ထားဝယ်အိုးလုပ်ငန်း၏ မှုန်ဝါးဝါးအနာဂတ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ထားဝယ်ဒေသအိုးလုပ်ငန်းဟာ ရှေးခေတ်အဆက်ဆက်ကတည်းက လုပ်ကိုင်လာတဲ့ မိရိုးဖလာအိုးလုပ်ငန်း တစ်ခုပါ။ ရှေးယခင်ကတော့ မြေအိုး အသုံးပြုသူတွေများတာကြောင့် အိုးလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ခဲ့ကြရပါတယ်။

နောက်ပိုင်းမှာတော့ မြေအိုးနေရာမှာ ဒန်အိုး၊ ကြွေအိုး၊ စတီးအိုး၊ ပလပ် စတစ်ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ နေရာဝင်ယူလာကြရာကနေ အိုးလုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီး ဖြစ်လာခဲ့ပါတယ်။

အိုးအသုံးပြုသူနည်းလာတာ၊ အိုး လှန်းဖို့ နေရာအခက်အခဲရှိတာ စတဲ့ အကြောင်းတွေကြောင့် အိုးလုပ်ငန်းလုပ် ကိုင်သူတွေဟာ အခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ခဲ့လာကြတယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောပါတယ်။

အခုနှစ်မှာတော့ ကိုဗစ်ကပ်ဘေးက ထပ်ပြီး နှိပ်စက်လိုက်ပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် သင်္ကြန်အိုးတွေလည်း မရောင်းရသလို သပိတ်အိုးနဲ့ ဆီမီးခွက်တွေရဲ့ ရောင်းအားကလည်း သုံးပုံ တစ်ပုံခန့် လျော့ကျသွားခဲ့ တယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်ခင်သူဇာက ပြောပါတယ်။

“ငွေကလည်ပတ်ဖို့ အင်အားနည်း လာတယ်။ အိုးမရောင်းရဘဲနေရင် ပိုက်ဆံဆိုလည်း မမြင်ရဘူး” လို့ သူက ဆိုပါတယ်။

ဒေါ်ခင်သူဇာအနေနဲ့ ပြီးခဲ့တဲ့နှစ်က သပိတ်အိုး တစ်သောင်းခွဲလောက်နဲ့ ဆီမီးခွက် အလုံးရေ ငါးသောင်းလောက် ထုတ်လုပ်ရောင်ချနိုင်ခဲ့ပါတယ်။

“အိုးပုံမှန်ရောင်းရမယ်ဆို အလုပ်သမားလည်း ပုံမှန်လည်ပတ်နေတယ် ဆိုရင် ကိုယ်က အမြတ်အစွန်းမျှလောက် စားရတယ်။ အခုက အမြတ်အစွန်းမစားရ တဲ့အပြင် ငွေကလုံးလုံးခဲခဲ ဒီထဲကို ဝင်နေတယ်ဆိုတော့ ကိုယ့်မှာ အရင်းမရှိတော့ဘူးပေါ့” လို့ ဒေါ်ခင်သူဇာက ပြောပါတယ်။

နှစ်တိုင်းပဲ သီတင်းကျွတ်လရောက်ရင် သပိတ်အိုးနဲ့ ဆီမီးခွက်တွေ ရောင်းရနေပြီဖြစ်ပေမဲ့ အခုနှစ်မှာတော့ ကိုဗစ်ကြောင့် အလုံးရေငါးထောင်ဝန်းကျင်သာ ပြုလုပ်ထားနိုင်ပါတယ်။ ဒါတောင်မှ ရောင်းမကုန်သေးဘဲ ကျန်ရှိနေတုန်းပါပဲ။

“လက်ရှိကတော့ အခုကျွန်မတို့ သိုထားတဲ့ပစ္စည်းတွေ ကုန်အောင်တော့ လိုနေတာပေါ့နော်” လို့ ဒေါ်ခင်သူဇာက ပြောပါတယ်။

ထားဝယ်ဒေသက ထွက်သည့် အိုးများကို ထားဝယ်ခရိုင် လေးမြို့နယ် သာမက မြိတ်၊ ကော့သောင်းနဲ့ ထိုင်းနိုင်ငံ ရနောင်းအထိပါ တင်ပို့ရောင်းချ ကြပါတယ်။ ကိုဗစ်-၁၉ ရောဂါမှာ မြန်မာနိုင်ငံတွင် မတ်လကနေ စတင်ဖြစ်ပွားခဲ့ပြီး သင်္ကြန်ပွဲတော်အပါအဝင် လူစုလူဝေးနဲ့ ကျင်းပရတဲ့ ပွဲလမ်းသဘင်တွေကို ပိတ် ပင်ထားခဲ့တာပါ။

