တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး ခက်ခဲ

0
422
Dawei Watch, Dawei News, Dawei News Media

မြန်မာနိုင်ငံတောင်ပိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသ အောက်ရှိ ပြည်သူများအနေနှင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်နိုင်ရန်မှာ အခက်အခဲများစွာ ရှိနေသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါဒေသရှိ ပြည်သူတို့၏ ရွေးကောက်ပွဲဆိုင်ရာ ကြုံတွေ့နေရသည့် အခြေအနေကို “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်စာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု မွန်ဝန်ကြီးချုပ်ပြော

အစီရင်ခံစာတွင် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ မဲပေးပိုင်ခွင့်ရှိနေသော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များမရခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ မရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေ ခြင်းတို့ကြောင့် ဒေသခံများ ရွေးကောက်ပွဲတွင် ပါဝင်လာရန် အခက်အခဲ စိန်ခေါ်မှု တို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပါရှိသည်။

“တော်တော်များများက မဲမပေး ဖူးကြဘူး။ သူတို့အတွက် ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သင်တန်းတွေ မရှိဘူးဆိုတော့ သူတို့ မဲ မပေးတတ်ဘူး” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ညှိနှိုင်းရေးမှူး နိုင်ဗညားအက်ဗန်က ပြောသည်။

“နောက်တစ်ခုက လက်နက်ကိုင် ထိန်းချုပ်ဒေသကနေ အစိုးရထိန်းချုပ် ဒေသမှာ မဲလာပေးရတယ်၊ တအားဝေးတယ်။ ကုန်းတစ်တန် ရေတစ်တန်နဲ့ သွားရတော့ မဲသွားမပေးကြတော့ဘူး။ အဲလိုမျိုး အခက်အခဲတွေရှိတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသတို့တွင် လူဦးရေ တစ်သိန်းရှစ်သောင်းဝန်းကျင်ရှိပြီး လေးသောင်းကျော်မှာ ရွေးကောက်ပွဲတွင် တစ်ကြိမ်တစ်ခါမှ ပါဝင်မဲပေးခွင့် မရဖူးသူများဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေးချောင်းဖျားဒေသ မွန်ပြည်သစ် ပါတီ ထိန်းချုပ်မှုအောက်ရှိ မဲမပေးခဲ့ဖူးသည့် ကျေးရွာ ကိုးရွာက လူဦးရေ ၂၀ဝ၀ ခန့်သည် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲစာရင်းတွင် ပါလာပြီ ဖြစ်သည်။

သို့သော်လည်း မဲရုံနှင့် အလွန်ဝေးကွာသည့်အတွက် မဲသွားပေးရန် မသေချာ သည့်အနေအထားရှိနေသည်ဟု ရေးမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် -၂ မှ ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောသည်။

“မဲလာပေးနိုင်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မဲလာပေးဖို့က မိုင် ၂၀၊ ၃၀ လောက် လာရတဲ့ ခရီးမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဒေသမှ ပြည်သူများအား ရွေးကောက်ပွဲဆိုင်အသိပညာပေး သင်တန်း များ ရရှိနိုင်အောင်နှင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲသွားပေးနိုင်ရန် မွန်လူမှုအဖွဲ့အစည်းတို့က ကြိုးပမ်း ဆောင်ရွက်နေသည်လည်းရှိသည်။

“သူတို့ဆီ သွားပြီးတော့ မဲပေးနည်း သင်တန်းပေးကို ပေးရမယ်။ မဟုတ် ရင် သူတို့ပေးတတ်မှာ မဟုတ်ဘူး” ဟု မဲပေးခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးနေသည့် နိုင်လွန်က ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့ အကြုံများအရ အဆိုပါ လက်နက်ကိုင် ထိန်းချုပ်ဒေသက ပြည်သူအချို့မှာ မဲပေးခဲ့ကြသော်လည်း ရွေးကောက်ပွဲအတွေ့ အကြုံနှင့် မဲပေးခြင်းဆိုင်ရာ အသိပညာ မရှိခဲ့သည့်အတွက် မဲအများစုသည် ပယ်မဲ ဖြစ်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

အခြားဒေသက ပြည်သူများနည်တူ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသမှ ပြည်သူများလည်း ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရရှိရန် ဒေသအာဏာပိုင်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား တိကျသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များရှိရန် လိုအပ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ပြည်ထာင်စုရွေးကောက်ပွဲကော် မရှင်အနေနှင့် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အားလုံး တန်းတူညီမျှပါဝင်နိုင်သော အခင်းအကျင်းမျိုး ဖန်တီးပေးရမည်ဟုလည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထောက်ပြသည်။