ထားဝယ်ဆေးရုံကြီး ဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံရ

0
3524

ထားဝယ်၊ အာက်တိုဘာ ၁၇/ Dawei Watch

ထားဝယ်ဆေးရုံကြီး သားဖွားမီးယပ်ဆောင်တွင် တာဝန်ကျနေသည့် ဆရာဝန်တစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဆေးရုံတွင်လာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် သက်ဆိုင်ရာ ဆေးကုသဆောင်မှ ကျန်းမာရေးဝန်ထမ်းများအား စစ်ဆေးရာ အဆိုပါဆရာဝန်တွင် အောက်တိုဘာလ ၁၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။

လက်ရှိတွင် ပိုးတွေ့သည့်ဆရာဝန်မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ပြောသည်။

“သူနဲ့ ထိတွေ့ဆက်စပ်သူတွေကိုတော့ အခု ထပ်စစ်ရမှာပေါ့” ဟု ဒေါက်တာဥက္ကာက ဆိုသည်။

အဆိုပါဆရာဝန် တာဝန်ထမ်းဆောင်နေသည့် (OG Ward) သားဖွားမီးယပ်ကုသဆောင်မှ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ရှိ/ မရှိ ထပ်မံစစ်ဆေးမည်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကူးစက်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း အောက်တိုဘာလ ၁၇ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၃၇ ဦးရှိပြီဖြစ်သည်။