ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

0
278

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။

စောချစ်မိုက်မိုက်၊ ကရင်ပြည်သူ့ပါတီ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပုလောမြို့နယ်။

မေး- လေ့လာရသလောက်ဆိုရင် တိုင်းထဲမှာ ဘယ်လိုပြဿနာတွေရှိတယ်လို့ ထင်ပါသလဲ။

ဖြေ- တစ်တိုင်းလုံးမှာကတော့ မြေယာ ပြဿနာ တော်တော်များပါတယ်။ သဘာဝသယံဇာတ နဲ့ပတ်သက်ပြီးတော့ ထားဝယ်ဘက်မှာဆိုရင် ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ဖြစ်စဉ်တွေ၊ မိုင်းနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေ၊ ဘုတ်ပြင်းဘက်မှာ ဆိုလည်း မြေယာနဲ့ပတ်သက်တဲ့ဟာတွေ၊ သယံဇာတ ခွဲဝေမှုပြဿနာ၊ ကုမ္ပဏီကိစ္စတွေ အရမ်းကိုရှုပ် နေပါတယ်။ တော်တော်များကို ရှုပ်ပါတယ်။

မေး- အထူးသဖြင့် လျှပ်စစ်မီတာခက တခြားတိုင်းနဲ့ပြည်နယ်တွေထက် ဈေးကြီးပေး သုံးစွဲနေရတဲ့အခြေအနေမှာ ရွေးကောက်ပွဲအနိုင်ရ လို့ ကိုယ်စားလှယ်ဖြစ်လာပြီဆိုရင် လျှပ်စစ်သက်သာ ဖို့အရေး ဘာတွေလုပ်သွားဖို့ရှိလဲ။

ဖြေ- ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီက တနင်္သာရီတိုင်းမှာ ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ ဒီလူနေထိုင်မှုနဲ့ပတ်သက်ပြီးတော့လျှော့ချ မှုပေါ့နော်။ အခွန်နဲ့ပတ်သက်တာရော၊ လျှပ်စစ် မီတာနဲ့ပတ်သက်တာရော၊ ဒီတိုင်းမှာက တခြား တိုင်းနဲ့စာရင် တစ်မူထူးခြားစွာ ဈေးကြီးနေပါတယ်။ အဲဒါကို ကျွန်တော့်အနေနဲ့ လွှတ်တော်ရောက်မယ် ဆိုရင်၊ လွှတ်တော်မှာပြောခွင့်ရမယ်ဆိုရင် မီတာခ နဲ့ပတ်သက်ပြီးတော့ ဖြေရှင်းမယ့် ပြဿနာထဲမှာ ပါပါတယ်။ ဒါပေမဲ့ အကြီးမားဆုံးပြဿနာထဲမှာ ထည့်ထားတာတော့မရှိဘူး။ ဆွဲထားတဲ့ မဟာ ဗျူဟာထဲမှာ အကြီးမားဆုံးမဟုတ်ပေမဲ့ လျှပ်စစ် မီတာခနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ အခြားတိုင်းလိုမျိုး တန်းတူ သုံးစွဲနိုင်ဖို့ပေါ့နော်။ ကျွန်တော်တို့တိုင်းမှာဆိုရင် ဈေးကြီးပေးနေရတဲ့ အခြေအနေ၊ သူများတိုင်းမှာ နည်းနည်းပေးနေရတဲ့ အခြေအနေမှာ ကျွန်တော်တို့က ဘာလို့ဒီလိုမလုပ် နိုင်ရမှာလဲ။ လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ကဒါ ကို လွှတ်တော်ထဲမှာ ပြောဖို့လိုပါတယ်။ လွှတ်တော်အသံပေါ့နော်။ မြန်မာနိုင်ငံထဲမှာမှ တနင်္သာရီ တိုင်း တစ်တိုင်းတည်းက တစ်မူထူးခြားစွာ ဈေးကြီး နေရလဲဆိုတဲ့ပြဿနာကို ဖြေရှင်းသွားဖို့လိုပါတယ်။

မေး- ရွေးကောက်ပွဲမှာအနိုင်ရဖို့ ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ- အများကြီးတော့ မမျှော်လင့်ထားပါဘူး။ ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီ အနေနဲ့ကတော့ တိုင်းရင်းသားကို ဦးတည်တယ်ပေါ့နော်။ ကရင် တိုင်းရင်းသားရယ် ဒီတိုင်းရင်းသားဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့အတွက် အဓိကရည်ရွယ်ထားတယ်ဆို တော့ ကျွန်တော့်အနေနဲ့ သူတို့ကိုသွားပြီးတော့ တွေ့ဆုံဆွေးနွေးတယ်။ အဓိကအားဖြင့်စည်းရုံးပြော ဆိုတယ်ပေါ့နော် စည်းရုံးရေးတွေဆင်းတယ်။ အထူးသဖြင့် သူတို့ရဲ့အခက်အခဲ၊ ပြဿနာ၊ ဒုက္ခတွေကို နားထောင်တယ်။ နဂိုကတည်းက ကျွန်တော်တို့က ဖွံ့ဖြိုးရေးအပိုင်းကို ဦးစားပေး လုပ်ဆောင်တာဖြစ်တဲ့အတွက် ကြိုပြီးတော့သိနေ တယ်ပေါ့နော်။ သိနေတဲ့အတွက်ကြောင့် သူတို့ရဲ့ အခက်အခဲပြဿနာတွေကို သူတို့မြင်အောင်ချပြတယ်။ ချပြပြီးတော့ သူတို့အနေနဲ့ဒါကို လွှတ်တော် ထဲရောက်ပြီးတော့ တန်းတူညီမျှမှုရှိဖို့အတွက် ကျွန်တော်တို့လုပ်ဆောင်ရမယ် ဆိုတဲ့ပုံစံနဲ့ဘဲ့ ပြည်သူတွေကိုစည်းရုံးပြီးတော့ အနိုင်ရဖို့လုပ်ဆောင် တာဖြစ်ပါတယ်။

