တိုင်းရင်းသားပါတီများနှင့်သာ မဟာမိတ်ဖွဲ့ထားဟု မွန်ပါတီဆို

0
330
Dawei Watch, Dawei News, Dawei News Media

မွန်ညီညွတ်ရေးပါတီအနေနှင့် တိုင်းရင်းသားပါတီများကလွဲပြီး မည်သည့် ပါတီတို့နှင့်မှ မဟာမိတ်ဖွဲ့ထားခြင်းမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီ၏ မဲဆွယ် စည်းရုံးဟောပြောပွဲတစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အချို့ တက်ရောက်နာထောင်းခဲ့ သည်နှင့်ပတ်သက်ပြီး ဝေဖန်တိုက်ခိုက် ပြောဆိုနေမှုအပါ် မွန်ညီညွတ်ရေးပါတီ က ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို မဲဆွယ်ကာလမှာ ကျွန်တော်တို့ ပါတီက မဲဆွယ်လှုပ်ရှားမှုတွေအား ကောင်းနေတဲ့အချိန်မှာ ပြိုင်ဘက်ပါတီ တချို့က ကျွန်တော်တို့ကို တိုက်ခိုက်လို တဲ့သဘောနဲ့ ဟိုပါတီနဲ့ ပေါင်းသလိုလို ဘယ်အဖွဲ့အစည်းနဲ့ ပေါင်းသလိုလို အဲသလို တိုက်ခိုက်ပြောနေတာကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။

ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ

မွန်ညီညွတ်ရေးပါတီသည် ကချင်၊ ကယား၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။ ထို့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF တို့နှင့်သာ မိတ်ဖက် ဆက်ဆံရေးရှိပြီး ကျန်မည်သည့်ပါတီနှင့်မှ မဟာမိတ်ဖွဲ့ထားခြင်းမရှိဟုဆိုသည်။

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး ဟောပြောသည့်အခါ မည်သူမဆို တက်ရောက်နားထောင်ခွင့်ရှိပြီး မူဝါဒ မတူညီသည့် ပါတီအချင်းချင်းအကြား အပြန်အလှန် လေ့လာခြင်းသည် ကောင်းမွန်သည့်ကိစ္စ ဖြစ်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတို့က ပြောသည်။

“ပါတီတစ်ခုက မဲဆွယ်စည်းရုံးတဲ့အခါ သူ့ပါတီဝင်တွေကိုပဲ စည်းရုံးရမယ်လို့ မသတ်မှတ်ထားဘူး။ ပါတီဝင် မဟုတ်တဲ့လူတွေကို စည်းရုံးတာကလည်း မဲဆွယ်စည်းရုံးခြင်းရဲ့ အနှစ်သာရပဲလေ” ဟု ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနေသည့် မွန်ပြည်နယ်လူထုဆုံရပ် ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်ထွန်းက ပြောသည်။

ယင်းအပြင် “မွန်ပါတီက မဲဆွယ်တဲ့အချိန်မှာ ကြံ့ခိုင်ရေးက တက်တက် NLDက တက်တက် ဘယ်ပါတီဝင်မှ မဟုတ်တဲ့လူပဲ တက်တက် ပြဿနာ တစ်ရပ်မဟုတ်ဘူးလို့ ထင်တယ်” ၎င်းက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ကိုယ်စားလှယ်လောင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

Dawei Watch