ကိုဗစ်ကာလ သည်းညည်းခံရခြင်းများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းသလို ကျင့်ကြံအားထုတ်ဖို့ အတော်ခက်ခဲတဲ့ စကားလုံးလေးကတော့ သည်းညည်းခံခြင်းလို့ အဓိပ္ပာယ်ရတဲ့ Tolerance ဆိုတဲ့ စကားလုံးလေးပါပဲ။

တစ်နေ့ ရန်ကုန်စာနယ်ဇင်း အတတ်ပညာသင်ကျောင်းက ဖိတ်ခေါ်မှုနဲ့ Online ကနေ အလုပ်ရုံ ဆွေးနွေးပွဲလေး တက်ဖြစ်တယ်။

သည်းညည်းခံခြင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ
အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က အဲသည် သည်းညည်းခံနေရတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကိုဗစ်ရဲ့ ရိုက်ခတ်မှုကြောင့် ချောင်ပိတ်ခံနေကြရတဲ့ ပြည်သူတွေရဲ့ ဟဒယကို စာပေနဲ့ ဘယ်သို့ ဖျောင်းဖျ ကြမလဲ၊ ဘယ်လို ထွက်ပေါက် ဖွင့်ပေးကြမလဲ ဆိုတာဆွေး နွေးကြဖို့ ဖြစ်တယ်။ ထူးခြားတာ တစ်ချက်က ဆွေးနွေးကြတဲ့ စာရေးသူတွေ ကိုယ်တိုင်ကိုက အဲသည် ကိုဗစ်ကပ်ဘေး မှာ ကိုယ်ရောစိတ်ပါ ပိတ်မိလို့ မွန်းကျပ် နေကြရတဲ့သူတွေ ဖြစ်နေတာ အသေအချာပါပဲ။

ကိုယ်တိုင်ကိုယ်ကျပါ ကြုံတွေ့ ခံစားနေကြရတဲ့ကြားက ပြည်သူတွေရဲ့ သည်းညည်းခံစိတ်ကို မြှင့်တင်ဖို့ ဘယ်လို စာပေနဲ့ ကူညီကြမလဲဆိုတဲ့ အတွေးနဲ့ လုပ်ဖြစ်တဲ့ အလုပ်ရုံဆွေးဆွေးပွဲလေးက အတော်ပဲ သိုက်မြိုက်ခဲ့တယ်။

ဘဝတွေထဲက သည်းညည်းခံရခြင်းတွေ
နှိုးဆွသူလို့ ပြောမလား၊ ဦးဆောင် ဆွေးနွေးသူလို့ ပြောရမလား၊ Moderator ဖြစ်တဲ့ ဆရာက မေးခွန်းလေးတွေ မေးရင်း ပါဝင်ဆွေးနွေးကြသူတွေကို မေးခွန်းလေး သုံးခုနဲ့ ဦးဆောင် ဆွေးနွေးခဲ့တယ်။ ကိုယ်တွေ ငယ်ကတည်းက ဘာတွေကို သည်းညည်းခံခဲ့ကြရသလဲ။ သည်းညည်းခံလို့ ဘာတွေ အကျိုးရလဒ် ထွက်ပေါ်ခဲ့လဲ။ သည်းညည်းမခံလို့ ဘဝမှာ ဘာတွေ ဆုံးရှုံးခဲ့ရဖူးပါသလဲတဲ့။ ပထမ ကျွန်တော်တို့ရဲ့ ပိတ်မိနေကြတဲ့ စိတ်ခံစားမှုတွေကို သူနှိုးဆွပြီး ထွက်ပေါက်အရင်ပေးတဲ့ သဘောဖြစ်တယ်။