မေး- ရွေးကောက်ခံရရင် ဘာတွေဦးစားပေး လုပ်ဖို့ရှိလဲ။ ပါတီရဲ့ မူဝါဒတွေဘယ်လိုရှိနေလဲ။

ဖြေ- ကျွန်တော်တစ်ဦးတစ်ယောက်အနေနဲ့ လုပ်ပေးချင်တဲ့ဆန္ဒကတော့ အရမ်းများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီတိုင်းသားတစ်ယောက် မို့ပါ။ အဓိကအားဖြင့် တစ်အချက်က တနင်္သာရီတိုင်းမှာ စိုက်ပျိုးရေးလုပ်တဲ့သူအရမ်းများတယ်။ လုပ်တဲ့သူများသလောက် သူတို့ရဲ့မြေယာပိုင်ဆိုင်မှု တွေက မရှိသလောက်ကို အရမ်းနည်းပါတယ်။ ဥပမာ ပုံစံ(၇) ပေါ့နော် အဲလိုမရှိတဲ့ပြဿနာတွေ ကြောင့် ကုမ္ပဏီတွေကဝင်ဝင်ပြီးတော့ သူတို့ရဲ့လုံ ခြုံမှုကိုထိခိုက်တဲ့အတွက်ကြောင့် အဓိကလုပ်ပေးချင်တာက မြေယာလုံခြုံမှုပေါ့နော်။ နှစ် အချက်ကတော့ စီးပွားရေးပါ။ အဓိကပြောချင်တာက ထုတ်ကုန်၊ ဈေးကွက်နဲ့ပတ်သက်ပြီးတော့ လုပ်ပေးချင် တယ်ပေါ့နော်။ ထုတ်ကုန်ကများပြီးတော့ ဈေးကွက်ကနည်းတယ် မတန်ဘူး။ တန်ဖိုးမရှိသလို ဖြစ်တယ်။ တန်ဖိုးရှိအောင်လုပ်ပေးချင်တယ်။

နောက်တစ်ခုက စိုက်ပျိုးရေးပေါ့နော်။ စိုက်ပျိုးရေးက လူတော်တော်များများ လုပ်ဆောင်တယ်ဆိုပေမဲ့လည်း ထားဝယ်မှာဆိုရင် နှစ်အလိုက် တန်နဲ့ချီ ပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ကုန်တွေဝင် နေတယ်။ မြိတ်ဘက်မှာဆိုလည်း မောတောင်ဘက်၊ ကော့သောင်းဘက်ကနေ ဝင်တာတွေ့ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ ယှဉ်လိုက်မယ်ဆိုရင် သူတို့နိုင်ငံမှာရှိတဲ့မြေက ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ မြေလောက် ကောင်းလားဆိုတော့ မကောင်းဘူးလေ။ သူတို့နိုင်ငံမှာက မြေသြဇာသုံးပြီးစိုက်ပေမဲ့ ကျွန်တော်တို့နိုင်ငံမှာက မြေသြဇာသုံးပြီးစိုက်စရာ မလိုဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော်တို့ စိုက်ပျိုးရေးက သူတို့စိုက်ပျိုးရေး လောက်မကောင်းလဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းပညာတွေ ဖွံ့ဖြိုးဖို့ ဆက်ပြီးတော့လုပ်ဆောင်ပေးမှာရှိတယ်။

