ကိုယ့်သမိုင်းကိုယ်ရေးပါ

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ဆင်ဆာဆိုတဲ့ ဓားဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆိုတဲ့နှလုံးသားထဲကို နက်ရှိုင်းစွာ ထိုးစိုက်ထားပြီ” လို့ Earl Warren ကဆိုခဲ့တယ်။

ဒီခေတ်လူငယ်တွေ လွတ်လပ်စွာ ရေးနိုင်၊ တွေးနိုင်ကြတော့ သူတို့ ဘာကြောင့် လွတ်လပ်စွာ ရေးနိုင်၊ တွေးနိုင် တာလဲဆိုတာ သိကြတော့မယ်မထင်ဘူး။ ဒါကြောင့် ဆင်ဆာ (Censor) ဆိုတာလည်း နားလည်ကြမယ် မထင်တော့ဘူး။ ဘာကြောင့်လဲ။

စာပေကင်ပေတိုင်ခေတ်ဆိုတာ သူတို့ မမီခဲ့၊ မသိခဲ့ကြလို့ဖြစ်မယ်။ “စာပေ ကင်ပေတိုင်” ဆိုတဲ့စကားလုံးကို ကိုမြတ်ခိုင်ကစသုံးတယ်ထင်တာပဲ။ သိပ်ထိတာ ပဲ။ မှားရင်ပြင်ပေးကြဦး။

တစ်ချိန်က စာပေကို လွတ်လပ်စွာ ရေးသားခွင့် မရှိခဲ့ဖူးဆိုတာ ၆၀ တန်း တွေလောက်ပဲ သိကြတော့မယ် ထင်မိပါတယ်။

မြန်မာနောင်း ကိုဆွေဝင်းတို့လို့ ပြည်သူတွေကို တာဝန်ကျေစွာချပြတဲ့ စာတွေ တစ်ခေတ်က ဖတ်ရဖို့ဆိုတာ အဝေးကြီး။ အဲဒီလောက်ရေးတယ်ဆိုရင်ပဲ သေဒဏ်လောက်တောင် ချမှတ်ခံရ မလားတောင် မသိပါဘူး။ အဲဒီလိုခေတ် မျိုး အမှန်တကယ်ရှိခဲ့ဖူးတာပဲ။

အမှန်တကယ်ပါ တစ်ချိန်က စာပေကို ရက်ရက်စက်စက် သတ်ဖြတ်သုတ်သင်ခဲ့တာတွေ၊ ကဗျာတစ်ပုဒ်ကြောင့် ထောင်ချခံရတယ်ဆိုတာတွေ ရှိခဲ့တယ်ဆိုတာ ယုံလိုက်ပါ။

ဒီမိုကရေစီမှန်ကန်ရေးဆိုတာ ကျွန်တော်တို့ အဲသည်လိုခေတ်မျိုးကို ပြန်မရောက်သွားအောင်၊ အဲဒီလို ဖိနှိပ် ကွပ်မျက်တဲ့ လူတွေလက်ထဲကို အာဏာ မထည့်မိအောင်လုပ်ဖို့ တိုက်တွန်းနေ ရတာပါ။

လွတ်လပ်စွာ ပြောဆိုရေးသား ခွင့်တဲ့။
လွတ်လပ်စွာ ထုတ်ဖော်ခွင့်တဲ့။
အဲဒီလို အခွင့်အရေးတွေရှိဖို့အတွက် ကိုယ့်နောက်ကို တကောက်ကောက် လိုက်နေသူတွေ မရှိဖို့၊ ခဏလောက် လိုက်ခဲ့ပါလို့ ခေါ်သွားပြီး တစ်သက်လုံး ပျောက်သွားတာတွေ မဖြစ်ဖို့၊ စစ်ဆေးချင်လို့ဆိုပြီးခေါ်သွားနောက်မှ အလောင်းလိုက်ဖော်ကာ ဆွမ်းသွပ်ရတဲ့ ဘဝတွေကို မရောက်စေဖို့ ကျွန်တော်တို့မှာ လူကို လူလိုနားလည် ပေးပြီး လူလို ဆက်ဆံ၊ မေတ္တာနဲ့ အုပ်ချုပ်နိုင်တဲ့ အစိုးရမျိုးလိုတယ် ဆိုတာလည်း မေ့မထားကြပါနဲ့။

၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းတဲ့ Universal Declaration of Human Rights မှာလည်း လူတိုင်းဟာ လွတ်လပ်စွာ ပြောဆိုရေးသား ဖော်ထုတ်ခွင့်ရှိတယ်လို့ ဖော်ပြထားတာပဲ မဟုတ်လား။ လူတစ်ယောက်မှာ လွတ်လပ်စွာ ဖော်ထုတ်တင် ပြခွင့်၊ ပြောဆိုခွင့်တွေရှိဖို့ မည်သူမှ တားဆီးပိတ်ပင်လို့မရဘူး။ လူသားဖြစ်တဲ့ ကျွန်တော်တို့ အနေနဲ့ လူ့အခွင့်အရေးတွေကို အပြည့်အဝရရှိခံစားဖို့ လိုပါတယ်။

သတင်းအချက်အလက်တွေနဲ့ စိတ်ကူးရေးသား ဖော်ပြချက်တွေကို
၁။ လွတ်လပ်စွာ ရှာဖွေပိုင်ခွင့်
၂။ လွတ်လပ်စွာ ရယူပိုင်ခွင့်
၃။ လွတ်လပ်စွာ တုံ့ပြန်ရေးသား ပိုင်ခွင့်တွေ လူသားတိုင်းမှာ ရှိနေဖို့လိုတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံပဲ။

ခုဆိုရင် လူတိုင်း အိမ်တိုင်းမှာ ကိုယ်နှစ်သက်ရာပါတီရဲ့ အလံကို လွှင့်ထူခွင့်ရှိတာ သတိထားမိကြမယ်။ ဒီလို အနေအထားမျိုးရောက်အောင် အလကားရခဲ့တာ မဟုတ်ဘူး၊ တိုက်ယူခဲ့ရတာ၊ ငြိမ်ခံနေခဲ့လို့ရတာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ပြည်သူ ပေါင်းများစွာ၊ ကျောင်းသား ကျောင်းသူ ပေါင်းများစွာ အသက်ပေါင်းများစွာ စတေးပြီး ရယူခဲ့ကြတာ။

အလံမပြောနဲ့ ပန်းစည်းလေးပေးမိတာနဲ့တောင် အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေ၊ အိမ်မှာ ဓာတ်ပုံနဲ့ အလံထားမိလို့ အလုပ်အဖြုတ်ခံလိုက်ရသူတွေ အများကြီးရှိခဲ့တာ သတိရလိုက်ပါ။ စကားလေးတစ်လုံးကြောင့် အနုပညာလုပ်ငန်း အပိတ်ခံခဲ့ရတာတွေလည်း ဘယ်ခေတ်မှာလဲဆိုတာ သတိရလိုက်ပါ။

စာပေကင်ပေတိုင်ခေတ်ကို ဖြတ်သန်းခဲ့ရဖူးသူတစ်ဦးအနေနဲ့ လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဖော်ခွင့်ကို အလွန်မြတ်နိုး တန်ဖိုးထားပါတယ်။ ယနေ့တိုင် Facebook လို ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်သူ့ကိုမှ စိုးရိမ်ကြောက်ရွံ့ခြင်းမရှိ ရေးသားနေနိုင်ခြင်းကလည်း မိမိကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ ဒီမိုကရေစီမဲ တစ်ပြား ကြောင့်လို့ တွေးမိတယ်။

စာရေးဆရာတွေမှာ လွတ်လပ်စွာ ခံစားဖို့တယ်၊ လွတ်လပ်စွာ ဖော်ထုတ် နိုင်ဖို့လိုတယ်။

လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ရဖို့ ဒီမိုကရေစီနဲ့ အကာအကွယ်ပေးနိုင်မယ့် အစိုးရမျိုးလိုတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ရင် ထဲမှာ ရှိတဲ့အရှိတရားတစ်ခုကို လွတ်လပ်စွာ ဖော်ထုတ်ပြနိုင်ဖို့ အရေးကြီးလို့ပါပဲ။ ပြည်သူကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရှိအောင် တုပ်နှောင်ထားတာ သူရဲဘောကြောင်တဲ့ လူတွေရဲ့ လုပ်ရပ်လို့ဆိုပါ တယ်။

အလားတူပဲ။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရနေချိန်မှာ လွတ်လပ်စွာ မဖော်ထုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ကာ ရှောင်နေတဲ့ သူတွေလည်း သူရဲဘောကြောင်သူတွေပါပဲ။
ကိုယ်ပေးတာ ကိုယ်ပြန်ရတတ်တယ်တဲ့။

ဘာကိုပေးပြီး ဘာကိုပြန်ယူမလဲ။
အရေးကြီးတာ ကျော်ဟိန်းသီချင်းတစ်ပုဒ်ထဲကလိုပါပဲ။
“သင်ဟာ သမိုင်းကြောင်းကောင်းအောင်တစ်ခုခု လုပ်ခဲ့သလား”
လူဆိုတာ လိပ်ပြာသန့်သန့် ရှင်သန်နေဖို့လိုတာပါပဲ။

တင်ညွန့်