အဆက်မပြတ် မိုးရွာသွန်းမူကြောင့် ရော်ဘာခြစ်သူများ လုပ်ငန်းခွင်အဝင် နောက်ကျ

0
372

ဘုတ်ပြင်းမြို့နယ်တွင် အောက်တိုဘာလ တတိယပတ်အထိ အဆက်မပြတ် ရွာသွန်းနေသည့်မိုးကြောင့် ရော်ဘာ ခြစ်သူများအနေနှင့် လုပ်ငန်းခွင်မဝင်နိုင်ဘဲဖြစ်နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် ပုံမှန်အားဖြင့် စက်တင်ဘာလမှစပြီး ရော်ဘာစေး ခြစ်ကြသော်လည်း ယခုမူအောက်တိုဘာလအထိ မခြစ်ရသေးဟု တောင်သူများက ပြောပြသည်။

မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံခြင်းများလည်း ဖြစ်နေပြီး ရော်ဘာခြစ် တောင်သူများမှာ လုပ်ငန်းခွင်မဝင်ရောက်နိုင်ဘဲ အခြားလုပ်ငန်းအချို့ကို အစားထိုးလုပ်ကိုင် နေရကြောင်း ၎င်းတို့ကဆိုသည်။

“ရော်ဘာလည်းမခြစ်ရတော့ တောအခလိုက် ခုတ်နေရတယ်” ဟု ဘုတ်ပြင်း မြို့နယ်၊ တောင်ငယ်ကျေးရွာတွင် ရော်ဘာခြစ်သည့် အသက် ၃၂ နှစ်ရှိ ဦးနောင်ဖြူ က ပြောသည်။

ရော်ဘာခြစ်ရန် ပြီးခဲ့သည့်လကတည်းက ပြင်ဆင်ထားပြီး ယခုအချိန်အထိ လုပ်ငန်းခွင်မဝင်ရောက်နိုင်သေးသည့်အတွက် လုပ်ငန်းရှင်သူဌေးထံတွင် ရိက္ခာနှင့်ငွေယူကာ စားသောက်ရင်း တဖြည်းဖြည်း အကြွေးများလာပြီဖြစ်ကြောင်း ရော်ဘာခြစ်တောင်သူ ဒေါ်ဖြူ ကလည်း ဆိုသည်။

အလားတူ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ဘက်တွင်လည်း ထိုကဲ့သို့အခြေအနေမျိုးကို ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ခိုင်ဇင်သော်