ကိုဗစ်အောက်က သီတင်းကျွတ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သီတင်းကျွတ်ပွဲတော် အချိန်ခါ ရောက်လာပါပြီ။ မနှစ်က ဒီလိုအချိန်ဆိုရင် ထားဝယ်မြို့ပေါ်နဲ့ ကျေးလက်တွေပါ သီတင်းကျွတ်ပွဲနွှဲဖို့ ပြင်ဆင်နေကြပါပြီ။

တချို့က သပိတ်မျှောပွဲကို သွားဖို့ ချိန်းတဲ့သူကချိန်း၊ စာလုံးပုံဖော်ပြီး ဆီမီးထွန်းဖို့ သူငယ်ချင်းတွေ စုတန်စု၊ မီးပုံးပျံပွဲသွားဖို့ ပူဆာတဲ့ကလေးက ပူဆာနဲ့ပေါ့။

ထားဝယ်မှာဆိုလည်း သပိတ်ကြီးတွေမျှောဖို့ သူ့ရပ်ကွက်နဲ့သူ အပြိုင်ပြင်ဆင်နေတဲ့သူကပြင်ဆင်နဲ့ သီတင်းကျွတ်အတွက် အလုပ်ကိုယ်စီရှုပ်လို့ပေါ့။

အခုတော့ အဲဒီလူငယ်တွေဟာ ကိုဗစ်ရောဂါတိုက်ဖျက်ရေးမှာ အလုပ်ရှုပ်နေကြရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလဆိုးထဲမှာ ကျင်းပရမယ့် သီတင်းကျွတ်ပွဲတော် အခါသမယဟာ အရင်နှစ်တွေနဲ့ မတူတော့ဘဲ အပြောင်းအလဲကြီး ပြောင်းလဲမယ့်အခြေအနေတွေ ရှိနေပါတယ်။

သီတင်းကျွတ်ဆိုရင်တော့ ထားဝယ်မှာတော့ သပိတ်မျှောပွဲရယ်၊ ဘုရားတွေမှာ စာလုံးပုံဖော် ဆီမီးထွန်း တာရယ်၊ မီးပုံးပျံကြီးတွေ လွှတ်တာရယ်တွေက ထင်ရှားပါတယ်။

ကျေးရွာတွေမှာဆိုရင် လမ်းတွေမှာ မီးထွန်းတာ၊ အဘိဓမ္မာရွတ်ဖတ်တာ၊ ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်တာ၊ ကိုယ့် ရွာနဲ့ကိုယ် သပိတ်မျှောတာ၊ ဝင်္ကပါနဲ့ တာဝတိံသာတက်တာတွေ လုပ်ကြပါတယ်။

လောင်းလုံးမြို့နယ် တောင်မင်း ပြောင်ရွာက ကိုအောင်ကိုဖြိုးတို့ လူငယ်တစ်စုလည်း ဒီနှစ်ရွာမှာ သပိတ် မျှောပွဲလေးတစ်ခု ထပ်တိုးလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။

ရွာက အသက်ကြီး ဘိုးဘွားတွေဟာ ထားဝယ်ကို သွားပြီး သပိတ် မျှောရတာအဆင်မပြေလို့ ရွာမှာပဲ မျှောလို့ရအောင် သူတို့လူငယ်တွေက စီစဉ်ပေးမလို့ပါ။

ဒါပေမဲ့ သူတို့မလုပ်ဖြစ်တော့ပါဘူး။ ရွာမှာလမ်းမီးထွန်းဖို့အတွက်ပဲ ပြင်ဆင်နေကြပါတယ်။ လမ်းမီးကိုတောင်မှ အရင်နှစ်တွေတုန်းကလို များများစား စားမထွန်တော့ဘူးလို့ ကိုအောင်ကိုဖြိုး က ပြောပါတယ်။

“အစဉ်အလာမပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ပဲလုပ်တော့တာ။ ဆီမီးတောင်မှ ရွာထဲက လမ်းကြို၊ လမ်းကြားတွေထဲမှာ မထွန်းဖြစ်တော့ဘူး” လို့ ကိုအောင်ကိုဖြိုးကဆိုပါတယ်။

သီတင်းကျွတ်မှာ မီးထွန်းကြတာ က တာဝတိံသာနတ်ပြည်မှာ မယ်တော် မိနတ်သားကို ဝါတွင်းသုံးလပတ်လုံး တရားဟောပြီးလို့ လူ့ပြည်ပြန်ကြွလာတဲ့ မြတ်စွာဘုရားကို မီးပူဇော်တဲ့အနေနဲ့ ထွန်းကြတာပါ။

ဒီနှစ်ကိုဗစ်ကပ်ဘေးကတော့ နှစ်တိုင်း လုပ်နေကျ အစဉ်အလာတွေကို ချိုးဖျက် လိုက်ပါတယ်။ အချို့ရွာတွေဆိုရင် လမ်းမီးကိုတောင်မထွန်းတော့ဘူးလို့ ဆုံးဖြတ်ထားကြတဲ့ ရွာတွေ အတော်များများရှိပါတယ်။

ဆီမီးထွန်းကြသလိုပဲ မီးပုံးပျံလွှတ်တာကိုလည်း သီတင်းကျွတ်မှာ အပြိုင်အဆိုင်လုပ်လေ့ရှိကြပါတယ်။ မီးပုံးလွှတ်တာကလည်း နတ်ပြည်က ပြန်ကြွလာတဲ့ မြတ်စွာဘုရားကို မီးပူဇော်နည်း တစ်ခုဖြစ်ပါတယ်။

မနှစ်က ဒီအချိန်ဆိုရင် ဦးသက်လွင် တစ်ယောက် မီးပျံချုပ်တာကို ပြေးကြည့် လိုက်၊ ရွာမှာမီးထွန်းတာကို စီစဉ်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့သူပါ။ သူဟာ လောင်း လုံးမြို့နယ်၊ ကဘူကျေးရွာ မီးပုံးပျံလွှတ် အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးသက်လွင် က ပြောပါတယ်။

ဒီနှစ်တော့ အဲဒါတွေဘာတစ်ခုမှ မလုပ်တော့ဘူးဆိုတော့ သူလည်းအေး အေးဆေးဆေးဖြစ်နေပါတယ်။

ကဘူကျေးရွာက ဒေသအခေါ် ကဘူတောင် (ဧကရိတောင်) အလျား ၁၅၀၊ အမြင့် ၁၅၀ ပေစီရှိတဲ့ မီးပုံးပျံ အကြီးစားတစ်လုံးနဲ့ ဆင်ပုံ၊ သင်္ဘောသီး ပုံ၊ ဝက်ဝံပုံ မီးပုံးပျံအလတ်စားတွေပေါင်း လွှတ်နေတာ ၁၇ နှစ်နှစ်ရှိနေပါပြီ။ အခု ၁၈ နှစ်မြောက်မှာတော့ မလုပ်ဖြစ်တော့ ပါဘူး။

ဦးသက်လွင်ကတော့ အဲဒီအပေါ် မှာ သူ့ရဲ့ခံစားချက်ကို အခုလိုဆိုပါတယ်။

“နှစ်စဉ်နှစ်တိုင်း လွှတ်နေကျ မီးပုံးက ဒီနှစ်မလွှတ်တော့ဘူးဆိုတော့ ဒီနှစ်မှာ အစဉ်အလာတစ်ခု ပျက်စီးသွားတာပေါ့။ စိတ်ထဲမှာလည်း မကောင်းတော့ဘူးပေါ့။ ဒီရောဂါကြီးက ဝင်လာတာကို”

ဒီနှစ်မှာက မီးပုံးပျံပွဲတစ်ခုတည်း မလုပ်ဖြစ်တာမဟုတ်ပါဘူး။ သပိတ် မျှောပွဲလည်းမသေချာပါဘူး။ နှစ်တိုင်း စည်းကားနေတဲ့ ကမြောကင်းတံတား ဘေးက သပိတ်မျှောပွဲကတော့ ဒီနှစ်မလုပ် ဖြစ်တော့ပါဘူး။

အဲဒီနေရာမှာ သပိတ်မျှောပွဲမလုပ် ဖြစ်တော့လို့ မနှစ်ကကျင်းပတဲ့ သီတင်းကျွတ်ပွဲကကျန်တဲ့ ရန်ပုံငွေတွေကိုတောင် အတိုးနဲ့ထုတ်ချေးလိုက်ပြီလို့ ကဘူရွာရဲ့ သပိတ်မျှောပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

“ကိုယ့်ရွာတစ်ခုတည်းဖြစ်တာမှ မဟုတ်တာကိုလေ။ ကမ္ဘာနဲ့ချီပြီး ဖြစ်နေတာဆိုတော့လည်း ဘယ်တတ်နိုင်မှာလဲ” လို့ သူကညည်းပါတယ်။

သပိတ်မမျှောရလို့၊ မီးပုံးပျံပွဲ မကြည့်ရလို့ သူငယ်ချင်းတွေနဲ့၊ မိသားစုတွေနဲ့ ဆီးမီးထွန်းမယ်ဆိုတော့လည်း ဘုရားစေတီ က ဂေါပကတွေက ခွင့်မပြုကြပြန်ပါဘူး။

ထားဝယ်မှာဆိုရင် ထားဝယ်ဘုရားကြီး(ရွေတောင်စားစေတီ)၊ ကြက်မင်းစေတီ စတဲ့ ထင်ရှားတဲ့ဘုရားစေတီတွေမှာ ဆီမီးထွန်းလို့မရပါဘူး။ ထားဝယ် ကွန်ပျူတာ တက္ကသိုလ်နားက အောင်စည်ပင်စေတီမှာတော့ ဆီမီးထွန်းလို့ရတယ်လို့ ဆိုပါတယ်။

ထားဝယ်ကလူငယ်တွေက သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေစုပြီး ဆီမီးထွန်းအဖွဲ့လေးတွေ ဖွဲ့ထားတတ် ပါတယ်။ သီတင်းကျွတ်ကာနီးပြီဆိုရင် စာလုံးပုံ ဒီဇိုင်းလေးတွေနဲ့ သူ့ထက်ငါသာ အပြိုင်အဆိုင် ဆီမီးထွန်းကြတာပါ။

ဒါပေမဲ့လည်း ဒီနှစ်မှာ ဘုရားမှာ ဆီမီးထွန်းတဲ့သူတွေကလည်း မရှိသလောက်ဖြစ်မယ့်အနေအထားပါ။ နှစ်တိုင်း ဆီမီးထွန်းဖို့ နေရာတစ်ကွက်စာရဖို့ သူ့ထက်ငါဦးအောင်စာရင်းသွားပေးနေရတဲ့ အောင်စည်ပင်စေတီမှာ ဒီနှစ်ဆီမီး ထွန်းဖို့ စာရင်းပေးထားတာ တစ်ယောက်ပဲရှိတယ်လို့ ဆိုပါတယ်။

မနှစ်က ရွှေတောင်စားစေတီမှာ သူငယ်ချင်းတွေနဲ့စုပြီး ဆီမီးထွန်းခဲ့တဲ့ ကိုမျိုးထွေးတို့သူငယ်ချင်းတွေကတော့ လူစု၊ လူဝေးကန့်သတ်ချက်ကြောင့် ဒီနှစ်အိမ်မှာပဲ ထွန်းဖြစ်တော့မယ်လို့ဆို ပါတယ်။

နယ်တွေမှာဆိုရင်တော့ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင်မှာ ဆွမ်းဆန်လောင်းတယ်ဆိုတာတွေရှိပါတယ်။ ရွာပေါင်းစုံက သံဃာတော်အပါး သုံးလေး ဆယ်လောက်ကိုပင့်ပြီးတော့ တန်းစီပြီး ဆွမ်းဆန်လောင်းကြတာပါ။ အဲဒါတွေလည်း ဒီနှစ်မှာတော့ အချို့ရွာတွေမှာ မရှိတော့ဘူးလို့ သရက်ချောင်းနဲ့ လောင်းလုံးက ဒေသခံတွေက ပြောကြပါတယ်။

“ဒီနှစ်ကတော့ ရွာကလည်း အဲလို လုပ်ဖို့အတွက် ဘာမှလည်း ပြောသံ မကြားဘူး။ လုပ်နေတာလဲ မတွေ့ဘူး” လို့ သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာသူ ဒေါ်စန်းဌေးက ပြောပါတယ်။

ပြောရရင် ဒီနှစ်သီတင်းကျွတ်က သီတင်းကျွတ်မှာအင်္ဂါရပ်တွေဖြစ်တဲ့ မီးပုံးပျံလွှတ်တာတွေ၊ ဗြောက်အိုးဖောက် သံတွေ၊ ဆီမီးထွန်းတာတွေထက်၊ အဘိဓမ္မာနဲ့ ပဋ္ဌာန်းရွတ်ဖတ်သံတွေ၊ ဝင်္ကပါတွေ မနွှဲလိုက်ရသလို သီတင်းကျွတ်မှာ ထားဝယ်သားတွေရဲ့ ရိုးရာ သပိတ်မျှောပွဲနဲ့လည်း လွဲရတဲ့နှစ်ပါ။

မနှစ်ကသီတင်းကျွတ်နဲ့တူတာဆို လို့ ကျေးရွာတွေမှာ လုပ်တဲ့ ထားဝယ်မုန့် တစ်မျိုးဖြစ်တဲ့ မုန်းဆီထိုးခွာ (မုန့်ဆီဒိုး ခွာ၊ မုန့်ဆီကြော်) လုပ်ပြီး သီတင်းကျွတ် နံနက်စောစော ဆွမ်းတော်ကြီးတင်တာတစ်ခုပဲရှိတော့တယ်လို့ဆိုရမှာပါ။

“ဒီနှစ်က ဘာမှမလုပ်ရတော့ဘူးဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ လှူမရ တန်းမရဆိုသလိုမျိုး ဖြစ်သွားတာပေါ့” လို့ ဒေါ်စန်းဌေးက ဆိုပါတယ်။

ကျော်သူစိုး၊ မိုးမြင့်