အိမ်ပြန်ချင်တယ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ခြေထောက်သည်သာ အားကိုးရာ

တစ်နေ့မှာ Dawei Watch သတင်းဌာနရဲ့ ရုံးဖုန်းဆီကို ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပါတယ်။

ဖုန်းကို ကောက်ကိုင်လိုက်တဲ့အခါမှာ “ကျွန်တော်တို့ အိမ်ပြန်ချင်တယ်” ဆိုပြီး တစ်ဖက်က ပြောလာပါတယ်။

ကူညီနိုင်တာရှိရင် ကူညီပေးဖို့ ဖုန်းဆက်လာတာဖြစ်ပါတယ်။ အခုတော့ ကိုမျိုးမင်းစိုးအပါအဝင် လူငယ်လေးဦးဟာ ရန်ကုန်ကို ပြန်ဖို့ ထားဝယ်ကနေ ခြေလျင်ပဲ ထွက်ခွာသွား ကြပါပြီ။

“သွားလို့ရတဲ့နေရာအထိ ကျွန်တော် တို့သွားမယ်။ သွားလို့မရတော့တဲ့နေရာမှာ ကျွန်တော်တို့ရပ်နေမယ်” လို့ အဲဒီ လေးဦးထဲက တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းစိုး က ပြောပါတယ်။

သူတို့လေးဦးကတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ မှော်ဘီမြို့နယ်တွေက ဖြစ်ပါတယ်။ သုံးယောက်က အသက် ၂၀ ကျော် အရွယ်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ၃၀ ဝန်းကျင်ပါ။

ကိုဗစ်ကပ်ဘေးကာလအတွင်း သူတို့ဟာ ရန်ကုန်မှာ အလုပ်အကိုင် အဆင်မပြေမှုကို ကြုံခဲ့ရပါတယ်။ ဒါနဲ့ပဲ အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းထဲကို စွန့်စားပြီး ထွက်ခွာလာခဲ့ကြပါတယ်။ အဲဒီတုန်းက ၁၅ ယောက်အဖွဲ့ ပါ။

ပင်လယ်ကျွန်းစုတွေ ပေါများလှတဲ့ မြိတ်ခရိုင်အတွင်းက ပုလောမြို့မှာ အိမ်ဆေးသုတ်တဲ့ အလုပ်ကို သူတို့ ရရှိခဲ့ပါတယ်။ သူတို့ဟာ ရန်ကုန်မှာလည်း အဲဒီအလုပ်ကိုပဲ လုပ်ကိုင်နေခဲ့ကြ တဲ့သူတွေပါ။

“တနင်္သာရီတိုင်းမှာ အလုပ်ကောင်းတယ်ဆိုလို့ လိုက်လာခဲ့တာပါ” လို့ ကိုသန်းဇော်က ပြောပါတယ်။ သူက ခုနက လူငယ်လေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။

သူတို့အုပ်စု ပုလောမြို့ကို စရောက်တာက ဇူလိုင်လထဲမှာပါ။ စရောက်ရောက်ချင်းမှာ အလုပ်ကနေ့တိုင်းလုပ် ရပါတယ်။ စရိတ်ငြိမ်း တစ်ယောက်ကို တစ်နေ့ ကျပ် ၁၁၀ဝ၀ စီလောက် ရကြပါတယ်။ ရတဲ့ပိုက်ဆံကို မိသားစုဆီ လတိုင်းလွှဲပေးနိုင်လို့ သူတို့တစ်တွေ ပျော်နေခဲ့ကြတာပါ။

အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံ တစ်ဝန်းမှာ ကိုဗစ်ဒုတိယလှိုင်းက ရိုက်ခတ်လာပါတော့တယ်။ သူတို့နေထိုင်ရာ ပုလောမြို့ကိုလည်း ရောဂါပိုးက ရောက်ရှိခဲ့ပါတယ်။ ရောဂါကူးစက်ခံရသူဟာ ၅၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

ဒီလိုနဲ့ပဲ သူတို့အလုပ်လည်း ရပ်နား သွားခဲ့ရပါတယ်။ အစိုးရက လူစုလူဝေး မလုပ်ရဆိုတာကြောင့် ရပ်နားလိုက်ရတာလား၊ သူတို့အလုပ်ရှင်ကိုယ်တိုင်က အလုပ်မရှိတော့လို့ ရပ်နားလိုက်ရတာ လားဆိုတာကိုတော့ သူတို့တွေ ရှင်းရှင်း လင်းလင်း မသိပါဘူး။

