သစ်အိုပင်တို့အတွက် နှုတ်ဆက်တေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်နေ့က ထားဝယ်သား အဆိုတော်လည်းဖြစ်တဲ့ မိတ်ဆွေက ဖုန်းဆက်လာပါတယ်။ တိုင်းရင်းသားပန်းခြံထဲက သစ်ပင်ကြီးတွေကို ခုတ်လှဲနေတာ မြင်လို့မကောင်းလို့ လာကြည့်ပါဦး ဆိုပြီး ခေါ်ပါတယ်။ ဖုန်းထဲမှာ ကြားရတဲ့ သူ့အသံက စိတ်ထိခိုက်နေပုံပါပဲ။

ပန်းခြံကို ရောက်သွားတော့လည်း တကယ့်စိတ်ထိခိုက်ဖွယ်ရာမြင်ကွင်းကို တွေ့ရပါတယ်။

သစ်ခုတ်အလုပ်သမားတွေနဲ့ လက်ကိုင်လွှစက်တို့ရဲ့ လက်ချက်နဲ့ အပင်ကြီးတွေဟာ တုံးလုံးပတ်လက် လဲကျနေပါ ပြီ။ တချို့အပင်တွေဆိုရင် သားသတ် ဆိုင်က အသားတစ်တွေလို အပိုင်းပိုင်း အပြတ်ပြတ် ခုတ်ထစ်ဖြတ်တောက်ပြီးသွားကြပါပြီ။

ဟာလာဟင်းလင်းဖြစ်သွားတဲ့ ကွင်းပြင်မှာ အေးမြတဲ့အရိပ်တွေ ပျောက်ဆုံးသွား ပြီဖြစ်သလို မြို့ရဲ့ကျန်းမာရေးအတွက် အရေးပါတဲ့ အဆုတ်တွေပျက်စီးသွားသလိုမျိုးလည်း ခံစားရပါတယ်။

အဲဒီလိုမလုပ်ဖို့အတွက် တားမြစ်နိုင်တဲ့အခြေအနေက ကျွန်တော်တို့မှာ ရှိမနေပါဘူး။ ရှိနေခဲ့မယ်ဆိုရင်တောင် နောက်ကျသွားခဲ့ပါပြီ။ ခုတ်လှဲပြီးသွား ပြီဖြစ်လို့ ဘယ်လိုလူကမှ ပြန်ပြီး ထောင်မတ် ရှင်သန်လာအောင် လုပ်ပေးနိုင်စွမ်း မရှိတော့ပါဘူး။

“ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ။ ဒီလိုအပင်ကြီးတွေ ဗျာ၊ ဒီလိုလှဲလို့ ရလားဗျာ”

ကျွန်တော့်မိတ်ဆွေက မကျေမချမ်း မြည်တမ်းပါတယ်။ ခုတ်လှဲနေတဲ့ အလုပ်သမားတွေကို မေးကြည့်တော့ ဒါဟာ စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်တာလို့ သိရပါတယ်။

ဒီလိုလှဲဖို့အတွက် စည်ပင်သာယာအနေနဲ့ ဘယ်နှခါဘယ်နှကြိမ် စည်းဝေး စဉ်းစားခဲ့ကြပါလိမ့်လို့ ကျွန်တော်က တွေးကြည့်မိပါတယ်။ ဒီကိစ္စမျိုးဆိုနှစ်ခါ ပြန်မစဉ်းစားဘူးလို့များ ဖြစ်နေမလားလို့လည်း စိတ်ပူမိပါတယ်။

တစ်ခဏအတွင်းမှာ အပင်တွေ တစ်ပင်ပြီးတစ်ပင် လှဲပစ်ဖို့ လွယ်ပေမဲ့ ဒီလိုအပင်တွေ ပြန်ဖြစ်အောင်တော့ နှစ်ပေါင်းများစွာ အချိန်ယူ ပြုစုစောင့်ရှောက်ဖို့လိုတယ်ဆိုတာကို လူတိုင်းက သိနားလည်ကြမှာပါ။ ဒါဖြင့်ရင် ဘာဖြစ်လို့ လုပ်ကြတာလဲ။

လှဲထားပြီးဖြစ်တဲ့ အပင်တွေကို ကျွန်တော်တို့နှစ်ယောက်သား တစ်ပင်ပြီး တစ်ပင် လိုက်ကြည့်ကြ၊ ပါလာတဲ့ဖုန်းနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကြပြီး မှတ်တမ်းအဖြစ် ယူကြပါတယ်။ အဲဒီလိုလုပ်နေရင်း သူက တဖျစ်တောက်တောက် လုပ်နေ ပါသေးတယ်။

