ဘုတ်ပြင်းတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေး

0
483

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HVP) ကို အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းကလေးများကို ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့သည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၀နာရီတွင် ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးပေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကလေးများကို ကာကွယ်ဆေးထိုးနှံ ပေးရခြင်းမှာ ထိုအသက်အရွယ်သည် ခုခံအားအကောင်ဆုံး အရွယ်ဖြစ်ပြီး လိင်ဆက်ဆံမှုမရှိ သေးသည့်အတွက် ဆေးအာနိသင်မှာ ပိုမိုထိရောက်ကာ ရောဂါကို ပိုမိုကာကွယ်နိုင်ကြောင်း ယင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမက ပြောသည်။

ကလေး တစ်ယောက်လျှင် နှစ်ကြိမ်တိတိ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး (HVP)သည် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်ဆက်နွှယ်နေသော ပိုးလေးမျိုးအထိ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

“ဆရာမ ပေးတဲ့လက်ကမ်းစာစောင် တွေဖတ်ပြီး ကြောက်မိတယ်။ လူကြီးတွေကိုပါ ထိုးပေးရင် ကောင်းမယ်လို့ တွေးမိတာပေါ့နော်။ ဆေးကဈေးအရမ်း ကြီးတယ်လို့ကြားတယ်။ အခုလို ကလေးတွေကို အခမဲ့ ထိုးပေးတဲ့အတွက် ဝမ်းသာတာပေါ့” ဟု ကာကွယ်ဆေးအထိုးခံရသည့် ကလေး၏ မိခင် အသက် ၃၃ နှစ် အရွယ်ရှိ ဒေါ်သန္တာစိုးက ပြောသည်။

ကာကွယ်ဆေးတစ်ကြိမ်စာအတွက် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးဒေါ်လာခွဲ (ကျပ်ခြောက်ထောင်ဝန်းကျင်)ဖြစ်သည်။ ၎င်းကာကွယ်ဆေးကို နိုင်ငံတကာအလှူရှင်များက ထောက်ပံ့ပေးခြင်းဖြစ်ပြီး ခြောက်လ သို့မဟုတ် တစ်နှစ် ပြည့်ပါက နောက်တစ်ကြိမ် ထပ်မံထိုးနှံပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်း ကင်ဆာရောဂါမှာ အမျိုးသမီးများအတွင် ဖြစ်ပွားမှုအများဆုံးရောဂါတစ်ခုဖြစ်နေပြီး ယင်းရောဂါဝေဒနာရှင်အရေအတွက် မှာ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံက ဒုတိယအများဆုံးဖြစ်သည်။

ခိုင်ဇင်သော်