ယခင်က အိုးလုပ်ရပ်မှာ အိုးလုပ် ငန်းလုပ်ကိုင်တဲ့ အိမ်ဆယ်အိမ်ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်နှစ်လောက်အထိကို ခုနစ်အိမ်လောက် ကျန်နေပါသေးတယ်။ အခုအခါမှာတော့ အိမ်ဟာ လေးအိမ် ခန့်သာကျန်ပါတော့တယ်။

ပြီးခဲ့သည့်နှစ်ကထက် အိုးအလုံးရေ လျှော့ထုတ်ထားသော်လည်း လက်ရှိ ထုတ်လုပ်ထားသည့် ပစ္စည်းများ ရောင်းအားမရှိသဖြင့် အလုပ်သမားများကိုလည်း နားခိုင်းထားရတယ်လို့ ဒေါ်ဇင်မာက ဆိုပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း ပန်းရောင်းတဲ့လုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်နေရပါတယ်။

“အိုးက လုပ်တော့ လုပ်နေမယ်၊ ပန်းရောင်းတာကလည်း သူက အချိန် ပိုင်းမျှပဲဆိုတော့ ဒီဘက်ကလည်း လုပ်တော့ လုပ်နေမယ်” သူက ဆိုပါတယ်။

ထားဝယ်မြို့၊ အိုးလုပ်ရပ်မှာ ရေအိုး၊ ပေါင်းအိုး၊ မုန့်လင်မယားအိုး၊ စုဘူး၊ နတ်အိုး၊ သင်္ကြန်အိုး၊ သပိတ်အိုးနဲ့ ဆီမီးခွက်တွေအပြင် ကလေးကစားတဲ့ အိုးပုတ်တွေကိုလည်း ပြုလုပ်ပါတယ်။

ကိုဗစ်ကြောင့် အလုပ်နားနေရတာ နှစ်လနီးပါးရှိပြီလို့ အိုးလုပ်ငန်းလုပ် ကိုင်သူ ဒေါ်သန်းညွှန့်က ပြောပြပါတယ်။

ဒေါ်သန်းညွှန့်ဟာ အသက် ၇၅ နှစ် ရှိပြီဖြစ်သလို အသက် ၁၅ နှစ်ခန့်အရွယ် ကတည်းက ဝါသနာပါတာကြောင့် အိုးလုပ်ငန်းကိုသာ လုပ်ကိုင်လာသူပါ။

“တို့က တစ်နေ့လုပ်မှ တစ်နေ့စား ရတဲ့လူတွေမဟုတ်လား။ အဲတော့ အခက်အခဲကတော့ ရှိတာပေါ့” လို့ ဒေါ်သန်းညွှန့် က ဆိုတယ်။

တစ်ခါတလေမှာ ရပ်ရွာမှ ထောက်ပံ့ပေးတာနဲ့ စားနေရပြီး ချေးငှားရသည့် အခြေအနေများလည်းရှိတယ်လို့ သူမ က ဆိုပါတယ်။

အိုးလုပ်ငန်းလုပ်ကိုင်ရာမှာ ပြုလုပ်ပြီးသား အိုးတွေကို လှန်းဖို့ မြေနေရာလည်းလိုအပ်သလို အိုးလုပ်အတတ် ပညာကို အချောထည်အထိ လုပ်ကိုင်နိုင် ဖို့အတွက် အချိန်လချီကြာလိုအပ်တာပါ။

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးကလည်း အိုးလုပ်ငန်းကိုသာ ဝါသနာပါလို့ ဆယ်နှစ်သမီးကတည်း လုပ်ကိုင်လာခဲ့တယ်လို့ ပြောပါတယ်။ အိုးလုပ်ငန်း အလုပ်သမားတွေဟာ နေ့စား အလုပ်သမားတွေမဟုတ်ဘဲ အိုးထွက်တဲ့အပေါ်မူတည်ပြီး ပိုက်ဆံရကြတာပါ။

အိုးလုပ်သမတစ်ဦးဟာ တစ်နေ့ကို ငွေကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ ကျပ်ခန့်သာ ရတာဖြစ်လို့ အိုးလုပ်ငန်းကို လူငယ်တွေ စိတ်ဝင်စားမှုနည်းတယ်လို့လည်း ဒေါ်သန်းညွှန့် က ပြောပါတယ်။