ကဲကဲဆတ်တတ်တဲ့ ကျွန်တော်တို့တွေ
ထူးတာက ကျွန်တော်အပါအဝင် စာရေးသူ အတော်များများက အတော်စိတ်တိုလွယ်၊ ထိရှလွယ်၊ အကဲဆတ်ဆတ်နဲ့ အလျင်အမြန် ဆတ်ဆတ်ကြဲ တုံ့ပြန်မိတတ်ကြသူတွေ ဖြစ်ကြတယ် သိခဲ့ရတာပါပဲ။

လူ့စိတ်သဘောအရ မဟုတ်မခံ ဆတ်ဆတ်ကြဲ တုံ့ပြန်မိကြတတ်တဲ့ သဘောတွေနဲ့ ဂျာနယ်လစ် ဆရာကြီးတွေ ကိုယ်တိုင် စိတ်က သည်းညည်းမခံလို့ အလုပ်က ထွက်ခဲ့ကြရသူတွေ၊ ရန်ဖြစ်မိ တတ်ကြသူတွေဖြစ်ကြောင်း အသီးသီး ဝန်ခံကြရင်း သူတို့ စိတ်နေသဘောကို လှစ်ဟလို့ သူတို့ဘဝ ဖြတ်သန်းမှုမှာ သည်းညည်းမခံမိလို့ ရခဲ့တဲ့ အတွေ့ အကြုံတွေရော သည်းညည်းခံလို့ ရခဲ့တဲ့ ဘဝအတွေ့အကြုံတွေပါ ဝေမျှခဲ့ကြပါတယ်။

ကိုယ်တိုင်လည်း ငယ်ကတည်းက ဇွဲကောင်းလို့ သူတို့လို ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ရှိသပေါ့လေ။ ပျောက်နေတဲ့စာအုပ်ကို မရမချင်း ရှာပြီး မတွေ့တဲ့အခါ စိတ်ထွက်ပေါက်အဖြစ် ညဥ့်နက်သန်းခေါင် ဝုန်းဒိုင်းကြဲမိလို့ အရိုက်ခံရတာမျိုး၊ မှန်တယ်ထင်ရင် မဆုတ်မနစ် လုပ်တတ်လို့၊ လူ့သဘောသဘာဝအရ လူမုန်းခံ ရတာမျိုး၊ ဘဝမှာ အများသားပေါ့လေ။

သည်းညည်းခံတာ အမှားကိုအမှန်လို့ လက်ခံလိုက်တာမဟုတ်
သည်းညည်းခံကြရာမယ် မမေ့သင့်တဲ့ အချက်တစ်ချက်ကိုလည်း အထူးပြုပြီး ပြောဖြစ်တယ်။ သည်းညည်းခံတယ်ဆို တာဟာ အမြင်မတူပေမဲ့၊ အခြေအနေအရ တစ်စုံတစ်ရာကို အတိုင်းအတာ တစ်ခုအထိ လက်သင့်ခံကြရတာ ဖြစ်ပေမဲ့လို့ ကိုယ့်ခံယူချက် လမ်းကြောင်းက မသွေဖည်ဖို့၊ အမှန်တရားက သွေစောင်း မသွားဖို့ မယိမ်းမယိုင်တဲ့ ခံယူချက်ရှိကြရမယ်ဆိုတာ မေ့လို့မရတဲ့ အချက်တစ်ခုပါ။

ဆိုလိုတာက အဖြူအမည်း သိသာ နေပေမဲ့လို့ အများညီ ဤကို ကျွဲဖတ်ကြလို့ ကိုယ်သည် သည်းညည်းခံ နေရသည် ဆိုစေကာမူ ကိုယ့်နှလုံးသားမှာ ဤနဲ့ ကျွဲ အမှန်ကို သိဖို့နဲ့ မပျောက်မပျက်ဖို့ အရေးပါတယ် ဆိုတာပါပဲ။ သည်းညည်းခံတယ် ဆိုတာနဲ့ အမည်းသည် အဖြူလို့ လက်သင့်ခံလိုက်တာ မဟုတ်ဘူးဆိုတာ သိဖို့လို ပါတယ်။

