မောတောင်နယ်စပ်တွင် တရားမဝင် ဝင်ရောက်ခြင်းအပြင် မော်တော်ဆိုင်ကယ် သယ်ယူမှုများရှိ

0
371
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်မြို့ စင်ခွန်းနယ်စပ်ဂိတ်တွင် တရားမဝင် ဝင်ရောက်ခြင်းတို့အပြင် မော်တော်ဆိုင်ကယ် သယ်ယူမှုများရှိ နေကြောင်း မြိတ်-ပရာကျွတ်မောင်နှမ မြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က ပရာကျွပ်ခီရီခန်မြို့၊ အောင်နွဲ တိုက်နယ်ရှိ အမှတ် ၅ ကျေးရွာ၊ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အနီးတွင် တရားမဝင်ဖြတ်ကျော်မည့် မြန်မာနိုင်ငံသားတချို့ ဝင်ရောက်မှုရှိခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ခလောက်ဝါတိုက်နယ် အမှတ် ၆ ရပ်ကွက်အနီးတွင် တောင်ယာ လုပ်ကိုင်သူတို့၏ သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ထိုင်းဘက်မှ မြန်မာဘက်သို့ ရောင်းချမည့် ထိုင်းနိုင်ငံထုတ် MSX 125 အနီရောင်ဆိုင်ကယ် တစ်စီးရပ်နားထားသည်ကို တွေ့ရှိခဲ့ ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

ထို့ပြင် ပြီးခဲ့သည့်တစ်လဝန်းကျင်ခန့်က နေရပ်ပြန်မြန်မာအလုပ်သမားတချို့မှာ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသည့်အတွက် သက်ဆိုင်ရာ ဌာနမှ တရားစွဲဆိုထားကြောင်း မောတောင်မြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

“တရားစွဲထားတာ နှစ်ယောက်ရှိတယ်” ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစပြီး လက်ရှိအချိန်ထိ မောတောင်-စင်ခွန်း နယ်ဂိတ်မှ လူများဝင်ထွက်သွားလာခွင့်အား ပိတ်ခဲ့ပြီး ကင်းမွန်၊ ခရု စသည့် ရေထွက်ကုန်တချို့နှင့် ကုန်ခြောက်များ ကုန်သွယ်ခွင့်ကို ထိုင်းဘက်မှ ခွင့်ပြု ပေးထားကြောင်း သိရသည်။

ထိုင်းဘက်သို့ ကိုဗစ်-၁၉ ကူးစက် လာမည့်ကိုစိုးရိမ်သည့်အတွက် နယ်စပ် ဂိတ်တစ်လျှောက်တွင် လုံခြုံရေးအစီ အမံများအား ဆောင်ရွက်ထားခြင်းဖြစ်သည်။