ကိုဗစ်ကပ်ဘေးအတွင်း ထိုင်းထီ ခေတ်စားလာ

0
428

ထိုင်းနိုင်ငံတွင် တရားဝင်ဖွင့်လှစ်နေသည့် ထိုင်းနိုင်ငံ၏ အောင်ဘာလေထီလက်မှတ်များမှာ ကိုဗစ်ကပ်ဘေးအတွင်း ထားဝယ်ဒေသတွင် ရောင်းဝယ်မှု ပိုမိုတွင် ကျယ်လာခဲ့သည်။

အဆိုပါ ထီလက်မှတ်မှာ တစ်လလျှင် နှစ်ကြိမ် ထီဖွင့်လေ့ရှိပြီး ဘတ်နှစ် ထောင်မှ ဘတ်ခြောက်သန်းဆုအထိ ပေါက်မဲရှိသည်ဟုဆိုသည်။

ဂဏန်းခြောက်လုံးပါ အဆိုပါထီ လက်မှတ်တစ်စောင်လျှင် ကျပ် ၅၅၀ဝ ဖြင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချနေကြ ခြင်းဖြစ်သည်။

ထီဆုအသေးပေါက်ပါက ဘတ်ဈေး အပေါ်မူတည်ကာ ထားဝယ်မြို့ရှိ ကိုယ်စားလှယ်က ကျပ်ငွေဖြင့် ထုတ်ပေးနေသည်။ ထိုဆုပေါက်မဲအပေါ် ၂ ရာခိုင် နှုန်းကိုလည်း အဖြတ်ခံရမည်ဖြစ်သည်။

ဆုကြီးပေါက်ပါက ထားဝယ်မြို့ရှိ ကိုယ်စားလှယ်က ထိုင်းနိုင်ငံတွင် ထုတ်ပေးမည်ဟု ပြောဆို ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါထီလက်မှတ်ကို တစ်စောင်လျှင် ကျပ်ငါးထောင်ဖြင့် ထားဝယ်မြို့နေ အမျိုးသမီးတစ်ဦးထံမှဝယ်ပြီး ကျပ်ငါးရာ အမြတ်တင်ကာ ရောင်းချခဲ့ကြောင်း တစ်ဆင့်ခံပြန်ရောင်းဖူးသည့် အသက် သုံးဆယ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရောင်းအားကောင်းတာပဲ။ အခုတောင် ရောင်းလို့မအားလို့ နားထားလိုက်ပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သည့် ချဲထီမှာ အဆိုပါထီဆုစနစ်မှ ဘတ်ခြောက်သန်းတန် ပေါက်ဂဏန်း၏ နောက်ဆုံးဂဏန်း သုံးလုံးကို ယူထားခြင်း ဖြစ်သည်။

အဆိုပါ ထိုင်းထီအမျိုးအစားမှာ လောင်းကစားဥပဒေအရ မြန်မာနိုင်ငံတွင် တရားမဝင်သည့် လောင်းကစားမှု ပင်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကိုယ့်မြန်မာပြည်က ထီမှမဟုတ်တာ တရားမဝင်ဘူးလေ။ နှစ်လုံး သုံးလုံး နဲ့အတူတူပဲ ငြိတာပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ တရားမဝင်ရောင်းချနေသည့်အပေါ် စိစစ်အရေးယူရန် ညွှန်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါထီလက်မှတ်များကို အွန်လိုင်းပေါ်တွင် ပေါ်ပေါ်တင် တင်ရောင်းချနေကြဆဲဖြစ်သည်။