နောက်တစ်ခုကျတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်။ ကျွန်တော်တို့ ပုလောမြို့နယ်မှာဆိုရင် လမ်းမမှာ အဆင်ပြေပေမဲ့ လမ်းမမဟုတ်တဲ့နေရာမှာ သွားရတဲ့ခရီးလမ်းက တော်တော်ကြမ်းပါတယ်။ ဝေးလံတဲ့နေရာ အရမ်းများပါတယ်။ အဲဒီအထဲမှာမှ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ ပညာရေးပိုင်းမှာ ဆိုရင် စာသင်ကျောင်းတွေ အဆင်မပြေဘူးပေါ့နော်။ သူတို့ကျောင်းတွေ လုံလောက်မှုမရှိဘူး။ ကျောင်းတွေလည်း အဆင်ပြေသလိုသင်ရတယ်။ အဲဒါတွေ အရမ်းများပါတယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့ ကျန်းမာရေးကုသဖို့အတွက် အရေးပေါ်ကုသမှု လည်းမရှိဘူး။ အဲဒါတွေကို လွှတ်တော်ထဲရောက်ဖို့ အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ ပြောဖို့လို ပါတယ်။ ဒီလိုဖြစ်နေတာအခုထိပေါ့နော် ငါးနှစ်လည်းမကဘူး၊ ဆယ်နှစ်လည်းမကပါဘူး။ တော် တော်များများ ကြာပြီပေါ့နော်။ ဒီဟာတွေကို ကျွန်တော်တို့ကြည့်ခြင်းအားဖြင့် အဲဒါလုပ်ပေးဖို့ အရမ်းကိုလိုအပ်နေပါတယ်။

နောက်တစ်ခုက အလုပ်အကိုင်ပါ။ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်နည်းတူ ယိုးဒယားမှာလည်း အလုပ်အကိုင် ရှိတယ်။ ပုလောမြို့နယ်မှာဆို တော်တော်များများက ယိုးဒယားသွားပြီးတော့ အလုပ်လုပ်ကြတယ်။ ဘာသွားလုပ်လဲမေးရင် တော်တော်များများက ရော်ဘာသွားခြစ်တယ်ပြောတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော မရှိဘူးလား၊ ရှိတယ်လေ။ ရော်ဘာရှိနေလျက်နဲ့ သူများနိုင်ငံမှာ ဘာလို့ သွားခြစ်ရတာလဲ။ ဒီတော့ရှင်းနေတာပဲလေ။ ကျွန်တော်တို့နိုင်ငံမှာ ပေးတဲ့ငွေပမာဏက သူတို့နိုင်ငံကပေးတဲ့ ငွေပမာဏထက်နည်းတော့ ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေကို ဈေးအရမ်းနှိမ်ထားသလို ဖြစ်နေတယ်ပေါ့နော်။ အဲဒါကို မြှင့်တင်ပေးပြီးတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ အရင်းအမြစ်တွေ၊ တိုင်းသူပြည်သားတွေရဲ့ ဝင်ငွေတွေကို ပိုပြီးတော့တိုးတက်အောင် လုပ်ဆောင်ပေးဖို့လည်း အရမ်းအရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ငြိမ်းချမ်းရေး ပေါ့နော်။ ငြိမ်းချမ်းပြီလားလို့ပြောရင် မငြိမ်းချမ်းသေးပါဘူး။ တချို့ဆိုရင် မြေယာအထောက်အထား မရှိတဲ့အခါကျတော့ ကုမ္ပဏီက ဘယ်အချိန်လာသိမ်း မလဲဆိုတာ အမြဲတမ်းပူပင်နေရတယ်။ စစ်မတိုက်လို့ ငြိမ်းချမ်းတယ်လို့ပြောလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ မြေယာလုံခြုံမှုမိသားစုလုံခြုံမှုကလုံခြုံပြီဆိုမှသာ ငြိမ်းချမ်းပြီလို့ပြောလို့ ရတာပါ။

သူတို့ရဲ့မြေကလုံခြုံမှုမရှိတော့ကုမ္ပဏီကဘယ် ချိန်ဝင်သိမ်းမလဲ၊ အစိုးရက ဘယ်ချိန်စီမံကိန်း ချမလဲ၊ သူတို့ရဲ့အတွေးထဲမှာရှိနေတဲ့ အခါကျတော့ မငြိမ်းချမ်းနိုင်ဘူး။ ငြိမ်းချမ်းဖို့နဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကိုလုပ်ပေးဖို့ အစီအစဉ်ရှိပါ တယ်။

ပါတီမှာ ရည်ရွယ်ချက်က ငါးရပ်ရှိပါတယ်။
၁။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေး တိုးတက်မြင့်မားရေးဖြစ်ပါတယ်။ ၂။ ပြည်သူလူထုရဲ့စားဝတ်နေရေးဖူလှုံမှုအတွက် လူတိုင်းစွမ်း ဆောင်ရည်အလိုက် အလုပ်လုပ်နိုင်သည့် အခွင့် အလမ်းဖော်ဆောင်ရန် ဖြစ်ပါတယ်။ ၃။ တရား မျှတသောလူနေမှုစနစ်၊ စီးပွားရေးစနစ်၊ လူမှု အခွင့်အရေးတွေကို ဖော်ဆောင်ရန်ဖြစ်ပါတယ်။ ၄။ ကျွန်တော်တို့က ကရင်ပြည်သူ့ပါတီ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေအတွက်လည်း အဓိကထားလုပ်ဆောင်ပါတယ်။ ဒီတော့ ကရင် မျိုးချစ်စိတ် ရှင်သန်ကြီးထွားရန်အတွက်နဲ့ မျိုးနွယ်စုအလိုက် ရိုးရာစာပေ၊ အနုပညာ၊ ဘာသာရေး၊ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ထုံးတမ်းဓလေ့ကို တန်ဖိုး ထားစောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ၅။ တိုင်းရင်းသား အချင်းချင်း ထုံးတမ်းအစဉ်အလာဓလေ့အရ အပြန်အလှန်တန်ဖိုးထား လေးစားကြပြီး အချင်းချင်း စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်ယုံကြည်မှု ဆောင်နိုင်ဖို့ဖြစ်ပါတယ်။