“လုံးဝစိတ်မကောင်းဘူးဗျာ။ ဒီ အပင်ကြီးတွေဗျာ။ အခုဗျာ ပန်းခြံထဲမှာ လုံးဝပူလောင်နေတယ်ဗျာ” လို့ မိတ်ဆွေ က ထပ်ပြီး ကြေကွဲစကား ဆိုပြန်ပါတယ်။

ကျွန်တော့်မှာလည်း သူ့ကို နှစ်သိမ့်ဖို့ စကားလုံးတွေ ရှိမနေပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူ့လိုပဲ ခံစားနေရတာပဲ မဟုတ်လား။

ပြီးခဲ့တဲ့ရက်တွေထဲမှာ ဒီပန်းခြံဘေးကနေ ဖြတ်သွားတိုင်း အုပ်အုပ်ဆိုင်းဆိုင်းရှိနေတဲ့ သစ်ပင်တွေကို ငဲ့စောင်း ကြည့်မိပါတယ်။ သေသေချာချာ ရေတွက်မထားမိခဲ့ပေမဲ့ အပင်တွေဟာ ဆယ်ဂဏန်းဝန်းကျင်လောက်များ ရှိမလားပဲလို့ အခု ပြန်တွေးကြည့်မိပါတယ်။ စုံတွဲ တချို့တလေကိုလည်း သစ်ပင်တွေအောက်မှာ ဆိုင်ကယ်ကလေးတွေနဲ့အတူ တွေ့ရတတ်ပါတယ်။

အခုတော့ အဲဒီပုံရိပ်တွေဟာ အတိတ်ပုံပြင်တွေ ဖြစ်သွားကြပါပြီ။ ဘာဖြစ်လို့ အခုလိုလုပ်လိုက်ကြတာပါလိမ့်ဆိုတဲ့မေးခွန်းကိုပဲ ကျွန်တော့် စိတ်ထဲမှာ အထပ်ထပ်အပြန်ပြန် မေးနေမိပါတယ်။ ဒါနဲ့ပဲ သက်ဆိုင်ရာ စည်ပင်ဌာနကို ဆက်သွယ်မေးမြန်းဖို့ ပြင်လုပ်ရပါတယ်။

ဒါပေမဲ့လည်း စည်ပင်ဌာနမှာ ကျွန်တော့်အသိအကျွမ်းတွေ ရှိမနေတာမို့ ရင်းနှီးတဲ့တစ်ယောက်ကိုပဲ အကူအညီ တောင်းရပါတယ်။ သူကတော့ အဲဒီလူ တွေနဲ့ အကျွမ်းတဝင်ရှိနေတာကြောင့် ပိုကောင်းမယ်လို့လည်း တွေးမိတာပါ။

ညနေပိုင်းလောက်ကျတော့ ကျွန် တော်သိချင်နေတဲ့အဖြေကို ပြန်ကြား ရပါတယ်။ စည်ပင်ကော်မတီရဲ့အမှု ဆောင်အရာရှိက အဖြေပေးလိုက်တာပါ။ ပန်းခြံထဲမှာ ထီးအမိုးပါတဲ့ ထိုင်ခုံ တွေလုပ်ဖို့ရှိတယ်။ ကွန်ကရစ်လျှောက် လမ်းတွေလည်း လုပ်ဖို့ရှိတယ်။ အဲဒါကြောင့် ရှင်းရတာပါတဲ့။ ဖြစ်ရလေ။

ပြီးတော့လည်း အန္တရာယ်ရှိတဲ့ အပင်တွေကို လှဲပစ်ဖို့ အထက်ရဲ့ညွှန်ကြားချက်အရကြောင့်လည်း လုပ်ရတာပါတဲ့။ လေပြင်းတိုက်တာတို့၊ မုန်တိုင်း တို့တွေကြောင့် အပင်တွေလဲကျနိုင်တယ်။ ဒီလိုလဲတဲ့အခါ လူတွေကိုလည်း အန္တရာယ် ဖြစ်စေမယ်၊ ပြီးတော့ သူတို့လုပ်မယ့် ထီးအမိုးပါထိုင်ခုံတွေ၊ လျှောက်လမ်းတွေ ကိုလည်း ပျက်စီးစေမယ်၊ အဲဒါကြောင့် ဖြစ်ပါတယ်တဲ့။ သူ့အကြောင်းပြချက် နဲ့သူတော့ ဟုတ်နေတာပါပဲ။

အန္တရာယ်ရှိတဲ့အပင်ဆိုတာကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားပါလိမ့်။ ဒါကိုတော့ ကျွန်တော့်ဘက်က ပြန်မေးနိုင်ခြင်း မရှိခဲ့ပါဘူး။ မခုတ်လှဲခင်က မြင်တွေ့ရသလောက်ကတော့ အဲဒီအပင်တွေဟာ တခြားသစ်ပင်တွေထက် အိုမင်း ခြောက်လှန့်နေတယ်လို့တော့ မခံစားမိပါဘူး။

အရိပ်ပေးနေတဲ့အပင်တွေကို ခုတ်လှဲပြီး ထီးအမိုးတွေ လုပ်မယ်ဆိုတာကို သိရတဲ့အခါ အူကြောင်ကြောင် ဖြစ်ရပြန်ပါတယ်။ ကျွန်တော်တို့မှာ ခေတ်မီတဲ့ အမြင်တွေ ရှိမနေတာပဲလားတော့ မပြောတတ်ပါဘူး။ ထီးအရိပ်ထက် သစ်ပင်အရိပ်ကိုပဲ ပိုမြတ်နိုးမိနေတာတော့ အမှန်ပါပဲ။

သစ်ပင်တွေဆိုတာက ကျွန်တော်တို့ သက်ရှိကမ္ဘာလောကကြီးအတွက် မရှိမဖြစ် အရေးကြီးတဲ့ အောက်ဆီဂျင် ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးနေတာဖြစ်တယ် ဆိုတာကို ကလေးကအစ သိနှင့်ပြီး ဖြစ်ကြပါတယ်။ အဲဒါအပြင် ကမ္ဘာကြီးကို ပူနွေးလှောင်အိုက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေး နေတာပါ။

အခုနှစ်တွေထဲမှာ ကမ္ဘာနဲ့အဝှမ်း အပူချိန်မြင့်တက်လာမှုပြဿနာဟာ အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်လာနေပြီး လူသားတွေရဲ့ဖြစ်တည်မှုကို ခြောက်လှန့်နေပါတယ်။ ဒီလောက်ဗဟုသုတကိုလည်း လူတိုင်းနီးနီး သိထားကြပြီး ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာလည်း သစ်တောပြုန်းတီးမှုကပ်ဘေး သင့်နေတာ ကာလရှည်ကြာနေပါပြီ။ ၁၉၈၈ ခုနှစ်ကနေ နှစ်စဉ်ပဲ ဝ ဒသမ ၈၇ ရာခိုင်နှုန်းလောက် ပြုန်းတီးနေခဲ့တာ နှစ်သုံးဆယ်လောက် ရှိပါပြီ။ အထူးသဖြင့် အထက်အညာဒေသမှာ ကွင်းခေါင်ခေါင်၊ ကုန်းပြောင်ပြောင်ဧရိယာတွေပဲ ဖြစ်ကျန်ရစ်ခဲ့တာဟာ စိုးရိမ်ရမယ့် အနေအထား ဖြစ်လာပါပြီ။ မိုးခေါင်တဲ့ နှစ်တွေ ပိုများလာသလို အခြေားတစ်ဖက်မှာလည်း ရေကြီးရေလျှံတာနဲ့ သဘာဝဘေးဒဏ်တွေလည်း ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာပါတယ်။ ဒါတွေဟာ သစ်ပင်တွေကို ခုတ်လှဲပစ်ခြင်းရဲ့ အကျိုးဆက်တွေပါ။

တနင်္သာရီဒေသမှာ သစ်တောတွေ အထိုက်အလျောက်ကျန်နေသေးတယ်ဆိုပေမဲ့ မထိန်းသိမ်းဘူးဆိုရင်တော့ တစ်ချိန်မှာ အခြားဒေသတွေလိုမျိုး ဖြစ်လာမှာပါပဲ။ တကယ်လို့ ခုတ်ဖို့စိတ်ကူးမိလာရင်လည်း အကြိမ်တစ်ရာ၊ တစ်ထောင် လောက် အဖန်ဖန် စဉ်းစားသုံးသပ်သင့် ပါတယ်။ ချင့်ချိန်သင့်ပါတယ်။

ကြားဖူးတဲ့ ဟာသလေးတစ်ခု ရှိပါတယ်။ သစ်ပင်အကြီးကြီးတစ်ပင်ကို ခုတ်လိုက်တယ်။ အဲဒီတော့ သူ့မှာ ခိုနားစရာ အရိပ်မရှိတော့ဘူး။ ဒီတော့ ဘာလုပ်လဲဆိုတော့ သူခုတ်ထားတဲ့ သစ်ပင်ကို ခွဲစိတ်ဖြတ်တောက်ပြီး ရလာတဲ့သစ်ကို ထိုင်ခုံနဲ့ စားပွဲလေးတွေ လုပ်လိုက်တယ်။ ပြီးတော့ အဲဒါကို နေမပူစေရအောင်ဆိုပြီး အမိုးလေးလုပ်ပေးလိုက်တယ်။ သစ်ခုတ်သမားတွေကို သရော်တဲ့ ဇာတ်လမ်းလေးပါပဲ။

အခုဖြစ်စဉ်ကလည်း အဲဒီဟာနဲ့ မခြားနားလှပါဘူး။
ဒါက မြင်သာတဲ့ကိစ္စတွေပါ။ သစ်ပင်တွေနဲ့ရှိနေခြင်းနဲ့ပတ်သက်လို့ မမြင်သာတဲ့ ကောင်းကျိုးတွေကိုလည်း ပညာရှင်တွေက စူးစမ်းဖော်ထုတ်ထားချက်တွေ အများအပြား ရှိနေပါသေးတယ်။ တစ်နည်းအားဖြင့် ခုတ်လှဲပစ်ခြင်းရဲ့ ဆိုးကျိုးတွေပေါ့။

သစ်ပင်တွေ ရှိနေခြင်းဟာ မြို့ပြတွေမှာဆို လမ်းမတွေရဲ့ အပူချိန်ကို ၂ ဒီဂရီ ကနေ ၄ ဒီဂရီ ဖာရင်ဟိုက်အထိ လျော့ကျစေပါတယ်။ ပြီးတော့ သစ်ပင်တွေဟာ ရေကြီးရေလျှံတာတွေကို သက်သာစေပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးတွေကို အထောက်ကူဖြစ်စေပါတယ်။ လေထုကို သန့်စင်ပေးပါတယ်။ နောက်တစ်ခုက အနီးနားက အိမ်၊ ခြံ၊ မြေတွေရဲ့ တန်ဖိုး ကို မြှင့်တင်ပေးစေပါတယ်။ ဆိုလိုတာက သစ်ပင်တွေရှိတဲ့ နေရာကို လူတွေက နေထိုင်ဖို့ ပိုသဘောကျတတ်ကြတာပါ။ နောက်ပြီး သားငှက်တိရစ္ဆာန်တွေ မျိုးတုန်း ပျောက်ကွယ်မသွားဖို့ သစ်ပင်တွေက စောင့်ရှောက်ပေးပါတယ်။

တောကျေးလက်တွေမှာ သစ်ပင် ခုတ်တာဟာ သူတို့ရဲ့စိုက်ပျိုးမြေတွေကို ချဲ့ထွင်ဖို့ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ အဲဒါဟာ သူတို့ဘဝတွေ ရှင်သန် ရပ်တည်ရေးကိစ္စဖြစ်ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်တွေကို ကျယ်ကျယ် ပြန့်ပြန့် တွေးတောဆင်ခြင်နိုင်မှာမဟုတ်ကြပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရပ်မျိုး ကိုတောင် အတတ်နိုင်ဆုံး တားဆီးကန့် သတ်နေရချိန်မှာ မြို့ပြကို စီမံခန့်ခွဲ နေသူတွေဟာ လျှောက်လမ်းခင်းဖို့၊ ထိုင်ခုံတွေ ချထားဖို့ကိစ္စရယ်လောက်နဲ့ ခုတ်လှဲ ပစ်တာဟာ ထိုက်တန်မှန်ကန်ပါရဲ့လား။ အန္တရာယ်ဖြစ်စေနိုင်လို့ဆိုတဲ့အကြောင်းပြချက်ကရော လုံလောက်ရဲ့လား။

ကျွန်တော်ဟာ တစ်ဆက်တည်းမှာပဲ သူတို့ပြောတဲ့ ထီးအမိုးတွေ၊ ထိုင်ခုံတွေကို စိတ်ကူးကြည့်မိပါတယ်။ ထိုင်ချင် စရာကောင်းတဲ့ ထိုင်ခုံတွေ ဖြစ်မလား၊ မိုးပေးမယ့်အမိုးတွေက အေးမြတဲ့အရိပ်ကို ဆောင်ကြဉ်းပေးမလား၊ ကျွန်တော့် အာရုံထဲမှာတော့ မသေချာမရေရာပါဘူး။ ဒါပေမဲ့ အဲဒါတွေအတွက် သုံးစွဲကုန် ကျမယ့် ပိုက်ဆံတွေကိုလည်း မြင်ယောင်မိပါတယ်။

ကျွန်တော်တို့ဟာ ရှိထားပြီးသား သစ်ပင်ကြီးတွေကို ဆုံးရှုံးလိုက်ရပြီးပါပြီ။ နောက်ထပ် ဘာတွေ ထပ်ပြီး ဆုံးရှုံးရဦးမှာလဲ။ ဒီမေးခွန်းတွေ ကျန်ရစ်ပါတယ်။

ကန့်မောင်တာ