ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး တစ်ပတ်ပိတ်မည်

0
5911

ထားဝယ်၊ အောက်တိုဘာ ၁၉ / Dawei Watch

ထားဝယ်မြို့တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် မင်္ဂလာဈေးကို  တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ တစ်ပတ်ကြာပိတ်ထားမည် ဖြစ်ပြီး ဈေးအတွင်းရှိ ဆိုင်ခန်းများအပါအဝင် ပျံကျဈေးသည်များလည်း ပိတ်ထားရမည်ဖြစ်သည်။

ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အပေါ် ဈေးသူ/ ဈေးသားများက စိုးရိမ်နေသဖြင့် ဈေးအကျိုးဆောင်အဖွဲ့များက မြို့နယ်စည်ပင်သာယာရေးကော်မတီထံ တင်ပြလာမှုအပေါ်  စည်ပင်သာယာရေးကော်မတီက အောက်တိုဘာလ ၁၉ ရက်နေ့က ဆွေးနွေးပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ကြောင်း စည်ပင်ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

“တကယ်လိုအပ်ရင် ဆက်ပိတ်မှာပေါ့။ တစ်ပတ်ချင်း တစ်ပတ်ချင်းပဲ သွားမှာ” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်ကမ်းနားဈေးကိုမူ လက်ရှိတွင် ယာယီပိတ်ရန် အစီအစဉ်မရှိသေးသော်လည်း ဆိုင်ခန်းအချို့ကို ထားဝယ်မြစ်ဘေးရှိ သဲသောင်ပြင်တွင် ရောင်းချစေရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ရှိ တဂူသိမ်ဈေးကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှစကာ ခုနစ်ရက်ပိတ်ထားကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

ထားဝယ်မြို့ရှိ ကိုဗစ်ကူးစက်သူများနေသည့် အိမ်ရှေ့ပြင်ရပ်ကွက်ကို အောက်တိုဘာလ ၁၃ ရက်နေ့က လော့ဒေါင်းချခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ပိုးကူးစက်ခံရသူ ၁၄၆ ဦးရှိပြီး ထားဝယ်မြို့နယ်တွင် ၅၂ ဦးရှိပြီဖြစ်သည်။