တနင်္သာရီတိုင်းရွေးကောက်ပွဲ သောင်းပြောင်းထွေလာ

0
251
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းမှ ကိုယ်စားလှယ်လောင်း ၂၂၆ ဦး ဝင်ပြိုင်ကြမည်။

ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ငါးဦးတို့က တနင်္သာရီတိုင်းအတွင်းရှိ ကိုယ်စား လှယ်နေရာ ၄၃ ခုအတွက် ဝင်ပြိုင်ကြမည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခွင့်ကို နှစ်လကြိုတင်၍ ခွင့်ပြုထားခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အဆီအငေါ်မတည့်မှုများကို ဖော်ပြပါမည်။

ကိုဗစ်အန်တု အင်အားပြမှု
လက်ရှိတွင် အာဏာရ NLDပါတီ အပါအဝင် ပါတီအများစုက အင်အားပြ မဲဆွယ်ပွဲများကို ကိုဗစ်ကပ်ဘေးကြားမှ အဆက်မပြတ် ပြုလုပ်နေကြသည်။

ကိုဗစ်ကပ်ဘေးကြောင့် လူအစု အဝေးဖြစ်စေမည့် ပွဲလမ်းသဘင်၊ ရိုးရာပွဲ၊ အခမ်းအနားများ ကျင်းပခြင်းကို တားမြစ်ထားသော်လည်း မဲဆွယ်ပွဲများ မှာမူ အရှိန်အဟုန်ဖြင့် လုပ်နေကြဆဲဖြစ်သည်။

ထိုအခြေအနေတို့ကို ရွေးကောက်ပွဲကော်မရှင်ကလည်း ထိထိရောက်ရောက်ကိုင်တွယ်နိုင်ခြင်းမရှိပေ။

ယှဉ်ပြိုင်မှု ပြင်းထန်
ယင်းအခြေအနေများ လက်ရှိ ရွေးကောက်ပွဲမှာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် ပြိုင်ဆိုင်မှုပိုပြင်းထန်နိုင်ကြောင်း ဖော်ပြနေသည်။

ထားဝယ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ရွေးကော်)ဥက္ကဋ္ဌ ဦးစိုးလွင်၏ ပြောဆိုမှုကလည်း ယင်းအချက်ကို ထောက်ခံပြသနေသည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲကျင်းပ ချိန်ကလည်း အထက်ပါတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိရွေးကောက်ပွဲအကြိုကာလ အခင်းအကျင်းတွင် နိုင်ငံရေးပါတီများ အားပြိုင်မှု ပိုမိုပြင်းထန်နေပြီး တင်းမာမှုဘက်ကို ဦးတည်နေကြကြောင်း ဦးစိုးလွင်က ဆိုသည်။

“အရင်ကဆိုရင် ဒီပါတီရဲ့ လှုပ်ရှားမှုကို ဒီ(အခြား) ပါတီက စောင့်ကြည့်တာလောက်ပဲ။ အခုက ဒီပါတီက လှုပ်ရှားရင် ဒီပါတီ ကလည်း အတိုက်အခံ လုပ်ပြီးလှုပ်ရှားတယ်” ဟု ၎င်းက ပြောသည်။

အမှုအခင်းများဖွယ်ရှိ
ထိုကဲ့သို့ အခြေအနေက ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ပါတီ တစ်ခုနှင့်တစ်ခု ကန့်ကွက်တိုင်ကြားမှု ပိုများလာနိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင်ပင် ကိုယ်စားလှယ် လောင်းအချို့၏ မဲဆွယ်ပိုစတာ ဖျက်ဆီးခံရမှုများ ကြုံတွေ့နေရသည်။

မြိတ်မြို့တွင်ပင် အောက်တိုဘာလအတွင်း အနည်းဆုံးပါတီ လေးခု၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ငါးခုခန့် ဖျက်ဆီးခံရပြီးဖြစ်သည်။

မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်သည့် ဖြစ်စဉ်များလည်း ရှိနေခဲ့သည်။

“အနီရောင်ပါတီ ထောက်ခံသူတွေက နည်းမျိုးစုံနဲ့ နှောင့်ယှက်တာကိုလည်း တွေ့ရတယ်။ မဲဆွယ်စည်းရုံးရေး ဆင်းမယ့် နေရာကိုလည်း ကြိုသိနေတာကြောင့် စကားပြောမယ့် အိမ်ရှေ့တွေမှာ သီချင်းလာဖွင့်တာတွေ၊ လက်ကမ်း စာစောင်ဝေလို့မရအောင် နှောင့်ယှက် တာမျိုးတွေ၊ ပြီးတော့ လူ ၅၀ ထက်ပိုပြီး အနီရောင်ဝတ်ကားကြီးတွေ ရောက်လာပြီး စိတ်အနှောင့်အယှက် ဖြစ်တာတွေလည်း တွေ့ရှိရတယ်” ဟု တနင်္သာရီ တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ မှ ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။

မဲပေးနည်းဗျူဟာသစ်
လက်ရှိတိုင်းအတွင်း ဝင်ပြိုင်မည့် ပါတီများအနေဖြင့် NLDနှင့် USDP ကဲ့သို့ ပါတီကြီးနှစ်ခုအပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကဲ့သို့ ပါတီ အသစ်များလည်း ပေါ်ထွက်လာကြ သည်။ NLD၊ USDP နှင့် UBP တို့မှာ မဲဆန္ဒနယ်မြေအားလုံးတွင် တိုင်းလုံးကျွတ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ထို့အပြင် မွန်၊ ကရင်နှင့် ထားဝယ် ကဲ့သို့သော တိုင်းရင်းသားပါတီများလည်း ယခင်ထက် ပိုမိုအားကောင်းလာ ကြသည်။

ယင်းသို့သောအခင်းအကျင်းတွင် တိုင်းရင်းသားပါတီအချို့နှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက မဲထည့်ရမည့် နည်းဗျူဟာအသစ်တစ်ခုကို စတင်မိတ်ဆက်လာကြသည်။

မဲပေးခွင့်ရှိသူတစ်ဦးလျှင် ပျမ်းမျှ အားဖြင့် ဆန္ဒမဲသုံးပြားပေးခွင့်ရှိသည့်အနက် တိုင်းဒေသကြီးလွှတ်တော်ဆန္ဒမဲ ကို၎င်းတို့ကိုပေးပြီး ကျန်သည့်နှစ်မဲကို အစိုးရဖွဲ့နိုင်သည့်ပါတီကို ပေးနိုင် ကြောင်း ပြောဆိုစည်းရုံးလာကြခြင်းဖြစ်သည်။

အကြောင်းမှာ တိုင်းဒေသကြီး လွှတ်တော်အတွက် အခြားပါတီကို မဲပေးခြင်းကြောင့် ဗဟိုအဆင့် အစိုးရ ဖွဲ့စည်းရေးတွင် မဲကွဲစေမည်မဟုတ် သောကြောင့် ဖြစ်သည်။

ထို့အတူ တိုင်းဒေသကြီးလွှတ်တော်တွင် ပါတီတစ်ခုတည်းက လွှမ်းမိုးနေခြင်းထက် အရောင်စုံသည့် လွှတ်တော်ကသာ တိုင်းအရေးကို လုပ်ဆောင်ရာတွင် အားကောင်းမောင်းသန်ပိုဖြစ်စေသည်ဟု ၎င်းတို့က ယုံကြည်နေကြသည်။

ဒိုင်လူကြီးအပေါ် သံသယ
ထိုသို့သောအခြေအနေမျိုးတွင် လက်ရှိအာဏာရပါတီကို ယှဉ်ပြိုင်သည့် တိုင်းရင်းသားပါတီ၊ ပါတီအသစ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအပေါ် ပုတ်ခတ်ဝေဖန်မှုများလည်း အရှိန်မြင့်လာသည်။

ယင်းပါတီများမှာ တပ်မတော် (စစ်တပ်) နောက်မြီးဆွဲများ၊ USDP လက်ဝေခံများ၊ မဲကွဲအောင်လုပ်မည့် သူများ အစသဖြင့် ပုတ်ခတ်ပြောဆို ကြခြင်းဖြစ်သည်။ ဖေ့ဘုတ်လူမှု ကွန်ရက်ပေါ်တွင် အများဆုံးပြောဆို ကြသည်။

ထိုကဲ့သို့အခြေအနေမျိုးတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှာ အာဏာရပါတီသို့ ဘက်လိုက်သည်ဆိုသည့် သံသယနှင့် စွပ်စွဲမှုများလည်း ရှိနေသည်။

တိုင်းဒေသကြီးလွှတ်တော်အတွက် သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးနိုင်ဝင်းထိုက်ကလည်း ရွေးကောက်ပွဲအဖွဲ့ခွဲအဖွဲ့ဝင်အချို့မှာ ဘက်လိုက်နေမှုများရှိနေသည်ဟု ဆိုသည်။

၎င်း၏မဲဆန္ဒနယ်တွင် လက်ရှိ အာဏာရပါတီအတွက် မဲဆွယ်စည်းရုံးပေးပြီး နေအိမ်တွင် ပါတီအလံစိုက်ထူ ထားသည့် ရပ်ကျေးရွေးကော် အဖွဲ့ဝင် အချို့ရှိနေသည်ဟု ဆိုသည်။

ယင်းအပြင် မဲသုံးပြားစလုံးကို ပါတီတစ်ခုတည်းကိုသာထည့်ရမည် ဖြစ်ပြီး အခြားပါတီကို ထည့်ပါက ပယ်မဲဖြစ်သွားမည်ဟုပင် ရပ်ကျေး ရွေးကော်အဖွဲ့ဝင်အချို့က ပြောဆိုနေ သည်ကိုလည်း တွေ့ရသည်ဟု ၎င်းက ဆိုသည်။

“ရပ်ကျေးမှာတာဝန်ယူ လိုက်တာနဲ့ သူသည်ဒိုင်လူကြီးဖြစ်သွားပြီ၊ ဒိုင်လူကြီး အနေအထားနဲ့ ကိုက်ညီဖို့လို တယ်ဆိုတာ မြို့နယ်ကော်မရှင်ကို အကြံပြုစာတင်ခဲ့ဖူးတယ်” ဟု ဦးနိုင်ဝင်းထိုက်က ပြောသည်။

သို့ရာတွင် မြို့နယ်ကော်မရှင်က စိစစ်အရေးယူမှုတစ်စုံတစ်ရာမရှိသေးကြောင်း ၎င်းက ဆိုသည်။

ယင်းသို့သော ရွေးကော်အဖွဲ့ဝင် အချို့က ဘက်လိုက်မှုရှိနေသည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ဦးနိုင်ဝင်း ထက်က ထောက်ပြသည်။

ထားဝယ်မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ကမူ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ ပါတီတစ်ခုခုဘက် ဘက်လိုက်မှုများ တွေ့ရှိပါက ၎င်းထံ ချက်ချင်းအကြောင်းကြားနိုင်သည်ဟု ဆိုသည်။

ကြိုတင်မဲကမောက်ကမ
လက်ရှိတွင် ကိုဗစ်ကပ်ဘေး ဖြစ်ပွားနေသည့်အတွက် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ကြိုတင်မဲ ပေးခွင့်ပြုထားသည်။

ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍လည်း ရှုပ်ထွေးမှုများလည်း ရှိနေသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ် ပုဒ်ဆန်းနေကြသည်ကို တွေ့ရသည်။ မဲပေးရာတွင် တံဆိပ်တုံးကို အသုံးပြုရမည်လော၊ ဘောလ်ပင်ဖြင့် အမှန်ခြစ်ရ မည်လောဆိုသည်ကို ရှင်းရှင်းလင်း လင်း မသိကြရ။

ထို့အပြင် ကြိုတင်မဲစတင်ပေးရမည့် နေ့ရက်မှာလည်း နှစ်မျိုးကွဲနေပြန်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြိုတင်မဲကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်ပေးရမည်ဟု ထုတ်ပြန်ထားသည်။

သို့သော် သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကျေးအချို့တွင် ကြိုတင်မဲကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပေးနေကြသည်။

ကြိုတင်မဲကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ပေးနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်ကိုလည်း တွေ့ ရသည်။ အဆိုပါအခြေအနေများထဲတွင်မှ ကြိုတင်မဲစာအိတ်များ ပွင့်နေခြင်း၊ မဲပုံးအတွင်းသို့ ကြွက်ဝင်နေခြင်း စသည့် ပြဿနာများလည်း‌ ပေါ်ပေါက်ခဲ့သေး သည်။

ထို့အပြင် ရပ်ကျေးကော်မရှင်အချို့၏ လုပ်ဆောင်မှုအမှားအယွင်းများကြောင့် ရွေးကောက်ပွဲအပေါ် ပို၍ သံသယဝင်စေသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ကညုံရပ်ကွက်တွင်လည်း တိုင်းဒေသကြီးလွှတ်တော်အတွက် ဆန္ဒမဲပေးရာတွင် တိုင်းရင်းသားကိုယ်စားလှယ် ဆန္ဒမဲ လက်မှတ်ကို မှားယွင်းထုတ်ပေးမိသည့် ဖြစ်စဉ်မျိုးလည်း ရှိနေပြန်သည်။

ရပ်ကျေးရွေးကော်အဖွဲ့ဝင် အချို့က အာဏာရပါတီဘက်မှ မဲဆွယ်မှုများ ရှိသကဲ့သို့ ရပ်ရွာကရွေးချယ်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ လည်း ပါဝင်နေသည်။ ထားဝယ်မြို့ပေါ် မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလည်း လက်ရှိအာဏာရ NLDပါတီ၏ အောင် နိုင်ရေးလှုပ်ရှားမှုများတွင် ပါဝင်လုပ် ဆောင်နေသည်ကို တွေ့ရသည်။

ကိုယ်စားလှယ်လောင်းများပြောသည့် နံပါတ်တစ်ပြဿနာ
မဲဆွယ်ကာလတွင် ရွေးကောက်ပွဲဝင်မည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများအတွက် စိန်ခေါ်မှု များရှိနေသကဲ့သို့ ရွေးကောက်ခံရပြီးချိန်တွင်လည်း ပြဿနာများက အဆင်သင့် ဆီးကြိုနေသည်။

တိုင်းအတွင်းရှိ ပြဿနာများအနက် လျှပ်စစ်မီးပြဿနာက စိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေတွင် ရှိနေသည်။

ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းအများစုကလည်း လျှပ်စစ် ကိစ္စကို အဓိကပြဿနာကြီးတစ်ခုအဖြစ် ရှုမြင်ကြသည်။

လျှပ်စစ်ကိစ္စက အဓိကပြဿနာအဖြစ် ရှိနေခြင်းမှာ မြန်မာနိုင်ငံအတွင်း မဟာဓာတ်အားလိုင်းမရောက်သေးသည့် နေရာဒေသများတွင် တနင်္သာရီတိုင်းလည်း ပါဝင်နေသည်။

မဟာဓာတ်အားလိုင်းမရောက်သေးသည့်အတွက် လျှပ်စစ်မီတာခမှာ အခြား တိုင်းနှင့်ပြည်နယ်နှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ကွာခြားနေသည်။

တိုင်းအတွင်း နေရာဒေသအပေါ်မူတည်ပြီး လျှပ်စစ်တစ်ယူနစ်လျှင် ၂၅၀ ကျပ် ဝန်းကျင်မှ ၁၀ဝ၀ ကျပ်ခန့်အထိ ကျသင့်နေသည်။

ထိုအချက်သည်ပင် တနင်္သာရီ တိုင်းသားများ ပြည်မနှင့် တန်းတူအခွင့်အရေးမရဘဲ ခွဲခြားဆက်ဆံနေရသည်ဟု တိုင်းသားအများစုက ခံစားနေရသည်။

လက်ရှိအစိုးရကလည်း လျှပ်စစ် ဈေးနှုန်းတန်းတူဖြစ်ရေး ကြီးမားသည့် စွမ်းဆောင်မှုမျိုး မလုပ်နိုင်သည်ကို တိုင်းသားတို့က အားမလိုအားမရဖြစ်ကြသည်။

ထိုအခင်းအကျင်းက ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအတွက် ကြီးမားသည့် အကဲစမ်းမှု တစ်ခုလည်း ဖြစ်သည်။

ရွေးချယ်ခံရသည့် ကိုယ်စားလှယ်လောင်းများမှာ တိုင်းသားတို့ ငတ်မွတ်နေသည့် လျှပ်စစ်ဈေးနှုန်းတန်းတူရရှိရေးအတွက် တကယ်စွမ်းဆောင်နိုင်ခြင်းရှိ/မရှိမှာလည်း မသေချာလှပေ။