မေး- လုပ်ချင်တာနဲ့ ပါတီမူဝါဒကနဲ့ကရော ကိုက်ရဲ့လား။

ဖြေ- လုပ်ချင်တာနဲ့ ပါတီမူဝါဒနဲ့ကိုက် ပါတယ်။ လတ်တလောပေါ့နော်၊ ပုလောမြို့နယ်မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေ စိုးရိမ်မှုတွေ၊ ပြည်သူ ရဲ့လိုအပ်ချက်တွေနဲ့ ယှဉ်ပြီး ကြည့်လိုက်တဲ့အခါ ကျတော့ ပါတီမှာရှိတဲ့ ယုံကြည်ချက် ရည်ရွယ်ချက် တွေနဲ့ကိုက်ပါတယ်။ အသုံးအနှုန်းချင်းသာ ကွာချင် ကွာမယ်၊ ရည်ရွယ်ချက်ကအတူတူပါပဲ။

မေး- အခြားဖြည့်စွက်ပြောချင်တာများ ရှိရင် ပြောပေးပါ။

ဖြေ- ဖြည့်စွက်ပြောချင်တာကတော့ ကျွန်တော့ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲက အရမ်းကိုအရေးကြီး ပါတယ်။ တဘက်မှာလည်း ကိုဗစ်ရောဂါကို အလူးအလဲခံနေရတဲ့အချိန်ဖြစ်ပါတယ်။ အရမ်းကို အရေးကြီးတဲ့အချိန်နှစ်ချိန်ကို တစ်ချိန်တည်းမှာ လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးအတွက်စိုးရိမ်ရမယ့်နည်းတူ ကိုယ်ယုံကြည်စိတ်ချရမယ့် အစိုးရတစ်ရပ်ကိုလည်း မဲပေးရမယ့်နေ့ဖြစ်တဲ့ အတွက်ကြောင့် အရမ်းကို စိတ်ရှုပ်နေမှာပေါ့နော်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ အနေနဲ့ ကိုယ်လိုချင်တဲ့အစိုးရဖြစ်ဖြစ်၊ လိုချင်တဲ့အမတ် လောင်းဖြစ်ဖြစ် သေချာစိစစ်ပြီးတော့ ရွေးချယ် ဖို့လိုပါတယ်။ အဓိကပြောချင်တာက ကိုယ်‌ပေးချင် တဲ့မဲတစ်ပြားဟာ ရပ်ရွာ၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးနိုင်တဲ့သူ ဖြစ်လားဆိုတာ သေသေ ချာချာ ရွေးဖို့လိုပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ကရင်ပြည်သူ့ ပါတီက ပထမခြေလှမ်းအနေနဲ့ ဒီတနင်္သာရီကို ရောက်လာခဲ့ပေမဲ့ ကျွန်တော်တို့က တနင်္သာရီတိုင်း မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးကိုရည်ရွယ် ပြီးတော့ ပြည်သူလူထုရဲ့လူနေထိုင်မှု၊လုံခြုံမှုတွေကို ကျွန်တော်တို့ကနေ ပါဝင်ပြီးတော့ လွှတ်တော် မှာရွေးချယ်ဖို့ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည် လက်တွဲလုပ်ဆောင်ဖို့အတွက် မျှော်လင့်ပါတယ်။ ပြည်သူလူထုအားလုံးကိုလည်း ဒီလိုအချိန်အခါမှာ ကျန်းမာရေးကို အထူးဂရုစိုက်ပါလို့ပြောချင်ပါတယ်။


ဒေါက်တာ ညိုညိုသင်း၊ တစ်သီးပုဂ္ဂလ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၉

မေး- ဒေသခံတွေ့ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာသုံးခုက ဘာတွေ ဖြစ်မလဲဗျ။

ဖြေ- အန်တီကတော့ တနင်္သာရီတိုင်းမှာ တနင်္သာရီဒေသခံတွေနှင့်ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတော့ သုတေသနပညာရှင်တွေကို ခေါ်ပြီး လူထုလိုအပ်ချက်စစ်တမ်းတစ်ခုလုပ်ခဲ့တယ်။ စစ်တမ်းကောက်ယူပြီး တနင်္သာရီမြို့နယ်ရဲ့ လက်ငင်းလိုအပ်ချက် ၆၀ဝ ကျော်ထွက်လာခဲ့တယ် အဲဒီလိုအပ်ချက် ၆၀ဝ ကျော်ကို ခေါင်းစဉ် ခြောက်ခုခွဲထားတယ်ပေါ့။ ဒီ ခြောက်ခုမှာ လူထုလိုအပ်ဆုံး ကတော့ လျှပ်စစ်မီး ရရှိဖို့ ပြဿနာဖြစ်တယ်။

ရွာ ၁၅၀ လောက်က လျှပ်စစ်မီး မရှိဘဲနေကြတယ်။ လျှပ်စစ်မီး ပြဿနာဟာ တနင်္သာရီမြို့ နယ်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တယ်။ နောက်တစ်ခုကတော့ စာသင်ကျောင်းလိုအပ် ချက်မြင့်မားတယ်။ ဆေးရုံ သုံးရုံသာရှိတဲ့ တနင်္သာရီမြို့နယ် အတွက် ဆေးရုံ ဆေးခန်းလိုအပ်ချက် မြင့်မားခြင်း နှင့်အတူ လမ်းတံတားလိုအပ်ချက်များလည်း များစွာရှိတယ်။

လမ်းတံတားတွေ့ တည်ဆောက်တဲ့ ကုမ္ပဏီ တချို့ဟာလည်း စံချိန်စံညွန်းမပြည့်တဲ့ လမ်းများကိုတည်ဆောက်ထားတာလည်း အန်တီတို့တွေ့ရတယ်။ တနင်္သာရီမြို့နယ်မှာ စံချိန်စံညွန်းပြည့်မီတဲ့ လမ်းတံတားတွေ ပေါ်ထွက်ဟာလည်း အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ အနည်းဆုံး လိုအပ်ချက် သုံးခုလောက် ဆိုပေမဲ့လည်း တနင်္သာရီ မြို့နယ်အတွက် တစ်ပြိုင်နက်တည်း လုပ်ရမှာက လေးခုလောက် ရှိနေတယ်။ စစ်တမ်းကောက်ယူပြီး လူပေါင်း ၈၅၀ ကိုမေးခွန်းထုတ်လိုက်တဲ့အခါ အနည်းဆုံး လေးချက်လောက် ပေါ်ထွက်လာတယ်‌ပေါ့။ တနင်္သာရီမြို့နယ်က လူ‌တွေက နိုင်ငံ‌ရေး သိပ်နားမလည်ကြပါဘူး။ ဥပမာပြောမယ်ဆို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပြင်ဆင်ရေးကိစ္စတို့၊ ဒီမိုကရေစီ ခိုင်မာရေးကိစ္စတို့ မပြောကြတာ အံသြတယ်။

အများစုပြောတာက စားဝတ်နေရေး ဖူလုံရေး၊ လမ်ပန်းဆက်သွယ်ရေး၊ ကောင်းမွန်ရေး၊ လျှပ်စစ် မီးရပြီး လူလူသူသူနေထိုင်ရေးနဲ့ ကလေးတွေက သူတို့ကျောင်းမှာသာ ကျောင်းတက်နိုင်ရေး၊ နာမကျန်းရင် ဆေးရုံဆေးခန်းတွေမှာ အလွယ်တကူပြ သနိုင်ရေးကိုပဲဦးစားပေး ပြောတာတွေ တွေ့ရတယ်။ ဒါကတော့ထူးခြားချက်တွေ့ရတယ်ပေါ့။

တနင်္သာရီမြို့နယ်က နိုင်ငံရေးအကြောင်းတွေ သိပ်မသိကြဘူး။ ဘာလို့ဆိုတော့ အန်တီတို့ ရန်ကုန်မှာဆိုရင် လူတိုင်းသိနေကြတဲ့ သတင်းတစ်ခုကို တနင်္သာရီမြို့နယ်က လူတွေ့က မသိကြဘူး။ ဒါက ဘာလဲဆိုတော့ ညဘက်ရောက်တော့မှ နှစ် နာရီ၊ သုံးနာရီလောက်ပေးတဲ့မီးနဲ့ ဖုန်းအားတွေကို ဖြည့်ပြီးသုံးရတဲ့အတွက်ကြောင့် သူတို့ရဲ့ သတင်း သိရှိမှု အနေအထားက အင်မတန်မှနှိမ်ကြတာကို တွေ့မြင်ရပြီးစိတ်မကောင်းဖြစ်ရတယ်။ တနင်္သာရီမြို့နယ်ဟာ ရွာပေါင်း၂၀ဝ ကျော်က လူနေမှု အဆင့်အတန်းနိမ့်ကြတာကို သိရတယ်။ အခြားတိုင်းတွေနဲ့ ယှဉ်လျှင် ခွင့်တူညီမျှမှု မရှိတာကိုသိရတယ်။ အိမ်သုံးမီးတွေရရှိဖို့ နှစ်နာရီရရှိတဲ့ နေရာကနေ လေးနာရီ ရရှိဖို့၊ ၁၂ နာရီသာ ရရှိနေရာကနေ ၂၄ နာရီရရှိဖို့ အတတ်နိုင်ဆုံး‌ဈေးနှုန်းသက်သက်သာသာနဲ့ အစိုးရမီး ရရှိ‌အောင်လုပ်ဆောင်သွားမယ့် အစီအစဉ်ရှိတယ်။ လျှပ်စစ်မီးဆိုတာက တနင်္သာရီ မြို့နယ်အတွက် သူတို့ ဘဝသက်ရောက်မှုကြီး လိမ့်မယ်လို့ မထင်ခဲ့ဘူး။ တနင်္သာရီမြို့နယ်က ဒေသခံ ပြည်သူတွေ့နဲ့ ထိတွေ့လိုက်တဲ့အခါမှာ လျှပ်စစ်မီး မရရှိတဲ့အတွက်ကြောင့် သူတို့ရဲ့သတင်းသိရှိနိုင်မှု၊ သတင်းအချက်အလက်ရယူနိုင်မှုအပိုင်းမှာ အရမ်း အားနည်းတာကြောင့် အဘက်ဘက်မှာ နိမ့်ကျကြောင်းတွေ့ရတယ်။ လျှပ်စစ်မီးကို ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်တာတွေ့ကို ဆန့်ကျင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ဓာတ်အားထုတ်ယူမှု အစီအစဉ်တွေလည်း ရှိပါတယ်။ ရွာတွေ့ရာနဲ့ချီပြီး လာမယ့် ငါးနှစ်အတွင်းမှာ လျှပ်စစ်မီး ရရှိအောင်လုပ်သွားဖို့ ကြိုးစားထားပါတယ်။

