အိမ်ပြန်ပါရစေ

0
809
editorial

တစ်ခုသော တနင်္ဂနွေနေ့တွင် သတင်းစာတိုက်ရုံးတယ်လီဖုန်း တစ်လုံး အကြိမ်ကြိမ်မြည်နေသည်။ ကောက်ဖြေလိုက်သောအခါ “ညီလေးတို့ကို ကူညီပါ အစ်ကိုရယ်” ဟု အလွန် ရိုကျိုးသော အသံဖြင့် ပြောလာသည်။

ဇာတ်ကြောင်းစုံသိရသောအခါ သူတို့မှာ အိမ်ပြန်ချင်သူများ ဖြစ်နေလေသည်။

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် အလုပ်လာလုပ်သော လူငယ်လေးဦးမှာ ရန်ကုန်ပြန်လိုသဖြင့် အကူအညီပေးနိုင်ပါရန် တယ်လီဖုန်းဆက် လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မှ ကျွန်းစုသို့ စက်ဘီးစီး အိမ်ပြန်လာသော လူငယ်တစ်ဦး၏ ဇာတ်လမ်းကို တွေ့လိုက်ရသဖြင့် ထိုလူငယ် ကဲ့သို့ ရန်ကုန်သို့ ပြန်လိုသဖြင့် ကူညီပေးရန် ဆက်သွယ်လာခြင်း ဖြစ်သည်။ လက်ထဲတွင် ငွေသားလည်း သိပ်မကျန်တော့ဟုဆိုသည်။ တည်းခိုစရိတ်၊ စားစရိတ်တို့လည်း ပါးလျလာပြီဟုဆိုသည်။

ကိုဗစ်ကပ်ဘေးသည် လူ့ကိုယ်ခန္ဓာကျန်းမာရေးကို သာမက စိတ် ကျန်းမာရေးကိုပါ ပြင်းစွာ ထိခိုက်စေပါသည်။ တစ်မြို့နယ်မှ တစ်မြို့နယ်၊ တစ်နေရာမှ တစ်နေရာ အသွားအလာ ပိတ်ထားရာ ရေကြည်ရာ မြက်နုရာ ခေတ္တသွားရောက် လုပ်ကိုင်စားသောက်သူများအဖို့ ရုတ်တရက် အိမ်ပြန်ရန်များစွာ အခက်တွေ့သွားသည်။ အလုပ်အကိုင်များစွာလည်း ရပ်ဆိုင်းလိုက်ရာ ဆက်နေရန် မဖြစ်တော့သည့် အနေအထား ဖြစ်သွားသည်။

အများအားဖြင့် မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ ပုံတစ်ပုံကျော် အခြေချ နေထိုင်သော ရန်ကုန်မြို့တွင် ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်သူ သန်းနှင့်ချီရှိရာ ထိုသူတို့ အလုပ်လက်မဲ့ ဖြစ်သောအခါ၊ ရန်ကုန်တွင် နေရေးစားရေး အခက်တွေ့ လာသောအခါ အိမ်ပြန်ရန် အခက်တွေ့သွားသည်။

ယခု အာဘော်ကို ရေးနေသည့် အချိန်အထိ အစိုးရက ထိုသို့သော အိမ်ပြန် ချင်သည့် လူထုအတွက် မည်သို့ဆောင်ရွက်မည်ဟု အာမခံပြောကြားခြင်း မရှိသေးပေ။ ယနေ့ကဲ့သို့သော အခြေအနေတွင် အသွားအလာခွင့်ပြု လိုက်ခြင်းဖြင့် ကိုဗစ်ရောဂါကူးစက်ရန် ပိုမိုလမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို သဘောပေါက်ပါသည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ကိုဗစ်ရောဂါ ဖြစ်မည်ထက် ပိုစိုးရိမ်ဖွယ်ရာ လူမှုရေး၊ ကိုယ်စိတ်ကျန်းမာရေး အခြေအနေများများစွာ ရှိနေပါသေးကြောင်း ထောက်ပြလိုရင်းဖြစ်ပါသည်။

တယ်လီဖုန်းဆက်သွယ်လာသော လူငယ်လေးဦးကို နေထိုင်စားသောက်ရေး အကူအညီရနိုင်ရန် ထားဝယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုနှင့် ချိတ်ဆက်ပေးခဲ့သည်။

သို့သော် သူတို့မှာ အိမ်သာပြန်ချင်နေကြသည်။ အိမ်ရှိရာ ရန်ကုန်သာ ပြန်ချင်နေကြသည်။

များမကြာပါ။ ရက်ပိုင်းအကြာ သတင်းစကား တစ်ခု ရောက်လာသည်။ ထိုလူငယ်လေးဦး ထားဝယ်မှ ရန်ကုန်သို့ လမ်းလျှောက် အိမ်ပြန်သွားပြီဟူ၍ပင်။

အယ်ဒီတာ (အောက်တိုဘာ ၂၃၊ ၂၀၂၀)