ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

0
475

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။

ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။

ဦးတင်ထူးအောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ သရက်ချောင်းမြို့နယ်။

မေး- အစ်ကိုက အခုဆိုရင် ရွေးကောက်ပွဲဝင် တော့မှာပေါ့နော်။ ရွေးကောက်ပွဲဝင်တော့မယ်ဆို တော့ အခုလက်ရှိ တနင်္သာရီတိုင်းထဲမှာ လေ့လာရ သလောက်ဆိုရင် ပြဿနာကြီးသုံးခုကို ပြောပါဆိုရင် ဘာတွေဖြစ်နိုင်မလဲ။

ဖြေ- ကျွန်တော်ပထဦးဆုံးပြောချင်တာကတော့ လျှပ်စစ်မီးပေါ့။ လျှပ်စစ်မီးက တနင်္သာရီ တိုင်းမှာ အဓိကပြဿနာပေါ့နော်။ ဒါက နံပါတ် ၁ အချက်ပေါ့။ နံပါတ် ၂ အချက်ကတော့ မှုခင်း ကျဆင်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍပေါ့။ နောက်ပြီးတော့ နံပါတ် ၃ အချက်ကတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍပေါ့။ လူတွေရဲ့ အလုပ်အကိုင်တွေ ဝင်ငွေတွေမရှိတဲ့ကိစ္စတွေပေါ့။ လူငယ်တွေအလုပ်အကိုင်မရှိတာတွေ၊ လူငယ်တွေ ဝင်ငွေမရှိတာတွေ ဒါတွေပေါ့။

မေး- တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ရော ဘာကြောင့်ပြဿနာလို့ ပြောနိုင်တာလဲ မသိဘူးခင်ဗျား။

ဖြေ- ဒီမှာက မူးယစ်ဆေးဝါးပြဿနာက တနင်္သာရီတိုင်းမှာ တော်တော်လေးများပြားတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ ပျက်စီးကြတယ်။ သုံးစွဲကြတယ်ဆိုတာကို ကျွန်တော် လေ့လာတွေ့ ရှိရပါတယ်ခင်ဗျား။ အဲတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့၊ မူးယစ်ဆေးစွဲလူငယ်တွေနဲ့ ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါး အဝင်/အထွက် ဒီလိုမျိုးဖြစ်နေတဲ့ ပြဿနာလေးတွေပေါ့။ အဲဒါလေးတွေတော့ တရားဥပဒေစိုးမိုးရေးပြဿနာထဲမှာ ထည့်ပြီးတော့ ပြောရမယ်ထင်ပါတယ်။

မေး- နောက်တစ်ချက်ဆိုရင် တနင်္သာရီတိုင်းဒေသကြီးက အခြားတိုင်းနဲ့ ပြည်နယ်နဲ့နှိုင်းယှဉ် မယ်ဆိုရင် လျှပ်စစ်မီတာခက ဈေးကြီးပေးပြီး သုံးစွဲနေရတဲ့ အနေအထားရှိတာပေါ့ခင်ဗျား။ ဆိုတော့ အစ်ကို့အနေနဲ့အရွေးခံရမယ်ဆိုရင် လျှပ်စစ်ဈေးနှုန်း တန်းတူညီမျှရဖို့အတွက်ကို ဘာလုပ်ဖို့ရှိ လဲပေါ့ခင်ဗျား။

ဖြေ- မဟာဓာတ်အားလိုင်း ရှိတဲ့နေရာမှာတော့ တစ်ယူနစ်မှ ၃၅ ကျပ်ပေါ့။ ဒီမှာကတော့ တစ်ယူနစ်ကို ၃၀ဝ ကနေ ၁၀ဝ၀ ကြားပေးနေရ တယ်ပေါ့နော်။ ဈေးကြီးပေးနေရတယ်။ ဈေးကြီး ပေးနေရတဲ့အခါကျတော့ လောင်စာကအစ လျှပ်စစ်မီးနဲ့ အိမ်ရှင်မတွေက ချက်ဖို့ပြုတ်ဖို့ကအစ လျှပ်စစ်မီးကို မသုံးရဲဘူး။ မီတာခတက်မှာစိုးလို့။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့လည်း ထင်းတွေ မီးသွေးတွေကို အစားထိုးသုံးစွဲနေရတာတွေ ဘာတွေလည်း ကြုံရတယ်ပေါ့နော်။

