သတ္တုကုမ္ပဏီထံမှ လျော်ကြေး သိန်း ၁၀ဝ၀ ကျော်ရလိုမှု တရားရုံးတွင်လျှောက်ထား

0
298
Dawei Watch, Dawei News, Dawei News Media

ဟိန္ဒားသတ္တုမိုင်းတူးခွင့်ရ မြန်မာ ပွန်ပီပက်(MPC) ကုမ္ပဏီထံမှ သိန်းတစ် ထောင်ကျော် လျော်ကြေးရရန်ရှိရန်အတွက် အမှုအနိုင်ရရှိထားသူ ကရင် တိုင်းရင်းသား စောဒါးရွှေက တရားရုံးတွင် အမှုဖွင့်လှစ်လျှောက်ထားလိုက် ပြီဖြစ်သည်။

ထားဝယ်ခရိုင်တရားရုံးတွင် အောက် တိုဘာလ ၁၉ ရက်က တရားမဇာရီမှုဖွင့် လျှောက်ထားလိုက်ခြင်းဖြစ်ကြောင်း စောဒါးရွှေဘက်က လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်အေးက ပြောသည်။

ဟိန္ဒားမိုင်းပိတ်သိမ်းရေးစီမံချက် တင်ပြီးဟုဆို

မြန်မာပွန်ပီပက်ကုမ္ပဏီမှ သတ္တု စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျှော်ကြေးငွေရလိုကြောင်း စောဒါးရွှေက ၂၀၁၅ ခုနှစ် တွင် တရားစွဲဆိုခဲ့သည်။

ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံး က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အမိန့်ချမှတ်ခဲ့သည်။

ယင်းနောက် ကုမ္ပဏီဘက်က တိုင်းတရားလွှတ်တော်ထံ အယူခံဝင်ခဲ့သည်။ ယင်းအယူခံအမှုကို ၂၀၂၀ ပြည့် နှစ်၊ ဇွန်လ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ရာ စေားဒါးရွှေက ထပ်မံအနိုင်ရရှိခဲ့သည်။

တိုင်းတရားလွှတ်တော်၏ အမိန့်ကို မကျေနပ်ပါက မြန်မာပွန်ပီပက်ကုမ္ပဏီ အနေဖြင့် ရက်ပေါင်းကိုးဆယ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံတင်သွင်းခွင့်ရှိသည်။ ရက်ပေါင်း ကိုးဆယ်မှာ စက်တင်ဘာလ ၂၆ ရက်က ပြည့်သွားပြီဖြစ်သည်။

အယူခံဝင်ရက်ကျော်လွန်သည်အထိ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ဘက်မှ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသောကြောင့် စောဒါးရွှေ တို့ဘက်က လျော်ကြေးငွေပေးချေရန် တရားမဇာရီမှုဖွင့်လှစ်ကာ ငွေတောင်းခံခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ရှင်းပြသည်။

ထားဝယ်ခရိုင်တရားရုံးကလည်း စောဒါးရွှေတို့၏ ငွေတောင်းခံသည့် လျှောက်ထားချက်ကို လက်ခံထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် မြန်မာပွန်ပီပက်ကုမ္ပဏီက အမှုရင်ဆိုင်ရန် ကိုယ်စားလှယ်လွှဲထား ခြင်းခံရသူ ဦးဝင်းဇော်လေးကမူ တရားရုံးဘက်မှ တရားမဇာရီမှုကိစ္စ အကြောင်းကြားလာခြင်းမရှိသေးကြောင်း အောက်တိုဘာလ ၂၂ ရက်က ပြောသည်။

ဟိန္ဒားသတ္တုတွင်းတူးခွင့်ရကုမ္ပဏီအား ဆက်လုပ်ခွင့်ပြုမည်ကို ဒေသခံများစိုးရိမ်

ယင်းအပြင် ရန်ကုန်မြို့ရှိ ရှေ့နေများဖြင့် ယင်းအမှုကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ ထပ်မံအယူခံဝင်ထားကြောင်း ဦးဝင်းဇော်လေးက ဆိုသည်။

“အယူခံဆက်တက်ထားပါတယ်။ ရန်ကုန်က ရှေ့နေတွေအယူခံဆက်တက် ထားပါတယ်” ဦးဝင်းဇော်လေးက ဆို သည်။

ဥပဒေအရမူ တရားရှုံးဖြစ်သူဘက် က အဆင့်မြင့်တရားရုံးများထံ အယူခံဝင် နေပါက လျော်ကြေးငွေကို ပေးချေစရာ မလိုသေးပေ။

ယင်းအတွက်ကြောင့် ကွမ်းသီးပင်များ ဆုံးရှုံးခဲ့ရသည်မှာ ဆယ်နှစ်ဝန်းကျင် ကြာလာပြီဖြစ်သည့် ကရင်တိုင်းရင်းသား စောဒါးရွှေမှာ လျော်ကြေးငွေရရန် မသေ ချာသေးသည့် အနေအထားတွင် ဆက်ရှိနေမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာပွန်ပီပက်ကုမ္ပဏီသည် ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့် သက်တမ်းကုန်ဆုံးနေသဖြင့် ထပ်မံ လျှောက်ထားရာ ယင်းကိစ္စအား ခွင့်မပြုသင့်ကြောင်း တိုင်းအစိုးရ၏ သဘောထားကို ပြည်ထောင်စုထံ ပေးပို့ထားသည်။

သတ္တုမိုင်း ပိတ်သိမ်းရေးအစီအမံကိုလည်း တင်ထားပြီးဖြစ်ကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာက ပြောဆိုထားသည်။

သို့သော် ဦးဝင်းဇော်လေးကမှု ဟိန္ဒားတွင် သတ္တုဆက်တူးခွင့်ရရေးကို ကုမ္ပဏီဘက်က ပြည်ထောင်စုအဆင့်တွင် ကြိုးစားနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

ဟိန္ဒားဒေသခံအချို့ကမူ မြန်မာ ပွန်ပီပက်ကုမ္ပဏီသည် သတ္တုတွင်းနှင့် ဆိုင်သည့် ဥပဒေများကို လိုက်နာမှုအား နည်းသည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ယင်းကုမ္ပဏီအား ဆက်လုပ်ကိုင်ခွင့် မပေးရေး အစိုးရထံ စာပို့တောင်းဆိုထား ကြသည်။

ကျော်သူစိုး