ကျိုက်ထီးရိုးအပါအဝင် မွန်ပြည်နယ် အထင်ကရဘုရားပွဲများ မကျင်းပဖြစ်

0
326
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင်းက နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် အထင်ကရ ဘုရားပွဲတော်များဖြစ်သည့် ကျိုက်ထီးရိုးဘုရားနှင့် ကျိုက္ခမီဘုရားပွဲတော်ကို ကိုဗစ်ကူးစက်ရောဂါကြောင့် ကျင်းပဖြစ်တော့မည်မဟုတ်ကြောင်း ဘုရား ဂေါပကအဖွဲ့တို့ထံမှ သိရသည်။

ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်ကူးစက်ရောဂါကြောင့် ဘုရားပွဲ ကျင်းပဖြစ်တော့မည် မဟုတ်ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်း က ပြောသည်။

ကိုဗစ်ကူးစက်ရောဂါဖြစ်စ မတ်လကတည်းက ကျိုက်ထီးရိုးဘုရား တောင်ပေါ်သို့ မော်တော်ယာဉ်ဖြင့် တက်ရောက်ခြင်းကို ပိတ်ပင်ထားခဲ့သည်။

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

“ကားလမ်းကတော့ ပိတ်ထားတယ်။ ဘုရားလာဖူးလို့ ရပါတယ်။ တောလမ်းကနေ ခြေလျင်နဲ့ တက်လာ လို့ရပါတယ်။ ဒါပေမဲ့ ကိုဗစ်ဒုတိယ လှိုင်းမှာတော့ လာတဲ့လူတွေ မရှိတော့ဘူး” ဟု ကျိုက်ထီးရိုးဘုရား ဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သိန်းနှင့်ချီ လာရောက်လေ့ရှိပြီး အထူးသဖြင့် ဘုရားပွဲတော်စသည့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူး သောင်းနှင့်ချီရှိသည်ဟုလည်း ဂေါပက အဖွဲ့က ပြောသည်။

ကျိုက်ထီးရိုးဘုရားကဲ့သို့ ပြည်တွင်းပြည်ပ ဘုရားဖူးများလာရောက် လေ့ရှိသည့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျိုက္ခမီရေလယ်ဘုရားပွဲတော်ကိုလည်း ကိုဗစ်ကူးစက်ရောဂါကြောင့် ကျင်းပဖြစ်တော့မည်မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့က ကြေညာထားသည်။

ကျိုက္ခမီရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၉ ရက် နေ့မှ လပြည့်ကျော် ၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပလေ့ရှိသည်။

“ဘုရားလာဖူးတာကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး” ဟု ကျိုက္ခမီဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ အထင်ကရ ဘုရာပွဲတော်များအပြင် သီတင်းကျွတ် ကာလတွင် ကျင်းပလေ့ရှိသည့် ရပ်ကွက်အလိုက် ဘုရားပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များလည်း ကိုဗစ်ကူးစက်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိပေ။