လော့ဒေါင်းချခံထားရသည့် မိသားစုများအား ထမင်းဟင်း လာရောက်လှူဒါန်းပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်

0
222
တပ်မတော်ချစ်သူများအဖွဲ့

မြိတ်မြို့ရှိ လော့ဒေါင်းချထားသည့် မိသားစုများသို့ တပ်မတော်ချစ်သူများ ဆိုသည့်အဖွဲ့မှ ထမင်းဟင်းများလာလှူပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် ရာအိမ်မှူးထံမှ သိရသည်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ ချမ်းမြေ့သာယာရပ်ကွက်နှင့် အင်းလေးမြိုင်(၃)ရပ်ကွက်ရှိ လော့ဒေါင်းချထားခြင်း ခံရသည့် လမ်းများထံသို့ နိုဝင်ဘာ ၆ ရက် နံက်က တပ်မတော်ချစ်သူများအဖွဲ့ဟု ဆိုင်းဘုတ်တင်ထားသည့် ကားတစ်စီးမှရောက်လာပြီး ထမင်း၊ ကြက်ဥဟင်းနှင့် ပဲဟင်းချိုများ လာရောက်လှူဒါန်းခဲ့သည်ဟု ယင်းရပ်ကွက် ရာအိမ်မူး ဦးရှိန်ထွန်း ကပြောသည်။

လာရောက်လှူဒါန်းခဲ့သည့် ကြက်ဥဟင်းများကို စားမိပြီးနောက် ညဘက်တွင် အမျိုးသား၊ အမျိုးသမီး လူ ၁၀၀ ကျော်မှာ ဗိုက်အောင့် ဗိုက်နာကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

“ကြက်ဥဟင်းတွေက လာပေးကတည်းက အနံ့သိပ်မကောင်းတော့ဘူး။ စားတဲ့လူက စားလိုက်ကြတယ်။ တချို့ကလည်း မစားဘူး၊ မြောင်းထဲပစ်လိုက်ကြတယ်” ဟု ၎င်းက ပြောသည်။

ထိုသူများအနေနှင့် ဝမ်းလျှောမှု အနည်းဆုံး သုံးကြိမ်မှ ဆယ်ကြိမ်အထိ ဖြစ်သူများရှိခဲ့ပြီး ပဲဟင်းစားမိသူများ ယင်းရောဂါမဖြစ်ဟု ရပ်ကွက်သားများ ကဆိုသည်။

ယင်းသို့ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များအား အကြောင်းကြားခဲ့ရာ ညတွင်းချင်းပင် ကျေးလက် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်များ ရောက်ရှိလာပြီး ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း အဆိုပါရပ်ကွက်ထံမှ သိရသည်။

“အရင်တစ်ကြိမ်လည်း ဒီအဖွဲ့ကလာလူဖူးတယ်၊ ဘာမှမဖြစ်ဘူး။ အခုကဘယ်လိုဖြစ်သွားလဲ ဆိုတာမပြောတတ်ဘူး” ရာအိမ်မူး ဦးထွန်းရှိန်က ပြောသည်။

လက်ရှိတွင် ၎င်းတို့အနက် အများစုမှာ ပုံမှန်အတိုင်း ကျန်းမာရေးပြန်လည် ကောင်းမွန်မူ ရှိလာနေကြောင်း ရာအိမ်မူးနှင့် ရပ်ကွက်သားများ ကပြောပြသည်။

နိုဝင်ဘာ ၇ ရက်နံနက်တွင်လည်း တပ်မတော် တာဝန်ရှိသူအချို့က လာရောက်မေးမြန်းစစ်ဆေးကာ ဆေးဝါးများလည်း ပေးခဲ့ကြောင်း ရာအိမ်မှူးကပြောပြသည်။

ယင်းအဖွဲ့အနေဖြင့် ယခင်ကတည်းက ယခုလိုလာရောက် လှူဒါန်းခြင်းများပြုလုပ်ခဲ့ဖူးပြီး ယခုဖြစ်ရပ်မျိုးတစ်ခါမှ မကြားဖူးဟု ချမ်းမြေ့သာယာရပ်ကွက် ရပ်မိရပ်ဖ ဦးမြင့်ဝေ ကပြောသည်။

မနက်ဖြန်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ မဲပေးလိုသည့် မဲဆန္ဒရှင်များအနေနှင့် မဲရုံသို့သွားရောက်ရန် ရှိနေသည်။

ကိုဆန်း