မေး- ရွေးကောက်ပွဲအနိုင်ရဖို့လက်ရှိ ဘာတွေလုပ်ဆောင်နေသလဲ။

ဖြေ- အန်တီကတော့ ရွာတိုင်းလိုလို ရွာသေးသေးတွေပါမကျန်၊ အိမ်ခြေ ၂၀ လောက်ရှိတဲ့ ရွာတွေ့ကအစ ပြည်သူလူထုနဲ့တွေ့ဆုံခဲ့တယ်။ အန်တီတို့ မရောက်တာ ဒေသတစ်ခုပဲကျန်ခဲ့တယ်။ အဲဒီ‌‌နေရာက ပါတီကြီးနှစ်ခုကလွဲပြီး ဘယ်ပါတီ မရောက်နိုင်တဲ့ ဒေသဖြစ်တဲ့အတွက် ဒီဒေသကို မရောက်နိုင်လို့ လူထုကိုရှင်းပြထားပြီးပါပြီ။ ကိုဗစ်-၁၉ ပြဿနာကြောင့် လူ ၅၀ ထက် မစုရတာကြောင့် အန်တီကလည်း ဥပဒေသမားဖြစ်တာကြောင့် အစည်းအဝေးမလုပ်နိုင်ဘူး။ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်မှုအပိုင်းမှာ စည်းကမ်းချိုးဖောက်နေတဲ့ ပါတီကြီးတွေထက် စာရင် နည်းတယ်။ ပါတီကြီးတွေက စည်းကမ်း ချိုးဖောက်ပြီး လူဦးရေ ၅၀ ထက် မနည်း၊ ၁၀ဝ ထက်မက စုကြတဲ့အတွက် အန်တီတို့ထက် ပိုမဲဆွယ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ အန်တီ က ဥပဒေသမားဖြစ်တာကြောင့် နိုင်ငံရေးသမားထဲမှာ တရားဥပဒေကို လိုက်နာစောင့်ထိန်းတဲ့ နိုင်ငံ ရေးသမားကောင်းဖြစ်ချင်လို့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်ကို အတိအကျလိုက်နာတယ်။

မဲဆွယ်ရာမှာ လူ ၅၀ ထက်မစုတာကြောင့် ပါတီကြီး နှစ်ခုနဲ့စာရင်တော့ အားနည်းတာ အမှန်ပါပဲ။ ဒါပေမဲ့ အန်တီမဲဆွယ်တဲ့ ပြည်သူတိုင်းက လက်ခံကြတယ်။ မဲပေးမယ်လို့ ကတိလည်း ပေးကြတယ်။

မေး- ရွေးခံရမယ်ဆိုလျှင်ဘာတွေဦးစားပေး လုပ်ဆောင်ဖို့ရှိလဲ။

ဖြေ- လူထုလိုအပ်ချက်ဟာ ဒေသခံနိုင်ငံရေး သမားတွေမှာ မရှိတာကြောင့် လူထုစစ်တမ်းကို တစ်လခန့်သာ လုပ်ရတယ်။ တချို့အားနည်း ချက်တွေရှိတယ်။ လူထုလိုအပ်ချက် ခြောက်ရာကျော်ကို လာမယ့် နှစ်နှစ်အတွင်း ပြုလုပ်ပေးသွားမယ်။ ရွာပေါင်း ၂၀ဝ ကျော်အတွက် လူထု လိုအပ်ချက်ခြောက်ရာကျော်ဟာ အခြေခံလိုအပ် လိုအပ်ချက် ဖြစ်တယ်။ မီး၊ လမ်း၊ ဆေးရုံ၊ တံတား၊ ကျောင်း စသဖြင့် ကျောင်းတွေဟာဆိုရင်ဖြင့် ကလေးတွေဟာ နာရီပေါင်းများစွာ လမ်း လျှောက် ပြီး ကျောင်းတက်ရတာတွေ တွေ့ရတယ်။ ကိုယ်ဝန်ဆောင်သည်တွေ ဆေးခန်းမရှိတဲ့အတွက် ကိုယ်ဝန် ဆောင်သည်တွေ အင်မတန်ဒုက္ခရောက် ရတဲ့ ရွာတွေလည်း တွေ့ရတယ်။ အဲဒီလိုအပ်ချက် ခြောက်ရာကျော်လောက်ကို ဒီနှစ်နှစ်အတွင်း လုပ်ဆောင်သွားမယ်ပေါ့။

မေး- ဆရာမက တစ်သီးပုဂ္ဂလဆိုတော့ လုပ်ချင်တာတွေကို အပြည့်အဝလုပ်နိုင်ပါ့မလား။

ဖြေ- အန်တီက တစ်သီးပုဂ္ဂလဖြစ်သည့်အတွက် နိုင်ငံရေး ပါတီလိုမျိုး အာဏာယူပြီးတော့ ဝန်ကြီးလုပ် ဝန်ကြီးချုပ်လုပ် သမ္မတလုပ်ပြီးတော့ နိုင်ငံရေးလုပ်နိုင်တဲ့သူမျိုး မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီဆိုတာက အစိုးရအဖွဲ့ အာဏာယူပြီး နိုင်ငံရေး လုပ်ကြတယ်။ အန်တီတို့ တစ်သီးပုဂ္ဂလအနေနဲ့က ပြည်သူတွေ့ရဲ့လိုအပ်ချက်ကို လွှတ်တော်ထဲမှာ တင်ပြရုံမက တနင်္သာရီမြို့နယ်အထဲမှာ လူထုလို အပ်တဲ့ အမျိုးသားတန်တူရေးအခြေခံမူကို ကိုင်စွဲ ပြီး လိုအပ်တဲ့ရန်ပုံငွေကို တိုင်းဒေသကြီးအတွက် ရန်ပုံငွေရရှိအောင် တိုက်ပွဲဝင်သွားမယ်။ တစ်သီး ပုဂ္ဂလနိုင်ငံရေးသမားဟာ အစိုးရမဖွဲ့ဘူးဆိုတာ အမှန်ပါ။ ဒါပေမဲ့ အစိုးရမဖွဲ့လို့ မဲမပေးရဘူးဆိုတာ မှားတယ်။ အစိုးရမဖွဲ့ပေမဲ့ ပြည်သူလူထုကိုယ်စားပြုတဲ့ ကိုယ့်စားလှယ်ကောင်း တစ်ယောက်အနေနဲ့ လွှတ်တော်ထဲမှာ လူထုရဲ့ လိုအပ်ချက်ကို ရဲရဲ ဝံ့ဝံ့တင်ပြပြီးတော့ အစိုးရတွေကောင်းမွန်လာအောင်၊ အစိုးရတွေကို သန့်ရှင်းလာအောင် ပြည်သူ လူထုဘက်ကနေ ရပ်တည်ပြီး မားမားမတ်မတ်ရပ် တည်မယ့် ကိုယ်စားလှယ်ကောင်းတစ်ယောက်ဖြစ်တယ်။

အန်တီမှာ ကိုယ်ပိုင်မူဝါဒ မရှိတဲ့အတွက်ကြောင့် သူရဲ့ ကိုယ်ပိုင်မူဝါဒဟာ သူ့မူဝါဒဖြစ်တယ်။ ပါတီမရှိတဲ့အတွက်ကြောင့်ပါတီရဲ့ စည်းကမ်းတွေ ပါတီအများစုက ဗဟိုချုပ်ကိုင်မှုများကြတယ်။ အန်တီတို့ တစ်သီးပုဂ္ဂလအနေနဲ့ ပါတီရဲ့ချုပ်ကိုင် မှုမရှိတဲ့ အတွက်ကြောင့် ပြည်သူနဲ့ တစ်သီးပုဂ္ဂလ တိုက်ရိုက်ဆောင်ရွက်ရတဲ့အတွက်ကြောင့် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့စာရင် ပြည်သူတွေ့ ရဲ့လိုအပ်ချက်ကို မြန်မြန်ဖြည့်ဆည်းပေးနိုင်တယ်။ အန်တီတို့တစ်သီးပုဂ္ဂလအနေနဲ့ အထက်ကိုတင်ပြပြီး အလုပ်လုပ်ရတာ မဟုတ်တဲ့ အတွက်ကြောင့် မြန်မြန်ဆန်ဆန် လူထုရဲ့လိုအပ်ချက်ကို လွှတ် တော်ထဲမှာ တင်ပြနိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ စာရင် လွတ်လပ်ပြီး လုပ်နိုင်စွမ်းရှိတဲ့ တစ်သီး ပုဂ္ဂလအမတ်မျိုးသာ လူထုရဲ့လိုအပ်ချက်ကို ဖြည့် စွမ်းနိုင်တယ်။ တစ်သီးပုဂ္ဂလကို နားမလည်တဲ့ တောသူတောင်သားတွေ အများကြီးရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးဆိုင်ရာ အသိပညာပွင့်လင်းဖို့ နိုင်ငံရေးသမားတွေ ကြိုးစားရဦးမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အများကြီးအလုပ်လုပ်ဖို့ လိုသေးတယ်လို့ အန်တီပြောချင်တယ်။

