တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် နောက်ကွယ်မှ ပြဿနာ

0
378
Dawei Watch, Dawei News, Dawei News Media

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုက်သည့်နောက်ပိုင်း ရွေးကောက်ပွဲဖြင့် တက်လာသည့် ပြည်ခိုင်ဖြိုးအစိုးရနှင့် NLDအစိုးရလက်ထက် တို့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက လုပ်ငန်းကဏ္ဍအသီးသီး၌ ရင်းနှီး မြှုပ်နှံလာကြသည်။

တနင်္သာရီတိုင်းတွင်လည်း ရင်းနှီး မြှုပ်နှံသူ ပိုများလာပြီး ဟိုတယ်လုပ်ငန်း၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း၊ ပုလဲမွေး မြူရေးလုပ်ငန်း၊ ကမ်းလွန်သဘာဝဓာတ် ငွေ့တူးဖော်ရေးလုပ်ငန်း စသည့်ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ အထိ သက်တမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနီးပါး ရှိခဲ့သည်။

အဆိုပါကာလတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ် ၁၇၃ ဘီလီယံ ကျော် ရှိသည်။ လုပ်ငန်း ၄၁ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနစာရင်းအရ ကမ်းလွန်သဘာဝဓာတ် ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်း (၁၃ ခု)နှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်ခြင်း (ငါးခု)တို့တွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း တွေ့ရသည်။

လက်ရှိ NLDအစိုးရလက်ထက်တွင်မူ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃၆၄ သန်းခန့်ရှိပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၁၀ ဘီလီယံ ကျော် ရှိခဲ့သည်။ လက်ရှိ NLDအစိုးရ လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများစုက ခရီးသွားနှင့်ဟိုတယ် လုပ်ငန်းဖြစ်ပြီး ခွင့်ပြုခဲ့သည့် လုပ်ငန်း ၅၆ ခု အနက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၃၀ ခုအထိ ပါဝင်နေသည်။

အစိုးရနှစ်ခု၏ သက်တမ်းအတွင်း နှိုင်းယှဉ် ပါက ပြည်ပရင်းနှီးမြှုပ်နှံပမာဏမှာ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုများပြီး NLDအစိုးရလက်ထက်တွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပမာဏက ပိုများနေသည်။

ယခင်အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံဌာနေ တိုင်းရင်းသားများအကြား အငြင်းပွားမှု ပဋိပက္ခအချို့လည်း ရှိခဲ့သည်။

ယင်းပဋိပက္ခများအနက် တနင်္သာရီတိုင်းသည် ဆီအိုးကြီးဖြစ်ရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း မြေဧက သိန်းချီသော ဆီအုန်းလုပ်ကွက်အများအပြားကို လုပ်ပိုင်ခွင့်ပေးခဲ့သည်။

အစိုးရက မြေလွတ်၊ မြေလပ်ဟုဆိုကာ ဆီအုန်းစိုက်ရန် လုပ်ပိုင်ခွင့်ချပေးသည့်နေရာအချို့တွင် လူနေကျေးရွာများ၊ ဒေသခံများလုပ်ကိုင်စား သောက်နေသည့် ဥယျာဉ်ခြံမြေများလည်း ပါဝင်နေသည်။

ထိုသို့ ဒေသခံတို့၏ ပိုင်ဆိုင်မှုများက ဆီအုန်း လုပ်ခွင့်ပြုဧရိယာအတွင်း ပါဝင်သွားသည့်အတွက် နှစ်ဘက်အငြင်းပွားဖွယ် ပဋိပက္ခများက လက်ရှိ အစိုးရ လက်ထက်တိုင်အောင် မဖြေရှင်းနိုင်သေးသည့် အဖြေမဲ့ပုစ္ဆာများဖြစ်နေဆဲဖြစ် သည်။

သာဓကအနေဖြင့် ကြံ့ခိုင်ရေးအစိုးရ လက်ထက်တွင် ခွင့်ပြုပေးခဲ့သည့် တနင်္သာရီ မြို့နယ်အတွင်းရှိ ရွှေကမ္ဘောဇကုမ္ပဏီ၏ ဆီအုန်းစီမံကိန်းလည်းတစ်ခု အပါအဝင်ဖြစ်သည်။ ထိုဆီအုန်းစီမံကိန်း ဧရိယာအတွင်း ကျေးရွာအချို့နှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံမြေများ ပါဝင်သွားခဲ့သလို ကုမ္ပဏီက ဒေသခံများကို တရားစွဲဆိုထားသည့် အခြေအနေတို့နှင့်လည်း ရင်ဆိုင်နေရသည်။

ယခင်အစိုးရလက်ထက်တွင် ယင်းကဲ့သို့ ပြဿနာဖြစ်လာရခြင်းမှာ ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီ ကို မြေယာလုပ် ပိုင်ခွင့်မချပေးမီ မြေပြင်စိစစ်နိုင်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက မှတ်ချက်ပြုသည်။

“ကြိုရှင်းသင့်တယ်။ (ကြိုရှင်းရင်) ဒီလိုပြဿနာ တွေဖြစ်မှာမဟုတ်ဘူး။ အခုဆိုရင် ရင်းနှီးမြှုပ်နှံ မယ့် ကုမ္ပဏီအတွက်လည်း အဟန့်အတားဖြစ်စေတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ထို့အပြင် ဟိုးလေးတကျော်ဖြစ် သွားခဲ့သည့် ပင်လယ်ပျော် ဆလုံတိုင်းရင်းသားများ၏ စားကျက်ကို ခြိမ်းခြောက်နေသည့် ပုလဲမွေးမြူရေးလုပ်ငန်းက လည်း ပြဿနာတစ်ခုအဖြစ်ရှိနေပြန်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်လာချိန်တွင် လက်ရှိ NLDအစိုးရက ချမှတ်ထားသည့် MSDP (ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း) ၏ စံချိန်စံညွှန်းနှင့်အညီ စိစစ်ပြီးမှသာ ခွင့်ပြုနေသည်ဟု DICA ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

၂၀၁၈ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ရည်ရွယ်ရေးဆွဲထားသည့် အဆိုပါစီမံ ကိန်းတွင် စီးပွားရေး တိုးတက်မှုကြောင့်သစ်တောနှင့် ဒီရေတော ပြုန်းတီးခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားခြင်း၊ မူဘောင်မဲ့ တွင်းထွက်ပစ္စည်းများ ထုတ်ယူခြင်း၊ စွန့်ပစ်ပစ္စည်းများလာခြင်းနှင့် ရာသီ ဥတုပြောင်းလဲခြင်း စသည့်ဖြစ်စဉ်များကို ကာကွယ်နိုင်ရန် ရည်ရွယ်ရေးဆွဲထားသည်ဟု ဆိုသည်။ ထို့အပြင် တနင်္သာရီတိုင်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမဟာဗျူဟာရေးဆွဲနေပြီး မကြာမီ အတည်ပြုနိုင်မည့် အနေအထားရှိကြောင်း ဒေါက်တာ ထွန်းထွန်းက ပြောသည်။

ထိုမဟာဗျူဟာပြီးစီး၍ စီးပွားရေး စီမံကိန်းများ ဝင်ရောက်လာပါက ယခင်ထက် ပိုမိုပွင့်လင်းလာမည် ဖြစ်ပြီး ဒေသခံများ သဘောတူခွင့်ပြုမှသာ ဆက်လက် အကောင်အထည်ဖော်မည့် စနစ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီပရောဂျက်ရဲ့ ကောင်းကျိုးဆိုး ကျိုးပေါ့။ ကောင်းတာတွေဘာတွေရှိနိုင်မလဲ။ ဆိုးကျိူးက ဘာတွေရှိနိုင်လဲ။ ဒေသအနေနဲ့ ခွင့်ပြုနိုင်ခြေရှိ မရှိ၊ အဲလို ပြည်သူတွေ့ဆုံပွဲကို စီမံကိန်းအကြီးဆိုရင် တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်လောက် လုပ်မယ်။ ပါမစ်မပေးခင်ကတည်းက အဲလိုအစီအစဉ်တွေရှိတယ်” ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။

သို့ရာတွင် တနင်္သာရီတိုင်း ပင်လယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေများကို ကုမ္ပဏီတစ်ခုအား လုပ်ပိုင် ခွင့်ချပေးမည့်ကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရက ထုတ်ပြန်ခြင်းမရှိသည့်အပေါ် ပွင့်လင်းမြင်သာမှု မရှိဟု ပြည်သူများအကြား ပြောဆိုဝေဖန်မှုများ ရှိခဲ့သည်။

ထိုသို့ လုပ်ပိုင်ခွင့်ပေးခြင်းကို ပြည်ထောင်စု အစိုးရက ခွင့်ပြုရပြီး တိုင်းအစိုးရမှ သဘောထား မှတ်ချက်ပေးရသည်။

ထို့အပြင် ဌာနအလိုက်စနစ်ကျသောလုပ်ထုံး လုပ်နည်းများရေးဆွဲ ထားကြသော်လည်း ဌာနအချို့၏ လုပ်ငန်းများကမူ ကြန့်ကြာနေဆဲဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ထောက်ပြသည်။ ယင်းကဲ့သို့ ကြန့်ကြာနေခြင်းက ရင်းနှီးမြှုပ်နှံသူများ ပိုမို ဝင်ရောက်နိုင်ရေးအတွက် အဓိကကျသည့် အဟန့်အတားဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ယင်းအချက်ကို တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးကလည်း ထောက်ခံသည်။

ဥပမာအနေဖြင့် ရော်ဘာအဆင့် မြင့်ထုတ်လုပ်မည့်စက်ရုံ လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် သတ်မှတ်အချိန်ထက် ပိုမိုကြန့်ကြာနေရသည်ကို ၎င်းက ထောက်ပြသည်။

ထိုကြောင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင် လာစေရေးအတွက် ခွင့်ပြုမိန့်လျှောက် ထားရာတွင် ယခုအခြေ အနေထက် ပိုမြန်ဆန်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

“အလုပ်အကိုင်အခွင့်အလမ်းတွေရမယ့် လုပ်ငန်းတွေ ဖြစ်ပေဖြစ်ငြားသော်လည်း လက်တွေ့ အကောင်အထည်ဖော်ချိန်မှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတာက ဒေသမှာဖြစ်ပေါ်နေတဲ့ အခြေခံတွေကိုကြည့်ပြီး လာမယ့်ဟာတွေက တွန့်ဆုတ်နေတာလို့ ထင်ရတယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

တိုင်းဒေသကြီး DICA ဌာန၏ စာရင်းအရ လုပ်ကိုင်ခွင့်ရရှိရေး ကြန့်ကြာနေသည့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၆ ခုရှိနေပြီး ဟိုတယ်ခရီးသွား ကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် အခြားလုပ်ငန်းများဖြစ်သည်။

ယင်းလုပ်ငန်းများ ကြန့်ကြာနေရခြင်းမှာ မြေယာလုပ်ပိုင်ခွင့်ကိစ္စ၊ BOT စာချုပ်ကိစ္စနှင့် ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ကိုယ်ရေးကိုယ်တာ အခက်အခဲရှိနေခြင်းအစရှိသည့် အကြောင်းအရာများ ကြောင့်ဖြစ်ကြောင်း DICA ဌာနက သုံးသပ်ထားသည်။

ထို့အပြင် တနင်္သာရီတိုင်းအတွင်း လျှပ်စစ်မီး၊ လမ်း စသည့် အခြေခံအဆာက်အအုံမပြည့်စုံခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နေသည်။ မဟာဓာတ်အားလိုင်း မရောက်သေးသည့် တနင်္သာရီတိုင်းအတွင်း လျှပ်စစ်တစ်ယူနစ်လျှင် အနည်းဆုံး ၂၅၀ ကျပ် ဝန်းကျင်မှ ၁၀ဝ၀ ဝန်းကျင်အထိ ကျသင့်နေသည်။

ထိုသို့လျှပ်စစ်ဈေးနှုန်းကြီးမြင့်နေခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ ထုတ်ကုန်ဈေးကွက်ယှဉ် ပြိုင်ရာတွင် ကြီးမားသည့် အခက်အခဲဖြစ်စေသည် ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

“ကျန်တဲ့တိုင်းထဲကသူတွေနဲ့ ကုန်ထုတ်လုပ်မယ်ဆိုရင် အခြေခံဖြစ်တဲ့ လျှပ်စစ်ယူနစ်ဈေးနှုန်းက မြင့်နေတဲ့အတွက် အခြားဒေသက လူတွေနဲ့ယှဉ်ပြီးတော့ ကုန်ထုတ်လုပ်မယ်ဆို မဖြစ်နိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

လျှပ်စစ်ယူနစ်ဈေးအပြင် လုပ်အားခ နှုန်းထား၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း အစရှိသည့် အချက်များနှင့်လည်း သက်ဆိုင်မှုရှိကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

လက်ရှိလည်း ကိုဗစ်ကပ်ဘေးကြောင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံရန် လျှောက်ထားသည့် အရေအတွက်မှာ ကိုးဆယ်ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း တိုင်းဒေသကြီး DICA ဌာန ထံမှ သိရသည်။

ကိုဗစ်ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားချိန်တွင် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေကြသည့် တနင်္သာရီတိုင်းသားအများစုကလည်း ပြန်ဝင်လာကြသည်။ တိုင်းအတွင်း လည်ပတ်နေသည့် ဟိုတယ်ခရီးသွားလုပ်ငန်း အပါအဝင် လုပ်ငန်းအများစုကလည်း ကိုဗစ်ကပ်ဘေးကြောင့် ယာယီရပ်ဆိုင်းသွားသည့် အခြေအနေတွင် အိမ်ပြန်လာကြသည့် ရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေးမှာလည်း မသေချာလှပေ။

ကိုဗစ်ကာလနှင့် ယင်းကာလ အလွန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆွဲဆောင်နိုင်ရေးအတွက် အစီအစဉ် (Plan) ရေးဆွဲပြီး အစိုးရကို တင်ပြထားကြောင်း DICA ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ပြောသည်။

စီးပွားရေးလုပ်ငန်းများအတွက် ကြန့်ကြာနေသည့် ခွင့်ပြုမိန့်လုပ်ထုံး လုပ်နည်းများဖြေလျော့ပေးပြီး ခွင့်ပြုချက် အမြန် ထုတ်ပေးနိုင်မည့် နည်းလမ်းများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“တချို့ဟာတွေ မူဘောင်တွေ ဖြေလျှော့ပြီးတော့ ပရောဂျက်တွေ မြန်မြန်ချပေး၊ ဖြစ်စလွယ်တော့ မဟုတ်ဘူးပေါ့။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့် ပရောဂျက်ကိုဖွင့်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး အဲလိုမျိုး မူရှိတယ်” ဟု ဒေါက်တာထွန်းထွန်း က ပြောသည်။