မလွှဲတောင်ဂိတ်ဖြတ်ခွင့်မရှိသဖြင့် မွန်နှင့် တနင်္သာရီနယ်စပ်ရှိ ခြံသမားများ အသွားအလာခက်

0
318
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းခြား မလွှဲတောင်တွင် ဖြတ်သန်းခွင့်မရှိသဖြင့် အနီးအနားရှိ မွန်ပြည်နယ်ရေးမြို့နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှ ရာဘာလုပ်သားများမှာ သွားရေးလာရေး အခက်အခဲဖြစ်နေပြီး ရော်ဘာစေးခြစ်မရ ဘဲဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းရှိ အလယ်စခန်း၊ ကျောက်ကုတင်း၊ ကော့လှိုင် စသည့်ကျေးရွာများတွင် ရာဘာခြံအချို့ကို မွန်ပြည်နယ်ရေးမြို့တွင်နေထိုင်သူအချို့က ပိုင်ဆိုင်သည်။ မလွှဲတောင်စစ်ဆေးရေးဂိတ်နှင့် ရေးမြို့မှာ မိုင်နှစ်ဆယ်ဝန်းကျင် အကွာအဝေးရှိ သည်။

ယခုကာလသည် မိုးရာသီအကုန် ဆောင်းရာသီအကူး ရော်ဘာခြစ်ရာသီဖြစ်သည်။ သို့သော် ရေးမြို့မှ ရာဘာခြစ် လုပ်သမားများမှာ မလွှဲတောင်ဂိတ်ကို ဖြတ်ပြီး ရေဖြူမြို့နယ်သို့ လာမရဘဲ ဖြစ်နေကြောင်း ရော်ဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်နေ ဦးဟန်ထူးက ပြောသည်။

ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ

ယင်းနည်းတူ ရေဖြူမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်များမှာလည်း ရေးမြို့ဘက်မှ ရော်ဘာခြစ်သမားများကို ခေါ်ယူရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးကမူ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် နေ့ချင်းပြန် သွားလာခွင့်ပြုပေးထားကြောင်း ပြောဆိုသည်။

“တိုင်းထဲကိုဝင်တဲ့ တစ်နေ့တာ ကတ်ပြားလေး လုပ်ပေးတယ်။ အဲကတ်ပြားနဲ့ မနက်သွားမယ်၊ သတင်းပို့မယ်၊ ကျန်းမာရေးအရ အဖျားတိုင်းမယ်၊ ပြီးရင် အဲဒီကတ်ပြားလေးထုတ်ပေးမယ်။ ပြီးရင် ညနေကျအဲကတ်ပြား ပြန်အပ်မယ်။ အဲလိုနဲ့ နေ့စဉ်သွားလို့ရအောင်တော့ စီမံပေးထားတယ်” ဟု ဦးအောင်စိုးမိုးက ဆိုသည်။

ရော်ဘာအလုပ်သမားတို့လိုလားသည်မှာ နေ့ချင်းပြန်မဟုတ်ဘဲ ရော်ဘာခြံတွင် သွားရောက်ပြီး နေထိုင်လုပ်ကိုင် နိုင်ရန်ဖြစ်သည်။

ယင်းအတွက်ကြောင့် နေချင်းပြန် သွားလာခွင့်မှာ ရော်ဘာခြစ်အလုပ်သမား များအတွက် အဆင်မပြေကြောင်း ဦးဟန်ထူးက ပြောသည်။

အလုပ်သမားများ ခြံအတွင်းသွားနေကာ အလုပ်လုပ်ရန်အတွက် သတ်မှတ်စည်းကမ်းချက်များ ထုတ်ပြန်ပြီး ခွင့်ပြုပေးစေလိုကြောင်း ဦးဟန်ထူးက ပြောသည်။

“ခြံရှင်တွေက နေချင်းပြန်သွားပြီး ဘာလုပ်လို့ရမှာလဲ။ အဲဒါလွဲနေတာ။ အလုပ်သမားတွေ မသွားရရင်တော့ ဒီကအလုပ်သမားတွေက ငတ်မှာ။ သူတို့မှာက ဒီဟာပဲစားနေရတာလေ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ရော်ဘာအလုပ်သမားများ အခက်အခဲကို တနင်္သာရီတိုင်း အစိုးရအဖွဲ့သို့ အီးမေးလ်(email)မှ တစ်ဆင့် ဝန်ကြီးချုပ်ထံ လိပ်မူပြီး စာသုံး စောင်ပို့ထားသော်လည်း အကြောင်းပြန် လာခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

“အီးမေးလ်ပို့နေတာသုံးစောင်ရှိပြီ။ သူတို့ဖတ်လား၊ မဖတ်လားတော့ ကျွန်တော်လည်း မသိနိုင်ဘူးပေါ့နော်” ဟု ဦးဟန်ထူးကဆိုသည်။

ရော်ဘာခြစ်သမားတို့ လိုလားသည့် ပုံစံအတိုင်းကိုမူ လက်ရှိခွင့်ပြုပေးရန် မရှိသေးဘဲ တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် စိုးမိုးက ဆိုသည်။

ယခုအချိန်သည် လယ်သမားများ စပါးရိတ်ရာသီနှင့်လည်း နီးကပ်လာပြီ ဖြစ်သောကြောင့် တိုင်းပြင်ပမှ စပါးရိတ်သမားများ ဝင်လာခွင့်မရှိပါက လယ်သမားများ စပါးရိတ်သိမ်းရန် အခက်တွေ့လာ နိုင်ခြေရှိသည်။

ကျော်သူစိုး