လှုပ်ခတ်လာသော ထိုင်းဘုရင်၏ ရာဇပလ္လင်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကမ္ဘာ့ကပ်ရောဂါကို ကောင်းစွာ ထိန်းထားနိုင်သော်လည်း နောက်ဆက်တွဲ စီးပွားရေး ပြဿနာများအတွက် ခေါင်းခဲနေရချိန် ထိုင်းနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှုများသည် အစိုးရအဖွဲ့ကိုသာမက ဘုရင် ဝဇီရာလောင်ကွန်း၏ ရာဇပလ္လင်ကိုပါ လှုပ်ခတ်လာခဲ့သည်။

“ထိုင်းနိုင်ငံသည် ထိုင်းပြည်သူ ပိုင်ဖြစ်တယ်။ ဘုရင့်ဥစ္စာတော် မဟုတ်ဘူး”။
ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီ အခွင့်အရေး လိုလားသူများ ကျယ်ကျယ်လောင်လောင် ကြွေးကြော် တောင်းဆိုလာသော စကားဖြစ်သည်။ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဘုရင်က အကြွင်းမဲ့အာဏာ တည်ဆောက်လာခြင်းကို မနှစ်မြို့ကြောင်း ထိုင်းပြည် သူအများအပြားက ထုတ်ဖော်ပြောဆို လာကြသည်။

စစ်အာဏာသိမ်းခေါင်းဆောင်မှ ရွေးကောက်ခံဝန်ကြီးချုပ် ဖြစ်လာသော ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး၊ လက်ရှိဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲ၍ ပီပြင်သော စည်းမျဉ်းခံဘုရင်အဖြစ် ပုံဖော်ရေး၊ စစ်တပ်ဦးဆောင် ရေးဆွဲထားသော အခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကို ကျောင်းသားလူငယ်များ ဦးဆောင် တောင်းဆိုလျက်ရှိသည်။

အထက်ပါ တောင်းဆိုချက်များအတွက် ဇူလိုင်လမှ စတင်ဆင်နွှဲသော ဆန္ဒပြပွဲများသည် အောက်တိုဘာလ နှောင်းပိုင်းတွင် ပိုမိုအရှိန်ရလာကာ အစိုးရ ၏ အရေးပေါ်ကြေညာချက် အမိန့်ကိုပင် ဖီဆန်သည်အထိ ပြင်းထန်လာခဲ့သည်။
သက်ဦးဆံပိုင်မှ စည်းမျဉ်းခံဘုရင် စနစ်သို့ ပြောင်းခဲ့သည်မှာ ရာစုနှစ်နီးပါး မျှ ရှိပြီဖြစ်သော်လည်း ဘုရင်နှင့် ထီးနန်းအား နတ်ဘုရားတစ်ပါးမျှ ထိုင်းတို့ ကိုးစားမြတ်နိုးနေဆဲဖြစ်သည်။ လွန်ခဲ့သောလေးနှစ် ဘုရင်ကြီး ဘူမိဘော နတ်ရွာမစံမီအထိ ထိုကဲ့သို့ ရိုသေမြတ်နိုး လက်အုပ်မိုးကာ အလေးဂရုပြုခဲ့ကြ သည်ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။

ချက္ကရီမင်းဆက်၏ ထီးနန်းကို နှစ်ပေါင်း ၇၀ ကျော်တိုင် စိုးစံခဲ့သော နဝမမြောက် ရာမဘုရင်ဟုလည်း ခေါ်ဆိုသည့် ဘူမိဘောသည် ထိုင်းပြည်သူများ၏ ချစ်ကြည်လေးစားမှုကို သိမ်းပိုက်နိုင်ခဲ့သလို ကမ္ဘာ့အချမ်းသာဆုံး ဘုရင် တစ်ပါးအဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရသည်။

မဟာဝဇီရာလောင်ကွန်း နန်းတက်ချိန်တွင်မူ ထီးနန်းနှင့် ပြည်သူအကြား ဆက်ဆံရေးက မနွေးထွေးတော့ပါ။

ထိုင်းနိုင်ငံနှင့် မိုင်ထောင်ချီဝေးရာ ဥရောပ၊ ဂျာမနီ၌သာ အနေများသော၊ မြာပွေသော၊ အာဏာ အလွဲသုံးစားသော၊ ရိုင်းပြသော ဘုရင်ကို အိမ်ရှေ့စံဘဝက ပင် ထိုင်းနိုင်ငံ၏ ပညာတတ် ကြေးရတက် လူတန်းစားအများစုက မလိုလားခဲ့ကြပေ။