သည်းခံခြင်းရဲ့ အတိုင်းအဆ
နောက် ဆွေးနွေးဖြစ်တဲ့အချက်တစ်ချက်က သည်းခံခြင်းရဲ့ အတိုင်းအဆ Threshold အကြောင်းပါ။ အတိုင်းအဆ တစ်ခုအထိပဲ ကျွန်တော်တို့တွေ သည်းညည်းခံနိုင်ကြတယ်ဆိုတာ မမေ့ကြဖို့ လိုအပ်ပါတယ်။ သည်အတိုင်းအဆ Threshold ကို ကျော်တာနဲ့ ပေါက်ကွဲတတ်လို့ အဲသည် အတိုင်းအဆအတွင်း ထိန်းညှိဖို့ ဆိုတာကလည်း အရေးပါလှ ပါတယ်။

မျှတတဲ့ အတွေးအမြင်နဲ့ ပြောင်းပြင်လွယ်တဲ့ စိတ်သဘော
ကျွန်တော်တို့ ငယ်ငယ်က အဖေကတော့ အမြဲသွန်သင်ခဲ့တယ်။ အမှန်နဲ့ အမှားကိုသိအောင် လေ့လာပါ။ ဘက်နှစ် ဘက်မျှအောင် စဉ်းစားပါ။ အခြားတစ်ဘက်က အမြင်ကိုလည်း မြင်အောင်ကြည့်၊ သိအောင်လုပ်ပါ။ ကိုယ့် ရပ်တည်ချက်ဟာ အမြဲအစွန်းနှစ်ဘက်ကို လွတ်နေဖို့လိုသလို ကိုယ့်ဆုံးဖြတ်ချက် အတွက် အမြဲကိုယ့်လိပ်ပြာသန့်နေဖို့ လိုအပ်တယ် ဆိုတာပါပဲ။ သည့်အတွက်လည်း ကိုယ့်ရပ်တည်ချက်၊ ကိုယ့် ဆုံးဖြတ်ချက် အမှန်၊ အမှားအတွက် တာဝန် ယူ၊ တာဝန်ခံတတ်သူ တစ်ယောက်ဖြစ် လာဖို့ပါ အမြဲဆုံးမတတ်တယ်။

တာဝန်ယူတာဝန်ခံစိတ်နဲ့ စိတ်ခံစားချက်ကို အခြေမခံတဲ့ ဆုံးဖြတ်ချက်တွေဟာ အရေးပါတယ်။

တာဝန်ယူ၊ တာဝန်ခံတတ်သူ တစ်ယောက်ဖြစ်လာဖို့ အဖေ့ရဲ့ လေ့ကျင့်ပေးမှုက ရိုးပါတယ်။ ကိုယ်အမှား ပြုလုပ်ကျူးလွန်မိရင် လိုအပ်တဲ့ အရေးယူမှုနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးတတ်တာပါပဲ။ ကိုယ် ကျူးလွန်မိတဲ့အမှားအတွက် သူစိတ်မဆိုးစေကာမူ ကိုယ့်အပြစ်အတွက်ကိုယ် တာဝန်ယူ တာဝန်ခံတတ်အောင် သင်ကြားပေးခဲ့တယ်။ အဖေဟာ သားသမီးကို ဆုံးမရာမယ် စိတ်ဆိုးလို့ ရိုက်တာ၊ နှက်တာ မလုပ်ပါဘူး။ ကိုယ့်အမှားအတွက် ဒဏ်ပေးတဲ့ သဘော ရိုက်နှက်တာဆုံးမတာကို သော်မှ ရယ်ရယ်မောမောနဲ့ ဆုံးမအပြစ်ပေးတတ်တယ်။ သူ့စိတ်ခံစားမှု ဒေါသနဲ့ မရိုက်ပါဘူး။ သည့်အတွက် အရာရာမှာ အမှန်နဲ့ အမှား၊ အဖြူနဲ့ အမည်းကို ကွဲကွဲပြားပြား မြင်တတ်၊ တာဝန်ယူ တာဝန်ခံတတ်တဲ့ စိတ်တွေ ရှိဖို့၊ စိတ်ဒေါသနောက် လိုက်ပါပြီး မဆုံးဖြတ်မိဖို့ပါ အမြဲသွန်သင်ခဲ့တာပါပဲ။

သည့်အတွက်လည်း အလုပ်ခွင်မှာ သည်းညည်းခံတာ ရှိပေမဲ့လို့ အဖြူနဲ့ အမဲ၊ အမှန်နဲ့ အမှားကွဲပြားစွာ မြင်ဖို့ အမြဲကြိုးစားတတ်ပါတယ်။ တစ်ဖက်သားကိုလည်း အရင်ကလို ဒဲ့ထိုး မပြော ရင်သာရှိမယ်။ အမှန်အမှားကို သိနေတယ်ဆိုတာမျိုးလောက် ရယ်ရယ်မောမော သူလည်း လက်ခံ၊ ကိုယ်လည်း လက်ခံနိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ အေးအေးဆေးဆေး ပြောပြရတာရှိပါတယ်။ သည့်အတွက် အလုပ်မှာ ကိုယ့်သိက္ခသည် မယိုင်မနဲ့ခဲ့ပါဘူး။ လိပ်ပြာလုံပါ တယ်။
အဲသည် ဆွေးနွေးပွဲလေးက လူတိုင်းရဲ့ စိတ်ခံစားမှုနဲ့ ထွက်ပေါက် ပေးခဲ့အပြီးမှာ လတ်တလော ကိုဗစ်ရဲ့ စိတ်ဒဏ်ရာတွေဘက်ကို လှည့်တွေးမိစေပါတယ်။

ကပ်ဘေးအတွင်း သည်းညည်းခံရခြင်းတွေ
သည်းညည်းခံတယ်ဆိုတာ အပြောလွယ်သလောက် အလုပ်က ခက်ပါတယ်။ သည်အထဲမှာမှ ခုလို ကပ်ဘေးကာလမှာ လူတိုင်းရဲ့ သည်းညည်းခံမှု အတိုင်းအတာဟာ အလွန်ပဲ အကန့်အသတ်နဲ့ ဖြစ်နေကြမှာ မလွဲပါဘူး။

တစ်ကမ္ဘာလုံး ခံကြရတဲ့သည် ကိုဗစ် ကပ်ဘေးကာလဟာ အတိုင်းအဆ မရှိသလို အချိန်အကန့်အသတ်လည်း မရှိပါဘူး။ သည်အနေအထားမှာ သည်းညည်းခံ နေထိုင်တတ်ဖို့၊ နေထိုင် နိုင်ကြဖို့ဆိုတာ အတော့်ကို လွယ်မယောင်နဲ့ ခက်ခဲတဲ့ အရေးအရာလည်း ဖြစ်ပါတယ်။

သာမန် လူမှုဘဝ အသွားအလာ၊ အနေအထိုင်ကို သာမက အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း အလုပ်တွေကိုပါ ထိခိုက်စေတဲ့ သည်ကပ်ဘေးမှာ ကျွန်တော်တို့တွေ သည်းညည်းခံ နိုင်ကြဖို့ ဆိုရာမယ် အလွယ်မဟုတ်ပါဘူး။ အတော်တည်ငြိမ်ရင့်ကျက်ဖို့ လိုအပ်ပါတယ်။

ထွက်ပေါက်ရှာမိတတ်ကြတဲ့ လူ့သဘော
သည်းညည်းခံနိုင်စွမ်း အကန့်အသတ်နဲ့ လူသားတွေအဖို့မှာ ရံဖန် ရံခါ ထွက်ပေါက် မရှိတော့သလို ခံစားလာမိကြတဲ့အခါ ထွက်ပေါက် တလွဲတွေ ရှာမိတတ်ကြတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း နည်းပါးသူတွေအဖို့ ကိုယ့်ကိုကိုယ် သတ်သေသွားကြတာမျိုး ရှိနိုင်သလို အဲသည် ထွက်ပေါက်ဟာ အဖြေမဟုတ် ဆိုတာလည်း သိကြရပါမယ်။ လူရည်လူသွေး နိမ့်ကျသူ အချို့ကတော့ အခြား ထွက်ပေါက်တစ်ခု အနေနဲ့ အရက်နဲ့ မူးယစ်ဆေးကို သုံးတတ် ကြပါတယ်။ ဒါသည်လည်း ထွက် ပေါက် အစစ်အမှန်မဟုတ်ပြန်ပါဘူး။

ဇွဲနဲ့ ရင်ဆိုင်အန်တုတတ်ကြတဲ့ စံပြုထိုက် သူတွေ
ကိုယ့်ကိုယ်ကိုယ် ထိန်းညှိပြီး ရှိတာနဲ့ အကောင်းဆုံး မသေမချင်းရုန်းကန် တတ်ကြတဲ့၊ ရုန်းကန်လိုကြတဲ့ လူသားတွေရဲ့ သဘာဝကိုလည်း ကိုဗစ်ကာလ အကျပ်အတည်းတွေမှာ မြင်ကြရပါတယ်။

ထွက်ပေါက်မရှိ ပိတ်မိနေတဲ့ မြို့တော်ရန်ကုန်မှာ စားသောက်နေထိုင်ဖို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကလည်းရပ်၊ ကားနဲ့ လေယာဉ်တွေက လည်းရပ်ပြီး လက်မှာ ငွေကလည်း နည်းပါးနေတဲ့အတွက် ရန်ကုန်မှသည် မိမိ နေရပ် ကျွန်းစု မြို့သို့ ရှိသမျှ ရင်းမြစ်နဲ့ ငွေအင်အားကို သုံးကာ မိုင်ငါးရာကျော် ခရီးကို စက်ဘီးနဲ့ ပြန်လာဖို့ ကြိုးစားခဲ့တဲ့ စောလားဘွယ်ထူးက အဲသည်အဖြစ်တွေထဲမှာ သက်သေဖြစ်တယ်။ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်တဲ့ သည်အမျိုးသားဟာ ထွက်ပေါက်မရှိ ပိတ်မိနေတဲ့ မြို့တော်ရန်ကုန်က သည်းညည်းခံခြင်း အတိုင်းအဆ မကုန်ခင်မှာ ယောကျာ်း တို့ဇွဲနဲ့ ပိတ်ဆို့မှုတွေ ကျော်လွှားရင်း နေရပ်ကို အရောက်ပြန်ခဲ့တယ်။

သည်းညည်းခံခြင်းရဲ့ အခြားသာဓကတွေ
အခြား ဥပမာတွေက ကိုယ်တိုင် ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဆေးရုံတက် ဆေးကုခံခဲ့ရပြီး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပေမဲ့ အရပ်က အိမ်ပြန်ဖို့ လက်မခံတာမျိုး၊ အရပ်ကလက်မခံပါဘူးလို့ တနင်္သာရီ ဂျာနယ်မှာ ဆောင်းပါး ပါလာတော့ တာဝန်ယူ၊ တာဝန်ခံခြင်းမ ရှိပါဘဲ ယောင်ဝါးဝါး အဖြေတွေနဲ့ ဟိုကသည်ကို လွှဲချရင်း တုံ့ပြန်တာကို သည်းညည်းခံကြရတာမျိုး၊ အခြားအရပ်က လာသူတွေမှန်သမျှ ရွာကို ဖြတ်သန်းခွင့် မပြုဆိုတာမျိုးအပြင် ကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သက်သူတွေကို အရပ်ထဲ နေခွင့်မပြု ဆိုတာတွေမျိုး၊ ကိုဗစ် ရောဂါဖြစ်လို့ ဆေးရုံတင် ကုသခံရပါတယ်ဆိုတဲ့ လူနာက ဆေးရုံက ဆင်းခွင့်ရပြီး အိမ်ပြန်လာတဲ့ အချိန်အထိ ကိုယ်နဲ့ ထိစပ်မိလို့ သီးခြား (Quarentine)) အပို့ခံရတဲ့ မိသားစုတွေက ကွာရန်တင်း စင်တာတွေက အိမ်ပြန်ခွင့် မရသေးတာမျိုး၊ ကိုယ်က ကိုဗစ်ကူးစက် ခံရတာဖြစ်လို့ ရောဂါ လက္ခဏာရော၊ ဝေဒနာပါမရှိပါဘဲ ဆေးရုံ တင်ကုသခြင်း ခံရပေမဲ့ အိမ်မှာ ရောဂါအခံရှိတဲ့ ဖခင်ဖြစ်သူကို Stay Home နေခိုင်းရင်းက အဖေဆုံးပါးသွားလို့ အဖေ့ရုပ်အေလာင်းကိုမှ တွေ့ခွင့်မရလိုက်လို့ ခံစားကြရ တာမျိုး၊ ပုံမှန် ဆေးရုံ ဆေးခန်း ပြသနေရတဲ့ ရောဂါဝေဒနာသည် လူနာတွေ ကိုဗစ်ကာလမှာ ဆေးရုံ (ပုဂ္ဂလိက ဆေးရုံ)၊ ဆေးခန်းတွေ ပိတ်ထားကြလို့ ပြသခွင့်မရဘဲ အသက်ဆုံးရှုံးရတာမျိုး စတဲ့ သည်းညည်းခံရခြင်း အမျိုးမျိုးကိုလည်း ကိုဗစ်ကာလမှာ ကြုံကြရပါတယ်။

ကပ်ဘေးကာလ ပိတ်ဆို့မှုတွေမှာ အဲသလို ထွက်ပေါက်မရှိ ရုန်းကန်နေကြ ရသူတွေ အများကြီးရှိ နေနိုင်ပါတယ်။

တစ်နေ့ ရန်ကုန်က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ကြတော့ သူငယ်ချင်းရေ၊ မင်းတွေ့တဲ့အတိုင်း လူမှု မီဒီယာမှာ Online ကပဲ ငါတို့တွေ ရှိတာ ချရောင်းနေကြရတဲ့အဖြစ် ရောက်နေကြပြီကွယ်တဲ့။ ကိုဗစ်ရဲ့ ကပ်ဘေးမှာ ကိုယ့်ကိုကိုယ် ရှင်သန်နေထိုင်နိုင်ဖို့ အရာရာချပြီး စတေးကြရတော့မယ့် အချိန်မကြာခင် ရောက်တော့မယ်ဆိုတဲ့ အနေအထားဟာ ငြင်းမရနိုင်ပါဘူး။

သည်းညည်းခံနိုင်မှုဆိုတာ အတိုင်းအဆ (Threshold) ရှိပါတယ်။ အတိုင်းအဆ တစ်ခုကို ကျော်ပြီး ဘယ်သူကမှ သည်းညည်းမခံတတ်ကြတာ သဘာဝကျ ပါတယ်။ သည်အတိုင်းအဆကို မကျော်ခင်မှာ အရာရာ ပြောင်းလွယ် ပြင်လွယ် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အရေးကြီးပါတယ်။

သည့်အတွက် လမ်းတွေ ပြန်ဖွင့် နိုင်ဖို့ လိုအပ်ပါတယ်။ ရှင်သန်နေထိုင် ရပ်တည်နိုင်မှုနဲ့ လူသားဘဝတွေအတွက် အလုပ်အကိုင်နဲ့ အခွင့်အလမ်းမဲ့၊ မျှော်လင့်ချက်မဲ့ ရှင်သန်နေကြရတဲ့ အနေအထားက ပြန်လည် ရှင်သန် ရုန်းထွက်နိုင်ဖို့ အနေအထားတွေ ပြန်ရောက်လာဖို့ အရေးပါလှပါတယ်။

အစွန်းတရားနှစ်ဘက်နဲ့ ကပ်ဘေးကာလ သည်းခံရခြင်းတွေ
တစ်ဘက်မှာ ကပ်ဘေးဆိုးကြီးကြောင့် ယို့ယို့နဲ့ ညာသံတွေပေးကာ အလုံပိတ် ဆို့ထားမယ်ဆိုတဲ့ အတွေးအမြင်နဲ့ ပိတ်ဆို့ကြရမယ်လို့ ဆိုကြတဲ့သူတွေ ရှိသလို အခြားတစ်ဘက်မှာ အချိန်ကန့် သတ်ချက်မဲ့၊ အတိုင်းအဆမဲ့ သည်ကပ် ဘေးမှာ ပုံမှန် လူမှုဘဝ ရှင်သန်ရပ်တည် နေထိုင်မှုနဲ့ လူသားတွေရဲ့ ဘေးကင်း လုံခြုံမှုကို တစ်ပါတည်း ဆောင်ယူဖို့ နည်းလမ်းတွေ ရှာကြရမယ်လို့ ဒိဋ္ဌဓမ္မ ကျကျ မျှမျှတတ တွေးကြသူတွေကတစ် ဖက် ရှိကြပါတယ်။

ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ ဘာဆုံး ဖြတ်ချက်ကိုပဲ ချချ၊ အသိနဲ့ ဉာဏ်ပညာကို အခြေခံကြဖို့၊ စိတ်ခံစားချက်နဲ့ လုပ်ချင်ရာ လုပ်တာမျိုးတွေ မဖြစ်ဖို့၊ သုတေသန ကို အခြေခံပြီး အဖြစ်သင့်ဆုံး အရာတွေထဲက အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ချက်ချ မှတ်နိုင်ခွင့် ရှိနေကြသူတွေက ဆုံးဖြတ် ချက် တွေချနိုင်ဖို့၊ ကိုယ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူတာဝန်ခံ စိတ်တွေ ရှိကြဖို့၊ အငြင်းပွားစရာ အကြောင်းခြင်းရာတွေ ရှိလာပါက ငါက ဆုံးဖြတ် ချက် ချနိုင်သူပဲ၊ ငါလုပ်ချင်ရာငါလုပ်မယ်၊ ငါလုပ်တာ အမှန်လို့ ထင်ရာမစိုင်း ကြပါဘဲ ကိုယ်ချင်းစာစိတ်အပေါ် အရင်းခံ ချင့်ချိန် စဉ်းစားတတ်ကြဖို့ ဆုတောင်း ရင်း အရာရာကို ကပ်ဘေးကာလမှာ ကျွန်တော်တို့တွေ သည်းညည်းခံနေကြရ ဦးမှာတော့ မလွဲပါဘူး။

အဆုံးကို မမြင်နိုင်သေးတဲ့ သည်ကပ်ဘေးကာလ အစွန်းနှစ်ဘက်ရဲ့ကြားမှာ ကျွန်တော်တို့တွေရဲ့ သည်းညည်းခံမှုတွေနဲ့ လူမှု ဘဝတွေ ရပ်တည်နိုင်၊ ရှင်သန်နိုင်ဖို့ အရာရာကို သည်းညည်းခံ ကြရင်းက ကြိုးစား ရုန်းကန်နေကြရဦးမယ် ဆိုတာက အသေအချာပါပဲလို့ ဆိုပါ ရစေလား။

ကိုရိုးဆေး