မေး- မဲဆွယ်စည်းရုံးရေးဆင်းရာမှာ အန်တီအနေနဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာဖြစ်မလဲ။

ဖြေ- မဲဆွယ်စည်းရုံးရေးဆင်းရာမှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ အထူးသဖြင့် အနီရောင်ပါတီ ထောက်ခံသူတွေက နည်းမျိုးစုံနဲ့ နှောင့်ယှက်တာကိုလည်း တွေ့ရတယ်။ မဲဆွယ် စည်းရုံးရေးဆင်းမယ့် နေရာကိုလည်း ကြိုသိနေ တာကြောင့် စကားပြောမယ့် အိမ်ရှေ့တွေ့မှာ သီချင်း လာဖွင့်တာတွေ၊ လက်ကမ်းစာစောင်ဝေလို့မရအောင် နှောင့်ယှက်တာမျိုးတွေ၊ ပြီးတော့ လူ ၅၀ ထက်ပိုပြီး အနီရောင်ဝတ်ကားကြီးတွေ ရောက်လာပြီး စိတ်အနှောင့်အယှက် ဖြစ်တာတွေလည်း တွေ့ရှိရတယ်။ ပြီးတော့ အဲဒီဖြစ်ရပ်တွေက တစ်ကြိမ်ထက်မက သုံးကြိမ်ကျော်နေပြီ။ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတော့လည်း စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ခေါ်ပြီး ရှင်းပေးပါတယ်။ ဒါပေမဲ့ အန်တီရဲ့ ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ပြောဆိုချက်အရ ထောက်ခံသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောတယ်။ အဲဒါအပေါ်တာဝန်မယူ နိုင်ဘူးလို့လည်း ပြောတယ်။ အမှန်ကတော့ ဥပဒေနဲ့ လွဲပါတယ်။ ဥပဒေမှာက မိမိရဲ့မဲဆွယ်လုပ်ရှားမှု ကို မိမိရဲ့အောင်နိုင်ရေးအတွက် ကိုယ်က မသိဘဲနဲ့ အခြားသူတွေ ဆောင်ရွက်ခွင့် မရှိပါဘူး။

ရွေးကောက်ပွဲဥပဒေမှာဆိုရင် တရားမဲ့ပြုကျင့်မှု ဖြစ်တယ်။ တနင်္သာရီမြို့နယ်မှာ တွေ့နေရတဲ့ ကိုယ်စားလောင်းတွေ ရွေးကောက်ပွဲ ဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုတာ ဘာလဲ မသိကြဘူး။ အဲလိုမသိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ထောက်ခံသူတွေလုပ်တာဟာ ကိုယ်နဲ့ မဆိုင်ဘူးလို အမှတ်မှားနေကြတဲ့အတွက် ကြောင့် ရွေးကောက်ပွဲ ဥပဒေမှာ တရားမဲ့ပြုကျင့်မှုလို့ ခေါ်တာပါ။ တနင်္သာရီ မြို့နယ်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလောင်းအနေနဲ့ တရားမဲ့ပြုကျင့်မှုဆိုတာ ဘာလဲဆိုတာကို ကျေကျေညက်ညက် သေသေ ချာချာသိသင့်တယ်လို့ အန်တီပြောချင်တယ်။ အဲလိုမသိမှုတွေဟာ အန်တီတို့အတွက် ကြီးမားတဲ့ အခက်အခဲ၊ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်။ ဘာလို့ဆိုတော့ အန်တီတို့က ဥပဒေနေနဲ့ လှုပ်ရှား တဲ့ ရုန်းကန်စည်းရုံးရေးဆင်းနေတဲ့ အချိန်မှာ ဥပဒေကို မသိတဲ့အတွက်ကြောင့် ပြိုင်ဘက်ရဲ့ ရွေးကောက်ခံခွင့်ကို နှောင့်ယှက်တာတွေ၊ ကိုယ့် ကိုဝန်းရံသူတွေကို ထိထိရောက်ရောက်ကာကွယ် တားဆီးမှု မရှိတာကြောင့် အန်တီတို့မှာ စိန်ခေါ် မှုများစွာ ဖြစ်တယ်။ ပြီးတော့ ရွေးကောက်ပွဲ ဥပဒေ ရှိပါရဲ့နဲ့ ရွေးကောက်ပွဲဥပဒေအတိုင်း မလုပ်နိုင်တာက ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလောင်းတွေအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်တယ်။


ရွေးကောက်ပွဲအထူးကဏ္ဍအတွက် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ကိုယ်စားလှယ်အချို့ကို တွေ့ဆုံ/ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က လက်မခံခဲ့သောကြောင့် NLDပါတီမှ ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲအသံကို ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပါ။