ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

0
405
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။

ဦးကိုဦး ၊ တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီ၊

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်- ၁၂

မေး- ကိုယ့်ဝင်ပြိုင်မယ့် တိုင်းအတွင်းမှာဆိုရင် ဘယ်လိုအခက်အခဲ ပြဿနာတွေ ရှိနေတယ်လို့ ထင်လဲ။

ဖြေ- တနင်္သာရီတိုင်းဒေသကြီးမှာ အဓိက အရေးကြီးတဲ့ ပြဿနက လျှပ်စစ်စွမ်းအင်ရရှိရေး။ ဒုတိယတစ်ချက်က မြေယာ၊ မြေယာနဲ့ပတ်သက်ပြီးတော့ ဖြေရှင်းရမယ့်အပိုင်းတွေပေါ့။ သိမ်းဆည်းခံ မြေယာနဲ့ ပတ်သက်တာတွေ၊ ယခင်အစိုးရလက်ထက်က သိမ်းဆည်းတာ နည်းလမ်းတကျ စနစ်တကျ သိမ်းဆည်းထားမှု မရှိတဲ့ဟာတွေ၊ အဲသည်ဟာတွေက အရေးကြီးတဲ့ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာကလည်း တိုင်းဒေသကြီးအတွင်းမှာ အရေးကြီးတဲ့ ပြဿနာ တစ်ခုဖြစ်နေတယ်။

လျှပ်စစ်စွမ်းအင်ကို ပြန်ကြည့်မယ်ဆိုရင် လျှပ်စစ်စွမ်းအင်က တစ်နိုင်ငံလုံးတန်းတူရရှိအောင် မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီးတော့ တန်းတူအခွင့်အရေးရရှိအောင် ဆောင်ရွက်ရမယ့် အပိုင်းမှာ ပါဝင်နေတယ်။ လျှပ်စစ်မှာ မီတာကိစ္စက အစ ပြဿနာရှိနေတယ်။ ပြည်သူတွေက မီတာကို သုံးစွဲမယ်၊ မီတာတစ်လုံး လွယ်လင့်တကူရရှိတဲ့ အနေအထားမဟုတ်ဘူး။ အစိုးရမီတာဆို ဈေးကြီး ကြီးပေးဝယ်ရတယ်။ ဒါပေမဲ့ လျင်မြန်စွာ ရရှိမှု မရှိတဲ့ အခြေအနေဖြစ်နေတယ်။ ခုနကပြောတဲ့ မြေယာပြဿနာကို ဖြေရှင်းတဲ့နေရာမှလည်းပဲ ဖြေရှင်းတဲ့ နည်းလမ်းတွေကို မှန်ကန်မှုရှိအောင် စနစ်တကျနဲ့ ဖြေရှင်းတဲ့ဟာတွေ၊ အောက်ခြေ ပြည်သူလူထုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ရရှိရမယ်။ ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်ရမယ်ဖြစ်တယ်။

လူငယ်တော်တော်များများမှာ မူးယစ်ဆေးဝါးက ပျံ့နှံ့နေတဲ့ အနေအထားရောက်ရှိနေတယ်။ လူငယ်မူဝါဒရေးဆွဲတဲ့အထဲမှာ မူးယစ်ဆေးဝါးကို ထည့်သွင်းရေးဆွဲထားတယ်။ ဒါပေမဲ့ အကောင် အထည်ဖေါ်တဲ့အခါမှာ ယနေ့အထိ အကောင်အထည် ဖေါ်နိုင်မှုမရှိသေးဘူး။

မူဝါဒရေးဆွဲထားပြီးဖြစ်တဲ့အတွက် အကောင်အထည်ပေါ်အောင် ထပ်မံဆောင်ရွက်ရမယ်။

မေး- ဒီလိုပြဿနာတွေထဲမှာ လျှပ်စစ်မီတာခလည်းပါတာပေါ့နော်။ အခြား တိုင်း/ပြည်နယ်တွေထက် မီတာခ ဈေးပိုပေးပြီး သုံးစွဲနေရတာကို တကယ်လို့ အနိုင်ရတဲ့ ကိုယ်စားလှယ် ဖြစ်လာပြီဆိုရင် ဘာတွေလုပ်သွားဖို့ရှိမလဲ။

ဖြေ- အနိုင်ရရင်ပေါ့၊ ပြည်ထောင်စုအစိုးရကို တွန်းအားပေးမယ်။ တစ်နိုင်ငံလုံးတန်းတူရရှိအောင် မဟာဓာတ်အားလိုင်းကို သူ့ရဲ့ Guide Line အတိုင်းပေါ့ မဟာဗျူဟာရေးဆွဲပြီးတော့ ဘယ်အချိန်မှာ မဟာဓာတ်အားလိုင်းကို ပေးနိုင်တဲ့ ကတိကဝတ်တွေမျိုးရရှိအောင် ပြည်ထောင်စု အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ပြည်ထောင်စု အစိုးရမှာလည်း အိုင်ဒီယာရှိနိုင်တယ်။ မဟာဓာတ်အားလိုင်းမရရှိရင် ဘယ်လိုနည်းလမ်းတွေနဲ့၊ ရေအားလျှပ်စစ်ကို သွားမှာလား၊ သဘာဝဓာတ်ငွေ့ ထုတ်မလားဆိုတာကတော့ ဆောင်ရွက်ရမှာပဲ။

မေး- ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် ဘာတွေပြင်ဆင်ထားပါသလဲ။

ဖြေ- ပထမပိုင်းမှာတော့ ပါတီကိုကြော်ငြာတယ်။ ပါတီကို ပြည်သူတွေသိအောင် ဆောင်ရွက် ထားပြီးပြီ။ ဗီနိုင်းထောင်တာတို့၊ လက်ကမ်းစာ စောင်တွေ ထပ်လုပ်ရဦးမယ်။ နယ်မြေဒေသ တော်တော်များများမှာ ပြီးနေပြီ။

လုပ်ချင်တဲ့ဟာကို ပြည်သူလူထုကို မက်ဆေ့ ပေးတဲ့အပိုင်းကို ထပ်ပြီးလုပ်ရဦးမယ်။ အဲသည်မှာ အခက်အခဲတွေ အများကြီးရှိနေတယ်။ ကိုဗစ် ကာလဖြစ်နေတော့ ကိုဗစ်နဲ့ပတ်သက်ပြီးလည်း ထုတ်ပြန်ချက်၊ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ရမယ်။ ကိုဗစ်ရောဂါကိုလည်း ထိန်းချုပ်တဲ့အပိုင်းမှာ ကူညီဆောင်ရွက်ပေးတဲ့ ပုံစံမျိုးလည်းရောက်အောင်၊ ကိုယ့်ကြောင့်လည်းပဲ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှု မဖြစ်လာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်။

မေး- ကိုယ်စားလှယ်ဖြစ်သွားမယ်ဆိုရင် ဘာတွေဦးစားပေးလုပ်ဖို့ရှိလဲ။ ကိုယ်လုပ်ချင်တာနဲ့ ပါတီက မူဝါကနဲ့ရော ကိုက်ညီမှုရှိရဲ့လား။

ဖြေ- ကိုက်ညီမှုရှိပါတယ်။ လူငယ်မူဝါဒကို အောင်မြင်အောင် အကောင်ထည်ဖေါ်ဆောင်ရွက်ပေးရမယ်။ လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးကြီးနေတဲ့အချိန်ဖြစ်နေတယ်။ လူငယ်မူဝါဒကို တကယ်အောင်မြင်အောင် ဆောင်ရွက်ပြီး လူငယ်တွေအားလုံးပါဝင်ပြီးတော့ မူဝါဒမှာ ရရှိတဲ့ခံစားခွင့်တွေ လူငယ်တွေဆောင်ရွက်ခွင့်ရရှိ ခဲ့ရင်တော့ အနာဂတ်မှာ အဓိကဆောင်ရွက်ရမယ့် အပိုင်းပေါ့။

