ကိုဗစ်ကြောင့်ရပ်နားလိုက်ရသည့် အလှဖန်တီးရှင်တို့၏ ဘောလုံးပွဲ

0
287

အလှဖန်တီးရှင်ဟု ဆိုလိုက်လျှင် အများအားဖြင့် အမျိုးသမီးကဲ့သို့ နွဲ့နွဲ့ နှောင်းနှောင်း ပြုမူနေထိုင်သူများကို ပြေးမြင်မိကြပေမည်။ ထို့အပြင် ဘောလုံးအသင်းဟုဆိုလိုက်လျှင် အများစုမှာ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းကို သိကြပေလိမ့်မည်။

ထားဝယ်ဒေသတွင်မူ ကိုဗစ်ကပ်ဘေး ပထမလှိုင်းပြီးခါစက အလှဖန်တီးရှင်များဖြင့် ဖွဲ့စည်းထားသည့် ဘောလုံးအသင်းများ ပေါ်ပေါက်လာကြသည်။ ထိုသူတို့မှာ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) များ ဖြစ်သည်။

ရှေ့တန်းတိုက်စစ်မှူးမှ ဂိုးသမားအထိ ဘောလုံးအသင်းသားအားလုံးကို အလှဖန်တီးရှင်များဖြင့် ဖွဲ့စည်းထားသည်။

ယင်းသို့ မိတ်ကပ်ဆရာတို့ဖြင့် ဖွဲ့စည်းထားသည့် ဘောလုံးအသင်း သုံးသင်းခန့် ပေါ်ထွက်လာခဲ့သည်။

ထားဝယ်အသင်း၊ လောင်းလုံးအသင်း၊ ကျောက်နီမော်အသင်းတို့ဖြစ်ပြီး နောက်ထပ်လည်း နှစ်သင်းဖွဲ့စည်းရန် ရှိနေသေးသည်။

သို့သော် ကိုဗစ်ကပ်ဘေးကြောင့် အသင်းမဖွဲ့နိုင်သေးကြောင်း ထားဝယ်မြို့နယ်အသင်း ခေါင်းဆောင်ဖြစ်သူ မိတ်ကပ် သွန်းအိမ်ဆင့်(ခေါ်) သားကြီးငယ်က ရှင်းပြသည်။ ထားဝယ်မြို့နယ်အသင်းမှာ ပြီးခဲ့သည့် နှစ်လခန့်က စတင် ဖွဲ့စည်းခဲ့ပြီး လောင်းလုံးမြို့နယ်အသင်းနှင့် ခြေစမ်းကစားခဲ့သေးသည်။

လောင်းလုံးအသင်းနှင့် ကျောက်နီမော်အသင်းက ထားဝယ်အသင်းထက် အသင်းဖွဲ့စည်းချိန် ပိုစောသည်။

သို့ရာတွင် ကိုဗစ်ကပ်ဘေးကြောင့် တစ်ပွဲသာ ကန်လိုက်ရပြီး ပွဲစဉ်ရပ်နား ထားရကြောင်း မိတ်ကပ် သွန်းအိမ်ဆင့် က ဆိုသည်။

“နောက်ပိုင်း (ကိုဗစ်အလွန်)ဆို ဒိုင်းဆုနဲ့ လုပ်ဖို့ အစီအစဉ်ရှိတယ်” ဟု သူက ပြောသည်။

နည်းပြလိုအပ်ချက်ကိုမူ ဘောလုံးလောကမှ ကျွမ်းကျင်သည့် ဆရာကို အကူအညီတောင်းခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ်အသင်းကမူ ကိုဗစ်ဒုတိယလှိုင်းမတိုင်မီက ဘောလုံးပွဲ လေးပွဲခန့် ကန်ပြီးဖြစ်ကြောင်း အဆိုပါ အသင်းတွင် ကစားနေသည့် မင်းကိုထွေး က ဆိုသည်။

ဘောလုံးအသင်းအဖြစ် မဖွဲ့ဖြစ်သေးပါက ရွာအလိုက် LGBT များ စုပြီး ကန်လေ့ရှိကြောင်း ၎င်းက ပြောသည်။

LGBT ဘောလုံးအသင်းများတွင် ပွဲထွက်ကစားသမားများအပြင် အရန်ကစားသမား လေးဦးဝန်းကျင်အထိ ရှိကြောင်း LGBT အချို့ထံမှ သိရသည်။