တရားဝင် ဇနီးမယား လေးဦးအထိ ထိမ်းမြားပေါင်းသင်းခဲ့ပြီး ပထမ၊ ဒုတိယနှင့် တတိယဇနီးတို့မှာ ဘုရင်လောင်း၏ မြာပွေမှု၊ မောက်မာမှုတို့ကြောင့် အသီးသီး ကွာရှင်းပြတ်စဲခဲ့ကြ သလိုနိုင်ငံမှ ထွက်ပြေးရခြင်း၊ မိသားစု ဆွေမျိုးများ ထောင်သွင်း အကျဉ်းချခံရ ခြင်းတို့အထိ ကြုံခဲ့ကြသည်။

ဒုတိယဇနီးမှမွေးဖွားသည့် သားသမီး လေးဦးကို စွန့်လွှတ်ခဲ့သည်အထိ အလွန်အကြူး ဆောင်ရွက်မှုများ ရှိခဲ့သည်။

အိမ်ရှေ့စံဘဝမှ ထီးနန်းစံ ဘုရင်တစ်ပါးအဖြစ် ရောက်လာချိန်တွင်မူ မဟာဝဇီရာလောင်ကွန်းက သူ၏ အာဏာစက်ကို အဘက်ဘက်တွင် ချဲ့ထွင်လာတော့သည်။ ဘုရင့်အလို တော်အတိုင်း အကောင်အထည် ဖော်ပေးသူက အာဏာသိမ်းဝန်ကြီးချုပ်နှင့် ထိုင်းစစ်တပ်ဖြစ်သည်။

ထိုင်းတွင် သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်ခဲ့ချိန်မှ ယနေ့အထိ စစ်အာဏာသိမ်းမှုပေါင်း ၁၂ ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး ထိုကာလအတွင်း ရေးဆွဲ ခဲ့သည့် အခြေခံဥပဒေပေါင်းက ၂၀ မျှပင် ရှိနေသည်။ အာဏာရပ်ဝန်းတွင် ဤမျှအထိ မတည်မငြိမ် ဖြစ်ခဲ့သော်လည်း ယေဘုယျအားဖြင့် ထိုင်းနိုင်ငံရေးမှာ တည်ငြိမ်ကာ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေခံမြေခံကောင်း များ ဖန်တီးနိုင်ခဲ့သည်။

ဤနေရာတွင် ဘုရင်ဘူမိဘောနှင့် သူ၏ သစ္စာတော်ခံ စစ်တပ်တို့ အပြန်အလှန် ပူးပေါင်းမှုက အဓိကကျခဲ့သည်။

ဘုရင်နှင့် ထီးနန်းတို့၏ ကျော်ကြားမှုကို ပခုံးချင်းယှဉ်လာသော ထိုင်းကျေးလက်လူထုအကြိုက် သက်ဆင် အစိုးရသည် ထိုင်းစစ်တပ်၏ အာဏာသိမ်းမှု အောက်တွင် ကျဆုံးခဲ့ရသည်။ ညီမဖြစ်သူ ယင်လပ် ဦးဆောင်သော အစိုးရသည်လည်း ထပ်တူကံကြမ္မာကို ကြုံ တွေ့ကာ ယနေ့အထိ ပြည်ပ၌သာ တိမ်း ရှောင်နေကြရသည်။

၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုသည်ပင် ချက္ကရီမင်းဆက်နှစ် ဆက်အကြား ထီးနန်းအလွှဲအပြောင်း ချောမွေ့စေရန်အတွက်ဟု ယူဆစရာများ ရှိသည်။ အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ထိုင်းစစ်တပ် အကြီးအကဲ ပရာယွတ်ချန်အိုချာက အစိုးရခေါင်းဆောင် ဖြစ်လာခဲ့သလို ၎င်းတို့အလို ကျ အခြေခံဥပဒေသစ်တစ်ခုလည်း ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ အခြေခံဥပဒေအရ ကျင်းပသော ရွေးကောက်ပွဲများမှတစ်ဆင့် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာသည် ဝန်ကြီးချုပ် ပရာယွတ်အဖြစ် အာဏာသက်ဆက်ကာ ယနေ့တိုင် ထိုင်းနိုင်ငံ၏ အစိုးရအကြီးအကဲဖြစ် ဆက်လက် ရပ်တည်နေသည်။

သို့သော် ထိုင်းဘုရင်နှင့် ဝန်ကြီးချုပ်တို့၏ အနာဂတ်မှာ ဖြောင့်ဖြူးသာယာနေ သည်ဟု မဆိုသာတော့ပါ။

ထိုင်းမျိုးဆက်သစ် လူငယ်များ၏ မကျေနပ်မှုများ၏ အစမှာ ဘုရင်နှင့် ဝန်ကြီး ချုပ်တို့ပင် ဖြစ်သည်။ ဝဇီရာ လောင်ကွန်းသည် ဘုရင်ဖြစ်ပြီး မကြာမီပင် ဘုရင့် ဘဏ္ဍာနှင့် နန်းတွင်းဘဏ္ဍာ ပိုင်းခြားထားသည့် စည်းကို ပယ်ဖျက်ပြီး နန်းတွင်းဘဏ္ဍာအားလုံး ဘုရင့်ပိုင်ဆိုင်မှုအောက်သို့ အရောက်ဆွဲယူခဲ့သည်။

မှတ်တမ်းများအရ ထိုင်းဘုရင်၏ ကြွယ်ဝမှုက ဒေါ်လာ ၄၀ ဘီလီယံကျော် အထိ ရှိသည်။ ယင်းမှာ ရေနံဖြင့် ကြွယ်ဝလာသော အရှေ့အလယ်ပိုင်းမှ မင်းစိုးရာဇာများ၊ ဥရောပမှ သက်တော်ရှည် တော်ဝင်မိသားစုများ၏ ကြွယ်ဝမှုထက် များစွာပိုမိုသော ပမာဏဖြစ်သည်။

ဘုရင်နှင့် နန်းတော်က ထိုမျှချမ်းသာ ကြွယ်ဝသော်လည်း ထိုင်းအစိုးရသည် ဘဏ္ဍာနှစ်အလိုက် သီးခြားဘတ်ဂျက် သတ်မှတ်၍ နန်းတော်အသုံးစရိတ်အဖြစ် ခွဲဝေပေးရသည်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် တော်ဝင်မိသားစု အသုံးစရိတ်မှာ ဒေါ်လာ သန်း ၁၁၀ဝ ကျော်ရှိသည်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သည့် ပြည်သူ့အခွန်ဘဏ္ဍာ ၈၇ သန်း ကိုသာ ယမန်နှစ်က သုံးစွဲခဲ့သည်။

ထိုမျှ ကွာခြားလာသော ငွေပမာဏကို ကြည့်လျှင် ထိုင်းဘုရင်နှင့် တော်ဝင် မိသားစုတို့၏ အသုံးစရိတ်က မည်သည့် အတိုင်းအတာအထိ များပြားနေကြောင်း သိသာနိုင်သည်။ နန်းတွင်းပိုင် လေယာဉ်နှင့် ရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်း စရိတ်ကပင် မနည်းမနော ရှိနေသည်။

ထိုမျှမကသေး ဘုရင့်အစောင့် တပ်ဖွဲ့ကို ဘုရင်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီး ဘန်ကောက်မြို့တော်အား ၎င်းတပ်ဖွဲ့၏ စောင့်ကြည့်မှုအောက်တွင် ရှိနေစေခဲ့သည်။ ယင်းတပ်ဖွဲ့မှ ပေါ်ထွက်လာသူများသည်လည်း ထိုင်းစစ်တပ် တွင် အကြီးအကဲနေရာသို့ တက်လှမ်းခဲ့သည်။

ထိုင်းစစ်ဦးစီးချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး နာရွန်ဖန်သည် ဘုရင့် အစောင့်တပ်မှဖြစ်သည်။

အင်အား ၅၀ဝ၀ ခန့်ရှိသော ဘုရင့်အစောင့်တပ်ဖွဲ့မှအပ အခြားသော တပ်ရင်းတပ်ဖွဲ့များကို ဘန်ကောက်မြို့ပြင်သို့ ပို့ဆောင်ထားခဲ့ရာ အစိုးရတစ် ရပ်ရပ်အား ဖြုတ်ချ အာဏာသိမ်းမည်ဆိုပါက ဘုရင့် အစောင့်တပ်၏ သဘောတူညီချက်မပါဘဲ မဖြစ်နိုင်တော့ပါ။

သီအိုရီအရဆိုလျှင် ဘုရင်သည် အာဏာနိုင်ငံရေးနှင့် ဝေးရာတွင်သာ နေရမည်ဖြစ်သော်လည်း ဒသမမြောက် ရာမဘုရင်၏ အာဏာစက် ချဲ့ထွင်မှုများက တစ်စတစ်စ ပိုတိုးလို့သာ လာခဲ့သည်။ အခြေခံဥပဒေသစ်အတွက် လူထုဆန္ဒ ခံယူပြီးနောက်တွင် ဝဇီရာ လောင်ကွန်းက ပြင်ဆင်ချက်တစ်ခု ပြုလုပ်ခဲ့သည်။