သူတို့သိတာက အလုပ်မရှိတော့ဘူး။ အလုပ်ရှင်က သူတို့ကိုထမင်းတော့ ကျွေးထားမယ်။ နေချင်ရင်ဆက်နေ၊ မနေချင်ရင်လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်နိုင်တယ်လို့ သိထားပါတယ်။

တစ်နေ့နေ့ အလုပ်ပြန်လုပ်ရနိုးနိုးနဲ့ သူတို့တွေ စောင့်နေခဲ့ပါတယ်။ တစ်လလောက်ကြလာတော့ အခြေအနေ မဟန်တော့ပါဘူး။၊ လက်ထဲမှာ ပိုက်ဆံက လုံးပါးပါးလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မိသားစုဝင်တွေ စိတ်မကောင်း ဖြစ်မှာစိုးတာရယ်ကြောင့် သူတို့အလုပ် လက်မဲ့ဖြစ်နေတာကိုလည်း အိမ်ကို လှမ်းပြီး အသိမပေးခဲ့ကြပါဘူး။

“အိမ်ကိုလည်း ပိုက်ဆံက ပြန်မထောက်နိုင်ဘူး။ အိမ်မှာကလည်း မိသားစုလေးကလည်းရှိသေးတယ်။ အိမ်ကတော့ ထွက်သွားကတည်းက အလုပ်လုပ်နေရတယ်ထင်ပြီး ပိုက်ဆံမျှော်နေကြမှာပဲ” လို့ ကိုသန်းဇော်က ပြောပါတယ်။

အလုပ်မရှိချင်းအတူတူ ရန်ကုန်ပြန် တာပဲကောင်းတယ်လို့တွေးပြီး သူတို့လေး ယောက်က ပြန်လာခဲ့ပါတော့တယ်။ ကျန်တဲ့သူတွေကတော့ လမ်းစရိတ်တောင် မရှိလို့ ပုလောမြို့မှာပဲ အလုပ်ရှင်ကျွေးတဲ့ ထမင်းကိုပဲ ထိုင်စားနေပြီး အလုပ်ပြန်ရချိန် ဒါမှမဟုတ် အိမ်ပြန်နိုင်ချိန်ကို စောင့်နေရစ်ကြပါတယ်။

သူတို့လေးယောက်မှာတော့ တစ်ယောက်ကို ပိုက်ဆံလေးသောင်းဝန်းကျင် လောက်စီ ရှိနေတာပါ။ ပုလောကနေ မိုင် ၁၀ဝ လောက်ဝေးတဲ့ ထားဝယ်ကို တစ်ယောက်ကို ကျပ်တစ်သောင်းစီပေးပြီး ကားငှားစီးလာကြပါတယ်။ ထားဝယ် ရောက်တာနဲ့ ရန်ကုန်ကို သွားမယ့်ကားကို ပြောင်းစီးမယ်ပေါ့။

ထားဝယ်ရောက်တဲ့အခါမှာတော့ အခြေအနေတွေက သူတို့ထင်သလိုဟုတ် မနေပါဘူး။ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုက စောင့်ကြိုနေခဲ့တာပါ။ ကိုဗစ် ရောဂါကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက်မပါရင် ကားသမားတွေ က ကားပေါ် အတက်မခံပါဘူး။

အဲဒီကျန်းမာရေးထောက်ခံချက် မပါရင် လမ်းမှာရှိတဲ့ ဂိတ်တွေမှာ ဖြတ်လို့မရဘူးဆိုပြီး ကားသမားတွေကသူတို့ကိုပြောလာတာကြောင့် ကျန်းမာရေး ထောက်ခံချက်ရဖို့ သူတို့ လိုက်စုံစမ်း ပါတော့တယ်။ ထားဝယ်မှာရှိတဲ့ ဆေးခန်းတွေ၊ ကြက်ခြေနီအသင်းတို့ကို လိုက်ပြီး စုံစမ်းခဲ့ကြပါတယ်။ အဲဒီလို စုံစမ်းနေတဲ့အချိန်မှာတော့ တည်းခိုခန်းတစ်ခုမှာ တည်းနေခဲ့ပါတယ်။ အိမ်ပြန်ရောက် ဖို့အထိ ပိုက်ဆံမလုံလောက်တော့မှာကို စိုးရိမ်ရလို့ တည်းခိုခန်းတစ်ခန်းထဲကို လေးယောက်ပေါင်းပြီး ငှားခဲ့ကြပါတယ်။ လေးယောက်အတွက် တစ်ညကို ကျပ်တစ်သောင်းသာ ကျသင့်ပါတယ်။

ကျန်းမာရေးထောက်ခံချက်ရဖို့ သူတို့ အဆင်မပြေခဲ့ပါဘူး။
တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ရုံးတွေကိုလည်း သူတို့သွားပြီး အကူအညီ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

“ကုမ္ပဏီဝန်ထမ်းတွေပဲ (ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်) လုပ်ပေးတယ်။ အပြင်လူကျမလုပ် ပေးဘူး” လို့ သူတို့က ပြောပါတယ်။

ဒီလိုနဲ့သူတို့လေးယောက် ထားဝယ်မှာ လေးရက်လောက် သောင်တင်သွားပါ တော့တယ်။ တည်းခိုခန်းကလည်း သိပ်ပြီး မကြည်ဖြူလှပါဘူး။

“အခုလိုဖြစ်နေတဲ့အချိန်မှာတော့ အကုန်လုံးမျက်နှာငယ်ရတယ်။ တည်း ခိုခန်းဆိုလည်း တည်းခိုခန်း။ ဆေးခန်းတွေသွားလည်း အော်ခံထိ၊ ဟောက်ခံထိတယ်။ မသိရင်ကိုယ်ကပဲ ရောဂါသည် လိုလို ဘာလိုလိုနဲ့။ အဲလိုမျိုးပြောတော့ ကျွန်တော်တို့မှာ မျက်နှာငယ်ရတာပေါ့” ကိုမျိုးမင်းစိုးက ပြောပါတယ်။

ဒီအချိန်မှာပဲ အလုပ်အကိုင်ပျက်ပြီး နေရေး၊ စားရေးအကျပ်အတည်းကြောင့် မိုင်ငါးရာကို တစ်ကိုယ်တော်စက်ဘီးစီးပြီး အိမ်ပြန်လာတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို အင်တာနက်ကနေ သူတို့ ဖတ်လိုက်ရပါတယ်။

ဒါနဲ့ပဲ အဲဒီသတင်းဌာနကို ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ သူတို့ အိမ်ပြန်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြစ်နိုင်မလဲ ဆိုတာရယ်၊ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေအတွက် အကူအညီကို ဘယ်လိုရနိုင် မလဲဆိုတာတွေကို သူတို့က မေးမြန်းပါတယ်။

နောက်တော့ သူတို့ကို ထမင်းကျွေးမယ့် သူပေါ်လာပါတယ်။ စားဖို့အဆင်ပြေသွားပေမဲ့ ဆက်နေဖို့အခန်းငှားခကတော့ မလုံလောက်တော့ပါဘူး။

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး Dawei Watch အနေနဲ့ အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း နေရပ်ကိုပြန်ဖို့ ပိတ်မိနေသူတွေကို အစိုးရအနေနဲ့ ဘယ်လိုစီစဉ်ဆောင် ရွက်နိုင်မလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းကို အောက်တိုဘာလ ၂၂၊ ၂၃ ရက်တွေမှာ အကြိမ်အကြိမ်ဖုန်းဆက်မေးပေမဲ့ ဖုန်း လက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

အဲဒါကြောင့် ထားဝယ်ခရိုင်အုပ် ချုပ်ရေးမှူးကို ဖုန်းဆက်မေးခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲကနေ အခြားပြည်နယ်နဲ့ တိုင်းတစ်ခုခုကို ထွက်သွားတာကို တားမြစ်ပိတ်ပင်ထားတာမရှိဘူးလို့ သူက ဖြေပါတယ်။ ဒါပေမဲ့ မြေပြင် အခြေအနေမှာတော့ တိုင်းအတွင်းကနေ ထွက်ခွာဖို့ဟာ သူပြောသလောက် မလွယ် ပါဘူး။

ကားစီးဖို့ဆိုရင် ကျန်းမာရေးထောက်ခံချက် လိုပါတယ်။ အဲဒီကျန်းမာရေး ထောက်ခံချက်ရှိမှ ကားတွေက တင်ခေါ် သလို လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကလည်း ပေးဖြတ်ပါတယ်။

အဲဒီလူငယ်လေးယောက်ဟာ ကျန်းမာရေးထောက်ခံချက်ရဖို့ ခက်ခက် ခဲခဲ ကြိုးစားခဲ့သေးပေမဲ့ နောက်ဆုံးမှာတော့ ခြေထောက်သည်သာ သူတို့ရဲ့ အားကိုးရာဖြစ်ခဲ့ရပါတယ်။

“လမ်းမှာ ဂိတ်တွေတွေ့ရင် သွားလို့မရဘူးဆိုပြီး ပိတ်ထားမယ်ဆိုရင် ကျွန်တော်တို့ အဲဒီဂိတ်မှာပဲနေမယ်” လို့ ကိုမျိုးမင်းစိုးက ပြောပါတယ်။

ကျော်သူစိုး