ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ

0
865

ထားဝယ်မြို့ရှိ တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများ ခုတ်လှဲလိုက်သည့်အပေါ် ပြည်သူများအကြား ပြောဆို ဝေဖန်မှုများ ရှိနေသည်။

အဆိုပါ ပန်းခြံရှိ သစ်ပင်ကြီးများကို ယခုလ တတိယအပတ်ခန့်မှစကာ စည်ပင်သာယာရေးအဖွဲ့က ခုတ်လှဲနေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သစ်ပင်ကြီးများခုတ်လှဲပစ်ခြင်းမှာ လုံးဝမလုပ်သင့်သည့်လုပ်ရပ် ဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးက ဆိုသည်။

“ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ။ ဒီလိုအပင်ကြီးတွေကို ဒီလိုလှဲ ပစ်လို့ရလားဗျာ” ဟု ကိုအောင်မျိုးက ပြောသည်။

သစ်ပင်ကြီးများ ခုတ်လှဲလိုက်သည့် အပေါ် မြေပြင်တွင် ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့ ဖေ့ဘုတ်စာမျက်နှာတွင်လည်း မခုတ်လှဲသင့်ကြောင်း ပြောဆိုသူများနှင့် မျှဝေသူများလည်းရှိနေသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိကမူ လေပြင်းတိုက်ချိန်တွင် ပြိုလဲပြီး အများပြည်သူအတွက် အန္တရာယ်ရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရန် တိုင်းစည်ပင်သာယာရေးအဖွဲ့ က ညွှန်ကြားထားသည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါပန်းခြံအတွင်း ထီးပါသည့် ထိုင်ခုံ ၁၃ ခုနှင့် ကွန်ကရစ် လျှောက်လမ်းများ ပြုလုပ်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“အများပြည်သူအတွက် အန္တရာယ် ရှိတယ်၊ လုပ်တဲ့အချိန်မှာလည်း ဒီဟာတွေက အသစ်တွေလုပ်ပြီးရင် သစ်ပင်ကြီးတွေက လဲပြိုကျသွားရင် ဒီလုပ်ထားတဲ့ လျှောက်လမ်းတွေက ပျက်သွားမှာလည်း စိုးရိမ်တာပေါ့နော်” ဟု အမှုဆောင်အရာရှိ က ပြောသည်။

လက်ရှိဘဏ္ဍာနှစ်တွင် လေယာဉ်ကွင်းလမ်း၊ ကျန်းမာရေးလမ်း၊ ရင်ပြင်ပတ်လမ်းရှိ အန္တရာယ်ရှိသစ်ပင်ခုတ်ရန် ဘတ်ဂျက်တွင် ကျပ်သိန်းနှစ်ဆယ် လျာထားပြီး ရှင်းလင်းနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါပန်းခြံအတွင်း ထီးပါသည့် ထိုင်ခုံ ၁၃ လုံးအတွက် ငွေကျပ် ၃၆ သိန်းကျော်နှင့် ကွန်ကရစ်လျှောက်လမ်း အတွက် ကျပ်သိန်း ၂၀ဝ လျာထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။