ပြည်နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု မွန်ဝန်ကြီးချုပ်ပြော

0
543
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အခြေအနေရှိနေပြီဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြောရရင် ထိန်းချုပ်လို့ရတဲ့ အခြေ အနေရောက်နေပါပြီ။ အဓိက အချက်ဖြစ်တဲ့ နှာခေါင်းစည်းတပ်တာရယ်၊ ခပ်ခွာ ခွာနေတာရယ်၊ လက်ဆေးတာရယ်ကို အထူးပဲလိုက်နာရင် တစ်လတောင် ကြာတော့မှာမဟုတ်ဘူး။ လုံးဝပျောက် ကင်းမှာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြည်နယ်အတွင်း ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ် အဝင်အထွက်နေရာများဖြစ်သော ကျိုက်ထို စစ်တောင်းတံတားထိပ်၊ ရေမြို့အဝင်စစ်ဆေးရေးစခန်းနှင့် သထုံ ဒုံသမိတံတားတို့တွင် ပြည်နယ်အတွင်း ဝင်ရောက်လာသူများအား စစ်ဆေးလျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

၎င်းပြင် ပြည်နယ်အတွင်းသို့ အခြား ဒေသများမှ မည်သူမဆိုဝင်ရောက်လာ ပါက ရောဂါပိုးရှိ မရှိ စစ်ဆေးမှု ခံယူရ မည့်အပြင် ကွာရန်တင်းလည်း ဝင်ရမည်ဖြစ်ပြီး သတ်မှတ်ရက်ပြည့်မှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုမည်ဟုလည်း ဆိုသည်။

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ ဆေးဝါးအသုံးစရိတ်များ၊ ပို့ဆောင်ရေး စရိတ်များနှင့် ကွာရန်တင်းစခန်း အသုံးစရိတ်များအတွက် ပြည်နယ်အစိုးရက ငွေကျပ် ၁ ဒသမ ၅၁ ဘီလီယံကျော် သုံးစွဲထားကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။

မွန်ပြည်နယ်အတွင်း ကွာရန်တင်းစခန်း စုစုပေါင်း ၂၁၂ နေရာ ဖွင့်လှစ်ထားပြီး လက်ခံထားရှိသူ သုံးသောင်း လေးထောင်ကျော်ရှိသည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အောက်တိုဘာ ၁၃ ရက်နေ့ထိ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း ရောဂါကူးစက်ခံရသူ ၄၀ဝ ရှိပြီး ရောဂါပျောက်ကင်းသွားသူ ၃၀ဝ ကျော်ရှိကာ ရှစ်ဦး သေဆုံးထားသည်။