ယင်းမှာ ထိုင်းထီးနန်းကို ပြည်ပ အဝေးတစ်နေရာမှပင် ဆက်လက် အုပ်စိုးခွင့် ရရှိရေး ဖြစ်သည်။ ပုံမှန်အားဖြင့် ဘုရင်က ရပ်ဝေးမြေခြားသို့ ရောက်နေချိန်၌ ထီးစောင့်နန်းစောင့်တစ်ဦး လွှဲအပ်ထားခဲ့ရမည်ဖြစ်သည်။ သို့သော် ဥရောပ၌သာ အနေများသော ဝဇီရာ လောင်ကွန်းက အစဉ်အလာကို ဖျက်ပြီး ရပ်ဝေးမှပင် အုပ်စိုးခွင့်အား အရယူခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင်း၌ နိုင်ငံရေး မကျေမလည်ဖြစ်ချိန် ဂျာမနီနိုင်ငံက ကြားဝင်လာရပြီး ဂျာမန်မြေပေါ်မှ တစ်ဆင့် အခြားတစ်နိုင်ငံ၏ အရေးအရာများကို စီမံဆောင်ရွက်ခြင်းအား ခွင့်မပြုနိုင်ဟုပင် ထုတ်ပြောလာရသည်။

ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ၏ ဗိုလ်ချုပ်ကြီးအဖြစ် ခံယူထားသူ ထိုင်းဘုရင်နှင့် ထိုင်းစစ်တပ်တို့မှာ အာဏာအတွက် အပြန်အလှန် အမှီသဟဲ ပြုနေကြပြီး အစိုးရအဖွဲ့မှာမူ ကမ်းနားသစ်ပင်သာ ဖြစ်နေသည်ကို ထိုင်းပြည်သူတို့ မြင်တွေ့ခဲ့ကြသည်။

ပြည်သူကို မျက်နှာမမူသော နိုင်ငံရေးရပ်ဝန်းကို လူငယ်မျိုးဆက်သစ်များ စိတ်ကုန်နေပြီဖြစ်သည်။

အစဉ်အလာအားဖြင့် ဝေဖန်ရန်ပင် မဝံ့ရဲခဲ့သော ထိုင်းထီးနန်းအား ပြုပြင် ပြောင်းလဲချိန် တန်ပြီဖြစ်ကြောင်း ရဲရဲ ဝံ့ဝံ့ တောင်းဆိုခဲ့သည်။ ကပ်ရောဂါ အန္တရာယ် နှင့် အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်အောက်တွင် အကြမ်းမဖက် ငြိမ်သက်စွာဖြင့် နေ့စဉ်မှန်မှန် ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။
ပရာယွတ်အစိုးရ နုတ်ထွက်ရေး၊ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး၊ အခြေခံ ဥပဒေသစ် ရေးဆွဲရေး ကြွေးကြော်သံများက ဘန်ကောက်မြို့တော် လမ်းမထက်တွင် ညနေချိန်တိုင်း ပုံမှန်ကြား လာရသော ပဲ့တင်သံများ ဖြစ်သည်။

စည်းမျဉ်းခံဘုရင်အဖြစ်မှ အကြွင်းမဲ့ သက်ဦးဆံပိုင် အာဏာရှင်တစ်ဦးသဖွယ် အသွင်ပြောင်းနေသော ထိုင်းဘုရင်အနေဖြင့် ပြန်လည်ပေးဆပ်ရသည်က တိုင်းသိပြည်ကြား ဝေဖန်ပြစ်တင်ခံရမှုများ ဖြစ်သည်။ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုများ ဆက်ဖြစ်နေပါက ပရာယွတ်သည်လည်း ရာထူးမှ နုတ်ထွက်သွားရနိုင်သည်။

ဘုရင် မဟာဝဇီရာလောင်ကွန်းကမူ သူ၏ အာဏာစက်ကို ဆက်ဆက် ဆုပ်ကိုင်ထားဦးမည်ဖြစ်သည်။

ဖခင်ဘုရင်ကြီး ပျိုးထောင်ခဲ့သည့် ချစ်ကြည်လေးစားမှုကို ၆၈ နှစ်အရွယ် ဒသမမြောက်ရာမဘုရင်က ပြန်လည် ထိန်းသိမ်းနိုင်မည်လား သို့တည်းမဟုတ် သမိုင်းတွင်လောက်သည့် အစဉ်အလာ မရှိသော ဝေဖန်ပြစ်တင်မှုများ အောက်တွင် ထိုင်းထီးနန်း ခရီးဆက်မည်လား။

ထိုင်းဘုရင်နှင့် ဝန်ကြီးချုပ်တို့၏ အနာဂတ်က ဖြောင့်ဖြူးသာယာလှသည် မဟုတ်ပါ။

ကိုးကား- Battle royal, Thailand’s king seeks to bring back absolute monarchy (The Economist)