ဆိုတော့ ဒီလျှပ်စစ်မီးပြဿနာကို ဖြေရှင်းဖို့ အတွက်ကတော့ အခုဆိုရင် နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေပေါ့။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေကို ဟိုတလောက MoU စာချုပ်မှာ လက်မှတ်ထိုးတဲ့အဆင့်ထိရောက်တယ်လို့ ကြားလိုက်တယ်။ ပြီးသွားတဲ့အခါကျတော့ ပြန်ပြီးတော့ ဖျက်တယ်လို့လည်း ကြားလိုက်တယ်။ ဒါတွေကို ပြန်ပြီးတော့အကောင်အထည်ဖော်သင့်တယ်ခင်ဗျား။ ဒါတွေကို ပြန်ပြီးတော့လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး- လျှပ်စစ်မီးက မဟာဓာတ်အားလိုင်းမရောက်လို့ဆိုတဲ့ အကြောင်းမို့လို့ ဈေးကြီးနေရတယ်ဆိုပြီး သုံးသပ်ထားတာရှိတာပေါ့ခင်ဗျား။ အစ်ကို ဝင်ပြိုင်မှာက ပြည်သူ့လွှတ်တော်ဆိုတော့ အရွေးခံရမယ်ဆိုရင် လွှတ်တော်မှာလည်တွေလုပ်သွားဖို့ရှိ လဲပေါ့။

ဖြေ- အဓိကကတော့ မဟာဓာတ်အားလိုင်းက တနင်္သာရီတိုင်းကို ရောက်ဖို့ကိုတော့ အဓိကလျှပ် စစ်မီးနဲ့ပတ်သက်ပြီးဆောင်ရွက် ရမှာပေါ့နော်။ ဒါက အဓိကအရေးကြီးဆုံးအချက်ပေါ့။ နောက် ကျွန်တော်တို့ပါတီရဲ့မူဝါဒဖြစ်တဲ့ အလုပ်အကိုင် တွေ၊ ဝင်ငွေတွေရရှိဖို့အတွက် အလုပ်အကိုင်တွေ ဖော်ဆောင်ဖို့အတွက် အစိုးရအနေနဲ့ ဈေးကွက်ဖော် ဆောင်ဖို့ပေါ့နော်။ ဈေးကွက်ဖော်ဆောင်မှုအပိုင်းတွေဆောင်ရွက်ဖို့အတွက်ကိုတော့ ကျွန်တော် အဓိကထားပြီး လုပ်သွားမယ်ခင်ဗျား။

မေး- ခုနက ပြောတဲ့အထဲမှာ ပါတာပေါ့ခင်ဗျား။ တိုင်းထဲက အဓိကပြဿနာကြီးသုံးခုဆို တာလေ၊ လျှပ်စစ်၊ တရားဥပဒေစိုးမိုးရေးရယ် အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုစီးပွားဘဝပေါ့။ အစ်ကိုအရွေးခံရပြီး လွှတ်တော်ထဲရောက်သွား လို့ရှိရင် ဘာတွေလုပ်သွားဖို့ရှိလဲပေါ့။

ဖြေ- အဓိကကတော့ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ မဟာဓာတ်အားလိုင်းကျွန်တော်တို့ တနင်္သာရီ တိုင်းကိုရောက်ရှိဖို့အတွက်ကိုတော့ ဆောင်ရွက်ရ မှာပေါ့။ ဒုတိယအချက်အနေနဲ့ တရားဥပဒေစိုးမိုး ရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဝင်ငွေတွေ အလုပ်အကိုင်တွေရရှိဖို့ ဒါကနှစ်ခုကို ဘယ်လိုလုပ်မလဲဆိုတော့ အလကားနေရင်းဖမ်းနေလို့မရဘူး။ တားဆီးပိတ်ပင်နေလို့မရဘူး။

အလကားနေရင်း ကျွန်တော်တို့က ဖမ်းတယ်ဆီးတယ်၊ တားဆီးပိတ်ပင်တယ်။ ဒီလိုဖမ်းမယ်ဆီးမယ်၊ တားဆီးပိတ်ပင်မယ်ဆိုလို့ ပပျောက်သွားမှာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသဘော ပေါက်ထားတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ ကလည်း အလုပ်အကိုင်တွေ ဝင်ငွေတွေ အဓိကထားတယ်။ ဆိုလိုချင်တာ အလုပ်အကိုင်ကောင်းကောင်း ရှိရမယ်။ အလုပ်အကိုင် ကောင်းကောင်းရှိမယ်ဆို ရင် ကျွန်တော်တို့ဝင်ငွေတွေလည်း ကောင်းလာမယ်။ ဝင်ငွေတွေကောင်းလာမယ်ဆိုရင် ကျွန်တော်တို့ သားသမီးတွေ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဘဝတွေ လှပလာမယ်။ အဲဒါ ကြောင့်မို့လို့ လူထုဘဝအဓိက၊ လူတိုင်းအတွက် ဝင်ငွေ၊ လူတိုင်းအတွက် အလုပ်အကိုင်၊ လူတိုင်းအတွက် အနာဂတ်ဆိုပြီးတော့ ကျွန်တော်တို့က ဆောင်ပုဒ်အနေနဲ့ ချမှတ်ထားတယ်။

ဆိုတော့ တရားဥပဒေစိုးမိုးရေး အပိုင်းကိုလည်း လုပ်မယ်။ ဒါပေမယ့် တားဆီးကန့်ကွက်ရုံ၊ ပိတ်ပင်ရုံနဲ့ မလုံလောက်ဘူး။ သူတို့ကို ဘယ်လိုပြန်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမလဲ။ ဝင်ငွေတွေရအောင် ဘယ်လိုလုပ်မလဲ။ လူမှုစီးပွား ဘဝဖွံ့ ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ။ ထပ်ဆင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဖွံ့ဖြိုးရေးကိုလုပ်ရင်းနဲ့ပဲ ငြိမ်းချမ်းခြင်းဆီကို သွားမယ်။ ဆိုလိုချင်တာက ငြိမ်းချမ်းရေးမလိုဘူးမဟုတ်ဘူး။ ငြိမ်းချမ်းရေးအပိုင်းကို တိုက်ရိုက်ဒီလိုမျိုးလုပ်တာ မဟုတ်ဘဲနဲ့ ဖွံ့ဖြိုးရေးလုပ်နေရင်းနဲ့ ငြိမ်းချမ်းတဲ့ဆီကိုသွားမယ်ဆိုတဲ့ မူဝါဒ နဲ့ ဆောင်ရွက်ပါမယ်ခင်ဗျား။


ဦးမင်းဟန်ဦး၊ မွန်ညီညွတ်ရေးပါတီ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ကော့သောင်းမြို့နယ်။

မေး- ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမယ်ဆိုတော့ တနင်္သာရီတိုင်းထဲက အကြီး ဆုံးပြဿနာသုံးခုကို ပြောပါဆိုရင် ဘာတွေဖြစ်နိုင်မလဲ။

ဖြေ- အကြီးဆုံးပြဿနာကတော့ရေလုပ်ငန်း ရှိမယ်။ နောက်ပြီးတော့ ကျန်တဲ့ဒေသဆိုင်ရာတွေကို အခက်အခဲတွေနဲ့ပြောရမယ်ဆိုရင်တော့ အများကြီးရှိပါတယ်။ ပြောရမယ်ဆို တော်တော်ကျယ်ပြန့် ပါတယ်။ ဒါပေမဲ့ အဲဒီရေလုပ်ငန်းပြဿနာရယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ခြံကိစ္စတွေရော၊ ဘာတွေရော၊ မြေယာကိစ္စတွေပါ ပြဿနာရှိတယ်။ ဒါ အစ်ကိုသိသလောက်ပေါ့။

မေး- မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး ဒါတွေကို ဘာကြောင့်ပြဿနာလို့ ပြောနိုင်တာလဲ။

ဖြေ- မြေယာကိစ္စကိုဘာလို့ပြဿနာလို့ထင်လဲ ဆိုတော့ မြေက အချို့ကျတော့ပုံစံရှိတယ်။ ဒါပေမဲ့ အဲဒီမြေကို အချို့က ဒီဟာကို အရင်းအနှီးပြုပြီးတော့ သူတို့က တရားဝင်တွေရှိရဲ့သားနဲ့ အချို့ကပေါင်နှံ ချင်တယ်။ ရောင်းနှံချင်တယ်။ ဒါတွေကို လုပ်ဖို့အတွက် သူတို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ တကယ်တမ်း သူတို့က သွားပြီးတော့ ဘဏ်တွေမှာ သွားပေါင်တယ်ဆိုတော့ အဲဒီအခက်အခဲ တွေရှိလို့။

ဒါကို သူငယ်ချင်းတစ်ယောက်က အစ်ကို ပြောပြလို့ ဒီဟာတွေကို သူတို့က၊ ဘယ်လိုပြော ရမလဲ၊ လုပ်ချင်တယ်ဆိုပေမဲ့ ကော့သောင်းမြို့ အနေအထားနဲ့ လုပ်လို့မရဘူး။ Project တင်ဒါတို့ ဘာတို့ လုပ်လို့မရတဲ့အတွက်ကြောင့် ဒီဟာကိုပေါ့ ဒီအခက်အခဲလေးတွေ သူပြောပြဖူးတယ်။ တကယ် လို့ အစ်ကို လွှတ်တော်ထဲရောက်ခဲ့ရင်တောင် ဒါကိုနည်းနည်းဆွေးနွေးပေးပါလို့ သူကပြောပြဖူးတယ်။

မေး- ရေလုပ်ငန်းတွေရော ဘာကြောင့် ပြဿနာလို့ပြောနိုင်တာလဲ။

ဖြေ- ပြဿနာရယ်လို့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေလုပ်ငန်းက အစ်ကိုသိ သလောက်ဆိုရင် ရေချို၊ ရေငန် နှစ်မျိုးရှိတယ်။ အခုဟာက လုပ်ငန်းပိတ်လိုက်ပြီဆိုတဲ့ဟာက ဒီရေငန်က ပြည်ထောင်စုလွှတ်တော်က ပိတ်မှရတယ်။ ရေချိုကျတော့ တိုင်းဒေသကြီးက ပိတ်လို့ရတာ။ အခုလိုမျိုး ပြည်ထောင်စုကနေပြီး ကိုယ်စား လှယ်လောင်းတွေရဲ့သဘောထားမှတ်ချက်တောင်း လိုက်တဲ့အခါကျတော့ သူတို့အနေနဲ့ သဘောထား မှတ်ချက်ပေးရတယ်။ သူတို့ကနေ အတည်ပြုပေးမှ ဒါကိုပိတ်လို့ရတယ်။

မေး- ပြဿနာတွေထဲမှာမှ တနင်္သာရီတိုင်းက မဟာဓာတ်အားလိုင်းမရှိတော့ အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ မတူဘဲ လျှပ်စစ်ဓာတ်အားခကို ဈေးကြီးပေးသုံးစွဲနေရတဲ့ အနေအထားရှိတာပေါ့။ ဆိုတော့ ဆရာ့အနေနဲ့ အရွေးခံရမယ်ဆိုရင် လျှပ်စစ် ဓာတ်အားခ တန်းတူရရှိရေးအတွက် ဘာတွေ လုပ်ဆောင်ဖို့ရှိလဲ။

ဖြေ- ဒါကတော့ လိုအပ်လာတဲ့အတိုင်း အတာပေါ် ကြည့်ပြီးတော့ ကျွန်တော်တို့က အတတ်နိုင်ဆုံး လက်ရှိကတော့ လုပ်နေတာပဲလေ။ ဒါကို ကျွန်တော်က ရောက်ခဲ့ရင် ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင် အမှန်က ဒါတွေက စောပါသေးတယ်။ ခုနပြောသလို ကျွန်တော်တို့က တိုင်းရင်းသား ပါတီဆိုပေမဲ့၊ တိုင်းရင်းသားပါတီကိုယ်စားပြုတယ်ဆိုပေမဲ့ ဒီဒေသအတွက်လည်း ထည့်သွင်း စဉ်းစားထားပြီးသား။ အဆင်ပြေသလို လုပ်သွားဖို့ရှိပါတယ်။

မေး- ရွေးကောက်ပွဲအနိုင်ရဖို့အတွက် လက်ရှိမှာဘာတွေလုပ်ဆောင်နေလဲခင်ဗျား။

ဖြေ- ဘာတွေလုပ်ဆောင်နေလဲဆိုတော့ အောင်နိုင်ရေးလှည့်လည်တဲ့အနေ နဲ့ ကျွန်တော်တို့ နှစ်ကြိမ်ဆင်းပြီး သွားပါပြီ။ ကျွန်တော်တို့ အထူးသဖြင့် ရှမ်း ကိုးရွာတို့၊ နောက်ပြီး ခမောက်ကြီး၊ အဲဒီနေရာ နှစ်ကြိမ်ပဲ ဆင်းပါသေးတယ်။ စည်းရုံးဟောပြောခြင်းတော့ မရှိသေးဘူး။

မေး- ရွေးကောက်ပွဲမှာ အနိုင်ရပြီး အရွေးချယ်ခံရရင် ဘာတွေဦးစားပေး လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ- အနိုင်ရပြီး အရွေးခံရမယ်ဆိုရင် လုပ်စရာတွေ အများကြီးပါ။ ဒါပေမဲ့ ဒီဒေသမှာ ဖြစ်နေတဲ့ဟာက အစ်ကိုတို့မှာက ဒီမြို့မှာ မြို့နယ်ရုံးရှိတယ်လေ။ ဒီမြို့နယ်ရုံးကနေ အစ်ကိုက ညှိနှိုင်းချက် ယူပြီးတော့ လွှတ်တော်မှာ တင်ပြသွားမယ်။ လိုအပ်သလို ဆောင်ရွက်သွားမယ်။ အားလုံးတော့ မသိနိုင်ဘူး။ တကယ်သိနိုင်တာက အစ်ကိုတို့ မြို့နယ်ရုံးက အမှုဆောင်တွေ အကုန်သိတယ်။ ဒီဒေသမှာ လှုပ်ရှားနေတဲ့အတွက် သူတို့အကုန်သိတယ်။

မေး- ကိုယ်လုပ်ချင်တာနဲ့ပါတီရဲ့ မူဝါဒနဲ့ရောကိုက်ညီမှုရှိရဲ့လား။

ဖြေ- ကိုက်ပါတယ်။ အစ်ကိုတို့က အားလုံးအဆင်ပြေတယ်။ ကိုက်ပါတယ်။


ရွေးကောက်ပွဲအထူးကဏ္ဍအတွက် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ကိုယ်စားလှယ်အချို့ကို တွေ့ဆုံ/ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က လက်မခံခဲ့သောကြောင့် NLDပါတီမှ ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲအသံကို ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပါ။