မသန်စွမ်းမိန်းကလေးအား အဓမ္မပြုကျင့်ပြီး ထွက်ပြေးသူ နှစ်ပတ်အကြာတွင် ဖမ်းမိ

0
807
Dawei Watch, Dawei News, Dawei News Media

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာ အုပ်စု၊ လင်းလွန်းကျေးရွာတွင် မသန်စွမ်းသည့် မိန်းကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရပြီး တရားခံဟု ယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ နှစ်ပတ်အကြာတွင် ဖမ်းဆီးမိခဲ့ကြောင်း ကျေးရွာ တာဝန်ခံ ထံမှသိရသည်။

အသက် ၁၈ နှစ်ရှိ လမ်းမလျှောက်နိုင်သည့် ပိုလီယိုရောဂါခံစားနေရသူ မိန်းကလေးအား တစ်ရွာတည်းနေ အသက် ၂၀ ကျော်အရွယ် လူငယ်က အောက်တိုဘာလ ၅ ရက်နေ့တွင် အဓမ္မကျင့်ကာ ထွက်ပြေးနေသည်ဟု ယင်း ကျေးရွာ တာဝန်ခံ နော်ပန်းပွင့်ဖြူက ပြောသည်။

ညအချိန် မိန်းကလေး၏မိဘများ အိပ်မောကျနေစဉ် အဆိုပါလူငယ်မှ အိမ်ပေါ်တက်ရောက်ကာ ပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ယင်းမိန်းကလေး၏ အစ်ကိုဖြစ်သူ လှေဆိပ်မှ အိမ်သို့ပြန်လာခိုက် အဓ္ဓမပြု ကျင့်သူမှာ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ပြောပြသည်။

“ကောင်မလေးက ရုန်းလို့လည်း မနိုင် အော်လို့လည်း မနိုင်ဘူး” ဟု ကျေးရွာ တာဝန်ခံက ပြောသည်။

အဓမ္မပြုကျင့်သည့် လူငယ်သည် တစ်ခြားတစ်နေရာသို့ ထွက်ပြေးသွားခြင်းမရှိသေးဘဲ ရွာအနီးတစ်ဝိုက်တွင် ပုန်းအောင်းနေသည်ဟု စုံစမ်းသိရှိခဲ့ပြီး နှစ်ပတ်အကြာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ၎င်းအား ကျေးရွာအုပ်ချုပ် ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ကျွန်းစုမြို့ နယ်ရဲစခန်းသို့ အပ်နှံကာ အမှုဖွင့်ခဲ့ကြောင်း ကျေးရွာတာဝန်ခံ နော်ပန်းပွင့်ဖြူ က ပြောပြသည်။

ကိုဆန်း