ထားဝယ်လူမျိုးများဟာ မြစ်အတွင်းမှာ သပိတ်တွေကို မျှောပြီး ရှင်ဥပဂုတ္တ မထေရ်မြတ်ကို ဆွမ်းကပ်လှူကြတာကို ရိုးရာတစ်ခုလို ပြုလုပ်လာရာမှ ပျော်ပွဲရွှင်ပွဲသဖွယ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြတဲ့အတွက် အိုးလုပ်ငန်း ဟာ အဆင်ပြေနေခဲ့တာပါ။

မိသားစုအလိုက် သပိတ်မျှောကြသလို တစ်ဦးချင်းအလိုက် သပိတ်မျှော ကြပါတယ်။

သပိတ်မမျှောရရင် မိသားစုအတွက် မကောင်းဘူးလို့ အထင်ရှိကြပြီး သပိတ် မျှောလိုက်မှပဲ တစ်နှစ်တာလုံးအတွက် ကောင်းသွားမယ်လို့ ယူဆကြပါတယ်။ အခုနှစ်မှာတော့ သပိတ်မျှောပွဲကို ကျင်းပနိုင်ဖို့ မသေချာသေးဘူးလို့ ပွဲတော်ကျင်းပရေးတာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

မပန်းအိဖြူကတော့ မိရိုးဖလာ အိုးလုပ်ငန်းကို ငယ်ငယ်ကတည်းက ဝါသနာပါသူပီပီ၊ လူငယ်ပီပီ အခြားအလုပ်တွေ ရွေးချယ်လို့ရပေမဲ့လည်း ဒီလုပ်ငန်းကိုပဲ ရေရှည်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားသူပါ။

အိုးလုပ်ငန်းကိုချစ်တဲ့ မပန်းအိဖြူဟာ အထက်မြန်မာပြည်ဘက်က အိုးလုပ်ငန်းတွေကိုလည်း သွားရောက်လေ့ လာခဲ့သလိုအားလည်း ကျနေခဲ့ပါတယ်။

အထက်မြန်မာပြည်ဒေသက အိုးလုပ်ငန်းတွေမှာ အစိုးရက နည်းပညာနှင့်‌ငွေ ကြေးပံ့ပိုးပေးမှုတွေရှိလို့ ဈေးကွက်ထိုး ဖောက်နိုင်သလို ဒီလုပ်ငန်းနဲ့ ရပ်တည် ဖို့အတွက်လည်း အဆင်ပြေကြတာကို လေ့လာတွေ့ရှိရတယ်လို့ မပန်းအိဖြူက ပြောပါတယ်။ ထားဝယ်အိုးလုပ်ငန်းဟာ မိရိုးဖလာလုပ်ငန်းဖြစ်သလို နည်းပညာ နဲ့ ငွေကြေးလိုအပ်မှုတွေလည်းရှိတယ်လို့ သူမက ဆိုပါတယ်။ လက်ရှိချေးငွေ ရတဲ့ ပမာဏဟာ အိုးလုပ်ငန်းအတွက် စိုက်ထုတ်မယ့် ငွေကြေးအရင်းကို မမီဘူး လို့လည်း ဆိုပါတယ်။

“အစကတော့ ကျွန်မ ဒီလုပ်ငန်းနဲ့ပဲ တစ်သက်လုံး ရပ်တည်နိုင်မယ်လို့ ထင်ခဲ့တာ” လို့ မပန်းအိဖြူက ပြောပါတယ်။

ဒီလို ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် သူဟာ အိုးလုပ်ငန်းကို စွန့်ခွာနိုင်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ စက်ချုပ်သင်တန်းတစ်ခုကို တက်ရောက်နေ ပါတယ်။

သူမ တကယ်ပဲ အိုးလုပ်ငန်းကို စွန့်ခွာပြီး စက်ချုပ်တဲ့လုပ်ငန်းကို ကူးပြောင်းသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။

“ကိုဗစ်ဖြစ်လိုက်မှပဲ ဒီလုပ်ငန်းနဲ့ ကျွန်မ ရေရှည်ရပ်တည်ဖို့ မလွယ်ဘူး ဆိုတာ သိလိုက်တယ်” လို့ သူက ပြောပါတယ်။

ထားဝယ်ဒေသ အိုးလုပ်ပြင်ရပ် ကွက်မှာတော့ အိုးလုပ်ငန်းလုပ်ကိုင်သူတွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေသလို အထက်မြန်မာပြည်ကထွက်တဲ့ အိုးတွေကလည်း တနင်္သာရီတိုင်းကို ဝင်ရောက်နေတာကြောင့် ဈေးကွက်ပြိုင် ဆိုင်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။

မိုးမြင့်