ထားဝယ်သီတဂူဆေးရုံတွင် ကိုဗစ်လူနာ ၆၀ ဝန်းကျင်အထိ လက်ခံနိုင်

0
340
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကိုဗစ်လူနာ ၆၀ ဝန်းကျင်အထိ လက်ခံနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

သီတဂူဆေးရုံတွင် အောက်တိုဘာလ တတိယအပတ်မှစကာ ကိုဗစ်လူနာ လက်ခံကုသပေးနေပြီး လက်ရှိတွင် ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်း များကို ပုံသေတာဝန်ချထားကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။

လက်ရှိတွင် သီတဂူဆေးရုံတွင် ကုသနေသည့်ကိုဗစ်လူနာ ၁၈ ဦးခန့်ရှိကြောင်း ၎င်းက ဆိုသည်။

“ထားဝယ်ဆေးရုံမှာရတဲ့ အထောက်အကူပစ္စည်းမျိုးရအောင်တော့ အတတ်နိုင်ဆုံးတော့ စီစဉ်ထားတာပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်ဆေးရုံကြီးတွင် ကိုဗစ်လူနာ ထားရှိနိုင်သည့် ICU Ward (အထူးကြပ် မတ်ကုသဆောင်) နှစ်ဆောင်ရှိပြီး လူနာ ၃၅ ဦးခန့် ကုသပေးနိုင်ကာ လက်ရှိတွင် ၂၂ ဦးခန့်ရှိနေသည်။

တနင်္သာရီတိုင်းအတွင်း အောက်တိုဘာလ ၂၁ ရက်နေ့ထိ ကိုဗစ်လူနာ ၁၆၁ ဦးရှိပြီး ထားဝယ်ခရိုင်တွင် ၆၂ ဦးရှိသည်။

ကိုဇော်