စက်ဆီချောဆီတင်သွင်းက လုပ်ငန်းလိုင်စင် လုပ်ရမည်

0
251
Dawei Watch, Dawei News, Dawei News Media

ပြည်ပမှ စက်ဆီ ချောဆီ တင်သွင်းပါက လုပ်ငန်းလိုင်စင်လုပ်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနထံမှ သိရသည်။

အင်ဂျင်ဝိုင်၊ ဘရိတ်ဆီစသည့် စက်ဆီချောဆီတင်သွင်းခွင့် လုပ်ငန်းလိုင်စင်ကို ယခုလမှစတင်ကာ လျှောက်ထားရမည်ဖြစ်သည်။

လိုင်စင်လျှောက်ထားချိန်တွင် တင်သွင်းမှုအဆင်ပြေစေရန် တင်သွင်းသည့်အကြိမ်တိုင်းကို နမူနာယူကာ ဓာတ်ခွဲစစ်ဆေးပြီး တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန် ထားသည်။

ယင်းသို့ ဖြေလျော့ပေးခြင်းကို နိုဝင်ဘာလကုန်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းတွင် စက်ဆီချောဆီထည့်သည့် ဘူးပေါ်တွင် ဌာန၏ ကုတ်အမှတ်အသားရိုက်နှိပ် ဖော်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်ငန်းလိုင်စင်ကို နေပြည်တော်ရှိ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးချုပ်ထံ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်သက်တမ်းကို တစ်နှစ် သတ်မှတ်ထားသည်။

လိုင်စင်လျှောက်လွှာအတွက် တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါဌာနမှ ကြီးကြပ်စစ် ဆေးရေးအရာရှိ ဦးအောင်ဇော်ချစ်က ဆိုသည်။

ထိုကဲ့သို့ အရည်အသွေးစိစစ်ပြီးလုပ်ငန်းလိုင်စင်ဖြင့် တင်သွင်းပါက အရည်အသွေးမီပစ္စည်းများသာ ဝင်ရောက်လာမည် ဖြစ်သည့်အတွက် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင်လည်း ထိုင်းနိုင်ငံမှ တင်သွင်းနေသည့် စက်ဆီချောဆီများ ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။