ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ

0
496
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်အကျပ်အတည်းကြောင့် ကွမ်းသီးအဝယ်ဒိုင်များအဝယ်ရပ်နားထားသဖြင့် အခက်တွေ့နေရကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ကွမ်းစိုက်တောင်သူ အချို့ထံမှသိရသည်။

ယင်းသို့ အဝယ်ရပ်နားထားကြသည့်အတွက် စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာအရှေ့ရပ်ကွက်တွင်နေသူ ဒေါ်ချစ်သဲကဆိုသည်။

“ကျွန်မတို့မိသားစုမှာတင်ပဲ ဘယ်လောက်ထိခက်ခဲခဲ့လဲဆိုရင် အရင်တစ်ပတ်က ကျွန်မသမီးအငယ်လေး တစ်ယောက်နေမကောင်းဖြစ်တာတောင် ဆေးခန်းပြ ဖို့မတတ်နိုင်ခဲ့ဘူး။ ကျွန်မ အခုပြောနေတာ ကျွန်မမိသားစုအခက်ခဲ ဆိုပေမဲ့ ကျွန်မတို့လိုပဲ အခြားတောင် သူမိသားစုတွေမှာလည်း အခက်အခဲတွေအများကြီးနဲ့ ကြုံနေရတာပါ” ဟု ဒေါ်ချစ်သဲက ပြောသည်။

ယခင်က တောင်သူများမှာ ကွမ်းသီး မပေါ်မီ ကွမ်းသီးအဝယ်ဒိုင်များထံမှ ကြို တင်ငွေများ ထုတ်ယူသုံးစွဲပြီး စားဝတ်နေရေး ဖြေရှင်းလေ့ရှိသည်။ လက်ရှိတွင် ကွမ်းသီးအဝယ်ဒိုင်များက ကြိုတင်ငွေများ ထုတ်ပေးခြင်းမရှိတော့ကြောင်း လေညှာအရှေ့ရပ်ကွက်နေ တောင်သူ ဦးလင်းနိုင်ချစ်က ဆိုသည်။

“အစ်ကိုတို့ရွာမှာတော့ ကြိုတင် ငွေမရှိဘဲ အဆင်ပြေနိုင်တဲ့ တောင်သူတွေဆိုတာ မရှိသလောက်ပဲ။ အခုဆို ကွမ်းခြံထွင်ရမယ့် အချိန်ကျနေပြီ။ အရင်နှစ်တွေကဆိုရင် တောထွင်ချိန်ရောက်ရင် ကွမ်းသီးအဝယ်ကိုယ်စားလှယ်တွေ ဆီကနေ ကြိုတင်ငွေထုတ်ပြီး တောထွင်ကြရတာလေ” ဟု ၎င်းက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ရှိ လေညှာ မြစ်ရိုးတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံအများစုမှာ ကွမ်းသီးပင်စိုက်ပျိုးသည့် တောင်သူများဖြစ်ကြသည်။

ဟိန်းဖုန်းဇော်