ဒေသန္တရအမိန့်မလိုက်နာသည့် ဈေးသည် လေးဦးကို ဈေးရောင်းခွင့်သုံးရက်ပိတ်

0
492
Dawei Watch, Dawei News, Dawei News Media

ဒေသန္တရအမိန့်အား လိုက်နာရန် ပျက်ကွက်သည့် ဈေးသည် လေးဦးအား ဈေးရောင်းချခွင့် သုံးရက်ပိတ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

ကမ်းနားဈေးနှင့် ပျံကျဈေးမှ ဈေးရောင်းချနေသူ သုံးဦးနှင့် စည်ပင် သာယာဈေးကြီးမှ ဈေးရောင်းချနေသူ တစ်ဦးမှာ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ Mask မတပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ ဈေးရောင်းချခွင့် သုံးရက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။

“သူ့ကို အရေးမယူချင်ပေမဲ့လည်း ဒါတွေကို အရေးမယူရင်လည်း အားလုံး ပေါ့လျော့နေမှာစိုးလို့ သတိပေးလိုက်တာပေါ့။ Mask မတပ်ဘဲနေရင် တကယ်ပဲ လုပ်နေပြီ ဆိုတာကို သိအောင်လို့ အဲလို ဆောင်ရွက်လိုက်တာ” ဟု ဦးကျော်ကျော်ဦး က ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် NGO စေတနာ့ဝန်ထမ်း အဖွဲ့များသည် ထားဝယ်ကမ်းနားဈေးအတွင်း Mask တပ်ဆင်ရေးလိုက်လံ အသိပေးနှိုးဆော်စဉ် ဈေးရောင်းချနေသူ လေးဦးက စေတနာ့ဝန်ထမ်းများကို မထီမဲ့မြင်ပြုလုပ်ခဲ့ပြီး ၎င်းတို့မှာ Mask တပ်ဆင်မှု မရှိသည်ကို စစ်ဆေးတွေ့ ရှိရသည်ဟု ကော်မတီ၏ ထုတ်ပြန်ချက် က ဆိုသည်။

ဒေသန္တရအမိန့်ကြော်ငြာစာတွင် ဈေးရောင်းသူ/ဈေးဝယ်သူများ အထူးလိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာရန် ပျက်ကွက်ပါက တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေအရ အရေးယူဆောင်ရွက်မည့်အပြင် ဈေးဆိုင်ရောင်းချခွင့် သုံးရက်မှ တစ်လ အထိ ပိတ်သိမ်းခြင်း၊ သတိပေးခံဝန် လက်မှတ်ရေးထိုးခြင်း၊ ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ သုံးသိန်းအထိချမှတ် နိုင်သည်ဟု ဖော်ပြထားသည်။

မိုးမြင့်