ကော့သောင်း ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များပေါ်လာခြင်း စုံစမ်းမည်ဟုဆို

0
2288

ထားဝယ်၊ နိုဝင်ဘာ ၂

ပြီးခဲ့သည့်ရက်များအတွင်းက ကော့သောင်းပင်လယ်ပြင်တွင် ကျောက်ငါးစိတ်များ ရေပြင်ပေါ်သို့ ပေါ်လာခြင်းနှင့်ပတ်သက်၍ စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဆိုသည်။

ကျောက်ငါးမျိုးစိတ်မှာ ရေအောက်ကြမ်းပြင်တွင်နေထိုင်သည့် ငါးမျိုးစိတ်များဖြစ်ပြီး ယခုကဲ့သို့ ရေပေါ် ပေါ်လာခြင်းမှာ ကျောက်ငါးနေထိုင်သည့် ရေအောက် (ကော်ရယ်များ)တွင် အဆိပ်တစ်မျိုးကို ဖြန်းသဖြင့် ရေပေါ် ပေါ်လာခြင်းဖြစ်နိုင်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။

“ဒီနေရာလေးပဲ လာကွက်ပေါ်တဲ့ အတွက် ပင်လယ်ပြင် ဂေဟစနစ်အပြောင်းအလဲကြောင့်တော့ မဟုတ်ဘူး။ လူသားတွေရဲ့ ပယောဂ တစ်ခုခုကြောင့်မို့သာ ပေါ်လာတာလို့ ကျွန်တော်ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စကို စုံစမ်းဖော်ထုတ်နေပြီး သိရှိပါက မြန်မာ့ငါးလုပ်ငန်းဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။

ကော့သောင်း ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များ ညောင်ဝီးကျွန်းနှင့် ဘိုချိုကျွန်း၊ လန်ပိကျွန်းအနီးဝန်းကျင်ရှိ ရေပြင်တွင် ပေါလောပေါ်နေသည်ကို တွေ့ရှိရကြောင်း ဒေသခံနှင့် ရေလုပ်သားအချို့၏ ပြောပြချက်အရ သိရသည်။

ညောင်ဝီးကျွန်းဝန်းကျင်ရှိ ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များ ရေပေါ်တွင်‌ ပေါလောပေါ်နေသည်ကို အောက်တိုဘာလဆန်းခန့်က ‌ဒေသခံများ စတင်တွေ့ရှိလာပြီး အောက်တိုဘာ ၁ ရက်နေ့တွင် လန်ပိကျွန်းအနီးဝန်းကျင်တွင်ပါ ထပ်မံတွေ့ရှိလာရခြင်းဖြစ်သည်ဟု မကြုံကလက်ကျေးရွာမှ ကင်းမွန်မျှားသည့် လုပ်ငန်း လုပ်ကိုင်သူ ဦးချိုလွန်းက ပြောသည်။

“သူက တစ်နေရာတည်းမှာတွေ့တာတော့ မဟုတ်ဘူး။ ရေစီးနဲ့ ဟိုနေရာတွေ့ ဒီနေရာတွေ့ တွေ့နေရတဲ့ အနေအထားပါ။ ဒီနေ့တွေ့တဲ့အကောင်ဆိုရင် တစ်ကောင်ကို ၃၆ ကီလိုကျော်ရှိတယ်” ဟု ဦးချိုလွန်းက ဆိုသည်။

မကြုံကလက်ကျေးရွာတွင် ကောက်ယူရရှိသည့် ကျောက်ငါးမျိုးစိတ် တစ်ကောင်လျှင် တစ်ကီလိုခန့်မှ ၃၆ ကီလိုကျော် အကောင်များအထိပါဝင်သည်ဟု ဦးချိုလွန်းက ပြောသည်။

ကျောက်ငါးမျိုးစိတ်များမှာ ရေစီးအတိုင်းမျောပါနေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပြီး တစ်ဦးလျှင် တစ်ကောင်စ နှစ်ကောင်စ ကောက်ရမှုကို ပေါင်းပါက တစ်ရက်လျှင် အကောင် ၃၀ ကျော်ခန့် ရမည်ဖြစ်ကြောင်း ဦးချိုလွန်းက ခန့်မှန်းပြောဆိုသည်။

ကျောက်ငါးမျိုးစိတ်များ မည်သည့် အကြောင်းကြောင့် ရေပေါ် ပေါ်လာသည်ကိုမူ ဒေသခံများ၊ ရေလုပ်သားများအပါအဝင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနကလည်း အဖြေရှာနေဆဲဖြစ်သည်။  အဆိပ်ချမှုကြောင့်ဖြစ်နိုင်သည်ဟုလည်း အချို့က သံသယရှိနေကြသည်။

အောက်တိုဘာ ၃၁ ရက်နေ့ကလည်း အလေးချိန် ၂ ကီလိုခွဲရှိ ကျောက်ငါးလုံး တစ်ကောင်နှင့် ၆ ကီလို ခွဲတစ်ကောင် စုစုပေါင်း နှစ်ကောင်ရရှိခဲ့သည်ဟု ကောင့်သောင်း ညောင်ဝီးကျွန်းနှင့် လန်ပိကျွန်းအနီးတွင် ရေလုပ်ငန်း လုပ်ကိုင်နေသူ ကိုသက်စိုးက ပြောသည်။

“ဒီလိုမျိုးဖြစ်တာ တစ်ခါမှ မကြားဖူးဘူး၊ မြင်ဖူးဖို့မပြောနဲ့။ ကျွန်တော်တို့လည်း အံဩနေတယ်” ဟု ကိုသက်စိုးက ပြောသည်။

ကျောက်လုံးငါးများတွင် အနာအဆာများ မရှိသလို ငါးမိုင်းခွဲမှုကြောင့် ပေါ်လာခြင်းလည်း မဖြစ်နိုင်ကြောင်းနှင့် မြှုံးမှ လွှတ်လာခြင်းလည်း မဖြစ်နိုင်ကြောင်း ကိုသက်စိုးက သုံးသပ်သည်။

မိုးမြင့်