကူးစက် ပြန့်ပွားမှုနှုန်းသည် ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် မရှိတော့သည့်အတွက်သာ လျှော့ချကြရခြင်းဆိုသည်ကိုတော့ဖြင့် သိကြစေလို ပါသည်။

ပိုးတွေ့သူနှင့် အနီးကပ် ထိစပ် စသည်ဖြင့် ရှာဖွေဖော်ထုတ်ကာ အသွားအလာ ကန့်သတ်ခြင်း၊ သီးခြား ခွဲခြားခြင်း(ကွာရန်တင်း)၊ ပိုးတွေ့သူကို ဆေးရုံ တင်လျက် သီးခြား ခွဲခြားခြင်း (Isolation) တို့၏ အနှစ်ချုပ်မှာ ပိုးတွေ့သူ ဖြစ်စေ၊ ပိုးရှိနိုင်သူကိုဖြစ်စေ တစ်ပါးသူကို ဆင့်ပွား မကူးစက်စေလိုရင်းသည်သာ အဓိက ဖြစ်လေရာ လူတိုင်းသည် ပိုးကူးစက်နိုင် ချေရှိလေသူအဖြစ်သာ သဘောထားလျက် အထက်ဖော်ပြပါ အချက်များဖြစ်သည့်
၁။ နှာခေါင်းစည်း Mask တပ်ရန်၊
၂။ လူစုလူဝေးရှောင်ရန်၊
၃။ လက်မကြာခဏဆေးကြောရန် နှင့်
၄။ ရောဂါ လက္ခဏာများရှိလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြီးကုသမှုခံယူကြရန် စသည့် အခြေခံ အချက်များကိုသာ တိတိကျကျ မပေါ့မဆ လိုက်နာခြင်းကသည်သာလျင် အခရာဖြစ်ပါသည်။

ဘယ်သူက ပိုးတွေ့လို့ ဘယ်နေ့က ဘယ်လို ခေါ်သွားပြီ၊ ငါတော့ မပါဘူး၊ ငါတော့ ပိုးတွေ့လူနာနဲ့ ထိတွေ့မိထားတယ်၊ ဘာလုပ်သင့်လဲ၊ ဘာလုပ်ကြမလဲ စသဖြင့်မကြောက်ဘဲလည်း မနေကြသင့်၊ မိုးမပြိုခင်ကတွေးရွံ့ကာ စိုးကြောက် ၍လည်း မနေကြသင့်ပါချေ။

ကောလာဟလတွေကို နားစွင့်ကာ ကြောက်ချင်ယောင် ဆောင်နေကြမည့်အစား၊ လိုအပ်ပါက ကျန်းမာရေးဌာနမှ ပညာရှင်များနှင့် ဆွေးနွေးကာ အကြံဉာဏ်ရယူကြသင့်ပြီး မိမိတို့ကိုယ်တိုင်ကလျှင် အထက်ဖော်ပြပါ အခြေခံအချက်လေးများကို မမေ့မလျော့ မပေါ့မဆ လိုက်နာကြလျှင်ပင် ကိုဗစ်ဘေးမှ အတော်အတန် လုံခြုံပါပြီဟု ဆိုပါရစေလား။

ကိုရိုးဆေး