မေး- လူငယ်မူဝါဒဆိုတာ ဘယ်လိုမျိုးပါလဲ။

ဖြေ- လူငယ်မူဝါဒဆိုတာက အခုအခြေအနေမှာ မူဝါဒတစ်ခုပဲ ရှိသေးတယ်။ အကောင်အထည်ဖော်ဖို့အတွက် လူငယ်တွေ တောင်းဆိုထား တာတွေရှိတယ်။ လူငယ်နဲ့ကျန်းမာရေး၊ လူငယ်နဲ့ ပညာရေး၊ မူးယစ်ဆေးဝါး အခန်းကတွေက လက်ရှိ ပီပြင်အောင် ဆောင်ရွက်ပေးမှု မရှိခဲ့ဘူး။ ပြီးတော့ ရွှေ့ပြောင်းသွားလာတဲ့ လူငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုတွေရှိတယ်။ ပညာတော့ တတ်တယ်၊ ဘွဲ့ရပညာတတ်တွေ ဖြစ်သွားတယ်။ ထိုက်တန်တဲ့ လုပ်အားခတွေ၊ အလုပ်တွေ ကိုက်ညီ မှုမရှိတာ အများကြီးပါပါတယ်။

မေး- အခြားဖြည့်စွက် ပြောချင်တာများရှိ မယ်ဆိုရင် ပြောပြပေးပါ။

ဖြေ- ပါတီရဲ့ အဓိကအကြောင်းအရင်းက တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပေါ့။ တိုင်းရင်း သားတွေအတွင်းမှာ ပဋိပက္ခဖြစ်နေတဲ့ ပြည်တွင်း စစ်တွေကို အမြန်ရပ်ဆိုင်းစေချင်တယ်။ ကျေးလက် ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ပြီးမြောက်စေချင်တယ်။ ဘာဖြစ်လဲဆိုရင် စိုက်ပျိုးရေးသမား တွေမှာဆိုရင် စိုက်ပျိုးရေးမှာ၊ ထွက်တဲ့သီးနှံတွေမှာ အာမခံချက်တွေ မရရှိတဲ့ အပိုင်းတွေကြုံနေရတယ်ပေါ့။ ဒါတွေကို အဓိကဆောင်ရွက်ပေးချင်တယ်။


ဦးနေမင်း ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ်- ၂

မေး- ဆရာ့အနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ လေ့လာရသလောက် ပြဿနာကြီး သုံးခုကို ပြောပါဆိုရင် ဘာတွေဖြစ်နိုင်မလဲပေါ့ခင်ဗျား။

ဖြေ- အခုလက်ရှိ ကျွန်တော်မြင်ထားတဲ့ ပြဿနာကတော့ ကြီးကြီးမားမား နှစ်ခုမြင်တာပေါ့နော်။ မြေယာပြဿနာနဲ့ လျှပ်စစ်မီးပြဿနာပေါ့။

မေး- ဘာကြောင့် ပြဿနာလို့ ပြောလို့ရတာလဲ ခင်ဗျား။

ဖြေ- မြေယာပြဿနာက ကျွန်တော်တို့ စီးပွားရေးလုပ်ဆောင်တဲ့နေရာမှာ မြေယာပိုင်ဆိုင် မှုတွေက အင်မတန်အရေးကြီးပါတယ်။ မြေယာ ပိုင်ဆိုင်မှုရှိမှလည်း အရင်းအနှီးလိုအပ်လို့ရှိရင် ချေးငှားပေါင်နှံပြီးတော့ အရင်းအနှီးကို တိုးချဲ့လို့ရမယ်။ နောက်ပြီး အငြင်းပွားမှုတွေလည်း အဆင်ပြေမယ်။ သားစဉ်မြေးဆက်ပိုင်ဆိုင်မှုတွေလည်း အာမခံချက်ရှိမယ်။

လျှပ်စစ်ကဏ္ဍကတော့ အခုယူနစ်ဈေးနှုန်းနဲ့က စီးပွားဖြစ်ပေါ့၊ စက်မှုဇုန်တွေ ၊ မီနီစက်မှုဇုန်ပေါ့။ ဒေသစက်မှုဇုန်တွေ လုပ်ဖို့အဆင့်တောင်မှ မလွယ်တဲ့အနေအထားတွေ့ရတာပေါ့နော်။

မေး- လျှပ်စစ်ကိစ္စမှာ ကျွန်တော်တို့တိုင်းက အခြားတိုင်းနဲ့ပြည်နယ်နဲ့စာမယ်ဆိုရင် လျှပ်စစ် ယူနစ်ဈေးကြီးပေးပြီးတော့ သုံးနေရတဲ့ အနေအထားမှာရှိတာပေါ့ခင်ဗျား။ တကယ်လို့ ရွေးကောက်ခံ ရမယ်ဆိုရင် လျှပ်စစ်ယူနစ်ဈေး တန်းတူဖြစ်ဖို့ ဘာတွေလုပ်ဖို့ရှိ လဲပေါ့ခင်ဗျား။

ဖြေ- လျှပ်စစ်ယူနစ်ဈေး တန်းတူဖြစ်ဖို့ကျတော့ လမ်းကြောင်း နှစ်ကြောင်းရှိတာပေါ့နော်။

နံပတ် ၁ လမ်းကြောင်းကတော့ အခုပေးနေတဲ့ လျှပ်စစ်ဓာတ်အားစက်က ဂက်စ်အင်ဂျင်နဲ့ ပေးနေ တာကိုး။ ဂက်စ်အင်ဂျင်က အများဆုံးတောင်မှ အင်ဂျင်တစ်လုံးကို ၅ မဂ္ဂါဝပ်လောက်ပဲရှိတယ်။ တကယ်လို့ ဂက်စ်တာဘိုင်မျိုး သုံးမယ်ဆိုရင် တာဘိုင် တစ်လုံးတောင်မှ မဂ္ဂါဝပ် ၅၀ လောက် ထွက်တာကိုး။ မဂ္ဂါဝပ် ၅၀ လောက်ထွက်တဲ့ ဂက်စ်တာဘိုင် ၁၀ လုံးလောက်ထိုင်ရင်တောင်မှ မဂ္ဂါဝပ် ၅၀ဝ ထွက်ပြီ။ အဲလိုတာဘိုင်စက်ကြီးနဲ့ ပေးမယ်ဆိုရင် ဈေးနှုန်းတွေ ထိုးကျဖို့ရှိတယ်။

ဒုတိယအချက်က မဟာဓာတ်အားလိုင်းပေါ့။ မဟာဓာတ်အားလိုင်းရောက်လာပြီးလို့ ပြည် ထောင်စုမှာရှိတဲ့ လျှပ်စစ်ဥပဒေကိုတောင်မှ ကျွန်တော်တို့က ပြုပြင်ဖို့လိုတယ်။ လျှပ်စစ် ထုတ်လုပ်မှုအပိုင်းက ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ ရင်းနှီးမြှုပ်နှံပြီးတော့ ထုတ်ထားတဲ့လျှပ်စစ်တွေကို မဟာဓာတ်အားလိုင်းပေါ်တင်ပြီး အစိုးရက ပြန်ဝယ်ပေးမယ့်ဥပဒေမျိုးကို ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ လိုအပ်တာပေါ့နော်။ အဲဒီအချိန်ဆိုရင်တော့ ပြည်မနဲ့ ကျွန်တော်တို့တွေနဲ့ လျှပ်စစ်ယူနစ်ဈေးနှုန်း တပြေးညီဖြစ်သွားနိုင်မယ်လို့ထင်ပါတယ် ခင်ဗျား။

မေး- ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လျှပ်စစ်ယူနစ်က တိုင်းဒေသကြီးရဲ့ လုပ်ကိုင်ခွင့်က မဂ္ဂါဝပ် ၃၀ အောက်ပဲရှိတာပေါ့နော်။ ခုနကပြောတဲ့ မဂ္ဂါဝပ် ၅၀ နဲ့ အများကြီးထုတ်မယ်ပေါ့နော်။ ဆိုတော့ အဲလိုမျိုးလုပ်နိုင်တဲ့ဟာက ပြည်ထောင်စု အစိုးရမှာပဲရှိတယ် ဆိုတော့လေ။ ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်ဖို့ရှိလဲပေါ့ခင်ဗျား။

ဖြေ- လက်ရှိ ဥပဒေကို မပြင်နိုင်သေးတဲ့ အချိန်မှာတော့ လွှတ်တော်မှာတင်ပြပြီးတော့ ဂက်စ်တာဘိုင်နဲ့ ထုတ်နိုင်တဲ့အဆင့်ကို ကြိုးစားရမယ်။ တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဂ္ဂါဝပ်များများကို တိုင်းဒေသကြီးအစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုနိုင်အောင်လည်း ပြင်ဖို့ လိုတာပေါ့။

မေး- လက်ရှိဆိုရင် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ဘာတွေလုပ်နေလဲပေါ့ခင်ဗျား။

ဖြေ- ရွေးကောက်ပွဲအောင်နိုင်ဖို့ဆိုတာက လက်ရှိအနေအထားက မဲဆန္ဒရှင်ပြည်သူတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ဟာတွေ၊ လုပ်ပေးချင်တဲ့ဟာတွေကို ချပြပြီးတော့ သူတို့နားလည်သဘောပေါက်အောင်၊ မဲဆန္ဒရှင် ပြည်သူတွေက ယုံကြည်အားကိုးပြီးတော့ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းနိုင်အောင် ချပြပြီးတော့ ကျွန်တော်တို့ရဲ့ စီးပွားရေး မူဝါဒတွေ၊ ဥပဒေရေးရာ အားနည်းချက်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ စီမံချက်တွေ၊ မူဝါဒတွေကို ချပြပြီးတော့ ရှင်းလင်းတင်ပြနေတာ ပေါ့ခင်ဗျား။

မေး- လက်ရှိမှာ ရွေးကောက်ပွဲအနိုင်ရမယ်ဆိုရင် ဘာတွေဦးစားပေး လုပ်ဆောင်သွားဖို့ရှိလဲ ခင်ဗျား။

ဖြေ- ရွေးကောက်ပွဲအနိုင်ရလို့ရှိရင် တိုင်းအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ဆောင်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရအောင်ဖန်တီးပေးပြီးတော့ ဒေသတွင်းမှာရှိတဲ့ အခွင့်အလမ်းတွေကို ဒေသတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအများကြီးဖော်ဆောင်နိုင်အောင်ပေါ့နော်။

ဥပမာ တစ်ခုပြောမယ်ဆိုရင် ထားဝယ်ဒေသ၊ တနင်္သာရီတိုင်းဒေသက ကမ်းမြောင်ဒေသဖြစ်တဲ့အတွက် သဘာဝဇီဝဇိုး ငှက်သိုက်တွေ မွေးမြူနိုင်တယ်။ မွေးမြူနိုင်တယ်ဆိုတော့ အစိုးရစီမံခန့်ခွဲပိုင် ခွင့်ရှိတဲ့ မြေနေရာတွေကို ကျွန်တော်တို့က ဖော်ထုတ်ပြီးတော့ ငှက်သိုက်မွေးမြူရေးဇုန်တို့ ။ ငှက်သိုက်မွေးမြူရေးဇုန်ဖြစ်လာဖို့အတွက် ငှက်သိုက် မွေးမြူရေး လုပ်ငန်းရှင်အသင်းတို့ ပေါ်ပေါက်လာ အောင်စီမံဆောင်ရွက်ပေးပြီးတော့ လုပ်ငန်းကို ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေကို မြေနေရာချထားပေးပြီးတော့ ငှက်သိုက်မွေးမြူရေးလုပ်ငန်းတွေကို တည်ထောင်ပေးမယ်။

နောက်ပြီး တနင်္သာရီတိုင်းမှာဆိုရင် ရော်ဘာစိုက်ဧကတွေ အများကြီးရှိတဲ့အတွက်ကြောင့် ရော်ဘာကို အခြေခံပြီးတော့ စက်ရုံအလုပ်ရုံတွေ ပေါ်လာအောင် စီမံပေးမယ့်ဟာတို့ နောက်ပြီး ဆန်စပါးကိစ္စတွေ၊ အခြားတိုင်းတွေကို အားကိုး နေရတဲ့ဟာကို ကျွန်တော်တို့ဆီမှာ လယ်ယာ မြေကောင်းတွေ အများကြီးဖော်ထုတ်ပြီးတော့ လက်ရှိဆန်စပါးကို ကျွန်တော်တို့တိုင်းကပဲထွက် ပြီး တိုင်းမှာဖူလုံအောင်၊ ဖူလုံပြီးတော့ အခြားပြည်နယ်နဲ့ တိုင်းတွေကို တင်ပို့ပြီးတော့ ပိုလျှံတဲ့ဟာ တွေကို နိုင်ငံခြားအဆင့်အထိ တင်ပို့နိုင်တဲ့ဟာ၊ အဆင့်မီတဲ့ ဆန်စက်တို့၊ အဆင့်မီတဲ့ စပါးအရည် အသွေးမကျဆင်းအောင် သိုလှောင်နိုင်တဲ့ နည်းစနစ်တွေကို ဖော်ထုတ်ရှာဖွေပြီးတော့ ထူထောင်ပေးဖို့ စဉ်းစားထားတဲ့ဟာတွေ ရှိပါတယ်။

မေး- ခုနကပြောတာဆိုရင် စိုက်ပျိုးရေးကဏ္ဍ က ပါလာတယ်ပေါ့နော်ခင်ဗျား။ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် လက်ရှိ အနေအထားအရဆိုရင်တော့ အခြားတိုင်းနဲ့ပြည်နယ်ကို အားကိုးနေရတဲ့အနေ အထားပေါ့နော်။ အဲလိုမျိုး မူဝါဒလည်း ရှိတယ် ဆိုတော့ကာ တကယ်လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ ဘယ်လိုအစီအစဉ်နဲ့ အကောင် အထည်ဖော်မှာလဲခင်ဗျား။

ဖြေ- လက်တွေ့အကောင်အထည်ဖော်မယ့်နေရာမှာကျတော့ စီးပွားရေးစနစ်တစ်ခုကို သွားတဲ့အချိန်မှာတော့ ဒေသတွင်းမှာ လုပ်ကိုင် နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမပါဘဲ မရဘူး ခင်ဗျား။ ဥပမာပေါ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့ စီးပွားရေးအသင်းအဖွဲ့ တွေရှိတယ်။ ဆန်စပါး လုပ်ငန်းရှင်များအသင်း အစရှိသည်ဖြင့်လေ။ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အသီးသီးရှိတဲ့အချိန်မှာ အဲဒီ စီးပွားရေးအသင်းအဖွဲ့တွေကနေ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒကို အစိုးရနဲ့ လက်တွဲပြီး အကောင်အထည်ဖော်နိုင်တဲ့ အသင်းအဖွဲ့တွေ ကျစ်လစ်ခိုင်မာလာအောင် အရင်ဆုံးစတင်ဖန်တီးရမယ် ပေါ့နော်။ စီးပွားရေးအသင်းအဖွဲ့တွေ ခိုင်မာလာပြီဆိုမှ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့တွေနဲ့ ပေါင်းစည်းပြီးတော့ စီးပွားရေးစနစ်တစ်ခုကို ပီပြင်လာအောင် စီမံချက်ရေးဆွဲဖို့လိုတာပေါ့။


ရွေးကောက်ပွဲအထူးကဏ္ဍအတွက် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ကိုယ်စားလှယ်အချို့ကို တွေ့ဆုံ/ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က လက်မခံခဲ့သောကြောင့် NLDပါတီမှ ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲအသံကို ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပါ။