မဲပုံးထဲ ကြွက်ဝင်

0
780

မြိတ်၊ အောက်တိုဘာ ၃၀

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွင် အောက်တိုဘာလ
၃၀ ရက်နေ့က မဲပုံးထဲသို့ ကြွက်ဝင်ရောက်နေကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

အဆိုပါမဲပုံးမှာ မော်တုံးကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာ၏ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဖြစ်ပြီး အလုံပိတ်ထားခဲ့သော်လည်း ကြိုတင်မဲပေးရန်အတွက် ဆောင်ရွက်စဉ် မဲပုံးရှိ ချိတ်ကြိုးနှင့်
မဲထည့်ရသည့်အပေါက်အား ကြွက်ကိုက်ဖောက်ထားသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောပြသည်။

“အပြင်စာရွက်တွေတော့ ကိုက်ထားတယ်။ အထဲက မဲပြားကို မထိခိုက်လောက်ဘူးထင်တယ်”
ဟု ဦးအောင်ကျော်ဟိန်းက ပြောသည်။

အသက် ၆၀ နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များအား ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မဲပေးထားသည့်စာရွက်များအား ဖွင့်ကြည့်ခြင်းမရှိသေးဘဲ ကိုယ်စားလှယ်တို့၏ရှေ့တွင်ပင် ကော်မရှင်အဖွဲ့ခွဲမှ မဲပုံးအား အစားပြန်လဲလှယ်ပေးထားကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

ကြွက်ကိုက်ထားသည့် မဲလက်မှတ်များအား မည်ကဲ့သို့စီစဉ်ဆောင်ရွက်သွားမည်ကို တနင်္သာရီမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးအောင်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ရုံးသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်းရန်သာ ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါမဲရုံရှိ ကိုယ်စားလှယ်များ၏ သတင်းပေးပို့ချက်အရ အမှန်တကယ် ကြွက်ကိုက်ထားသည့် အရာများအား တွေ့ရှိရသည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားနေသည့်အခြေအနေအရ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် လူဦးရေထူထပ်သည့်မြို့နယ်များ(တစ်စတုရန်းကီလိုမီတာတတွင်  ပျမ်းမျှလူဦးရေ ၅၀၀၀ ဦးနှင့်အထက်) တွင် နေထိုင်ကြသည့်အသက် ၆၀ နှစ်နှင့် အထက်
မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ
နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းသို့ သတ်မှတ်ထားသည့် မြို့နယ်များမှအပ ကျန်မြို့နယ်တို့ရှိ အသက် ၆၀ နှစ်နှင့် အထက် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့တွင် ကြိုတင်ဆန္ဒမဲပေးကြရမည် ဖြစ်သည်။

မြင့်မိုရ်(မြိတ်)