ပလ္လင်ထက်က ပြည်သူ့ကျွန်များ ဖြစ်နေပြီလား

225
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၂၀ ခုနှစ်ဟာ ထူးထူးခြားခြား အဖြစ်တွေနဲ့ အမှတ်ရစရာတွေများလှတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အုန်းအုန်းကျွက်ကျွက် ဖြစ်ရတဲ့ ကိုဗစ်-၁၉ ရောဂါဟာ နှစ်ဆန်းပိုင်းက စပြီး ဖြစ်ပွားလာလိုက်တာ မြန်မာနိုင်ငံမှာ နှစ်ကုန်ပိုင်းရောက်ခါနီးလေလေ ဖြစ်ပွားမှုနှုန်း ပိုများလေလေလို့ ပြောရမလောက်ပါပဲ။ အခုဆိုရင် တစ်ရက်တည်းကို ကူးစက်ခံရသူ ထောင်ကျော်လာခဲ့ပြီး၊ သေဆုံးသူ လေးဆယ်ကျော်တဲ့အထိ စံချိန်တင်လာခဲ့ပါတော့တယ်။

စက်တင်ဘာလကစပြီး ကိုဗစ်ကူးစက် ခံရသူနဲ့ သေဆုံးသူတွေရဲ့ တရိပ်ရိပ်တက်လာတဲ့ ကိန်းဂဏန်းနဲ့အတူ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အခမ်းအနားတွေကလည်း စုရုံးစုရုံးနဲ့ တရိပ်ရိပ်တက် လာခဲ့ပါတော့တယ်။ ဥပဒေတွေ၊ အမိန့်တွေ ဘယ်လိုထုတ်ထားထား ထိန်းမနိုင်သိမ်းမရတဲ့ လူအုပ်ကြီးတွေကို ဖေ့ဘုတ်မှာ နေ့တိုင်း တွေ့နေမြင်နေရတော့တာ ပါပဲ။

ဒါပေမဲ့ တချို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကိုဗစ်-၁၉ ကြောင့် မဲဆွယ်စည်းရုံးရေးကို လူတွေတရုန်းရုန်းနဲ့ မလုပ်ကြတော့ဘဲ ဖေ့ဘုတ်စာမျက်နှာက နေတစ်ဆင့် မိမိတို့ရဲ့ ရပ်တည်ချက်တွေ၊ မူဝါဒတွေ၊ ယုံကြည်ချက်တွေကို ရှင်းလင်း ပြောကြားတာတွေပဲ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ လူစုလူဝေးနဲ့ လူတွေ အသွားအလာများကြလေလေ ရောဂါကူး စက်နိုင်ချေ ပိုများလေလေမို့ လူစုလူဝေး မဖြစ်စေတဲ့ မဲဆွယ်စည်းရုံးရေးနည်းလမ်းကို ပြောင်းလဲလိုက်တာဟာ အမြော်အမြင် ရှိတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။

တကယ်တမ်း စဉ်းစားကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ ကိုယ်စားလှယ်မို့ တခမ်းတနား ဧည့်ခံကြိုဆိုရေးထက် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပြဿနာတွေကို သေသေချာချာ သုတေသနလုပ်ပြီး၊ ကိုယ့်ရဲ့ ရပ်တည်ချက် မူဝါဒတွေနဲ့ ပြည်သူတွေကို များများ ကူညီပေးနိုင်ဖို့က အရေးကြီးဆုံးပဲ မဟုတ်ပါလား။

နိုင်ငံရေးသမားတစ်ယောက် ပြောတဲ့စကားကို ငှားပြောရရင် အမတ်တို့၊ အစိုးရအဖွဲ့တို့ဆိုတာ ကိုယ်မအားလို့ ကိုယ့်ကိုယ်စား အလုပ်လုပ်ဖို့ လခပေးခိုင်းထားတဲ့ သူတွေမဟုတ်လား။ သူတို့ ကိုယ်တိုင်ကလည်း ပြည်သူတွေကို အလုပ်အကျွေးပြုချင်လွန်းလို့ “ပြည်သူ့ကျွန်တွေ လုပ်ပါရစေ” ဆိုပြီး၊ ကိုယ့်ဆန္ဒနဲ့ကိုယ် ရွေးကောက်ပွဲ ဝင်ပြိုင်ကြတာ မဟုတ်လား။

ပြည်သူတွေအနေနဲ့ ယဉ်ကျေးမှုအရ ထိုက်သင့်တဲ့ ရိုသေလေးစားမှုတွေ ပြသရမယ်ဆိုတာ မှန်ပေမဲ့ ရှိခိုးဦးတင်ရလောက် တဲ့အထိ ခဝပ်ကျိုးနွံပြဖို့ မလိုအပ်လောက်ဘူး ထင်ပါတယ်။ သူ့ကိုထောက်ခံကြတဲ့ သက်ဆိုင်ရာ အဝန်းအဝိုင်းတွေက ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို ဂုဏ်တက်အောင် ဖန်တီးပေးတဲ့အနေနဲ့ ဝန်းရံကြတယ် ဆိုပေမယ့် တချို့နေရာတွေမှာ ကြည့်မကောင်းဘဲ အာဏာရှင်တစ်ခေတ်က အတိတ်တွေကို ပြန်အမှတ်ရစေတဲ့ အခမ်းအနား အပြင်အဆင်တွေကို တွေ့ နေရပါတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျွန်မ အထက်တန်းကျောင်းသူဘဝမှာပေါ့။ တစ်နေ့မှာ ကျွန်မတို့ကျောင်းကို ဘဘဗိုလ်ချုပ်ကြီးတွေ လာမယ်ဆိုတဲ့သတင်းကြောင့် တစ်ခါမှမဖွင့်တဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာသင်တာကို ကမန်းကတန်းသင်၊ အင်္ဂလိပ် ပြဇာတ်တွေ ကပြဖို့ ပြင်ဆင်သူပြင်ဆင်၊ ဘဘတွေကို အင်္ဂလိပ်လိုနှုတ်ဆက် စကားပြောဖို့ နှုတ်တိုက်အလွတ်ကျက်နဲ့ တစ်ကျောင်းလုံးက ဆရာ ဆရာမတွေရော၊ ကျောင်းသား ကျောင်းသူတွေရော ပုံမှန် သင်ခန်းစာတွေကို မသင်ရတော့ဘဲနဲ့ နှစ်လလောက် ပျာယာခတ်ကုန်ပါတော့တယ်။ ဘဘတွေကို လက်အုပ်ချီနှုတ်ဆက်တဲ့အခါ သံပြိုင်ညီညာဖြစ်ဖို့ နေ့စဉ် ဇာတ်တိုက်လေ့ကျင့်ရတာအမော။

ဘဘတွေလာတဲ့အခါကျရင် အလွန့်အလွန် အရည်အသွေး ပြည့်မီတဲ့ ကျောင်းဖြစ်ကြောင်း၊ ကျောင်းသူ ကျောင်းသားတွေဟာ အင်္ဂလိပ်စကားကို ဘိုသံပေါက်အောင် ပြောတတ်ကြကြောင်း၊ ကွန်ပျူ တာသင်ကြားရေးမှာလည်း ကမ္ဘာ့အဆင့်မီ သင်ကြားရေးအဆင့် ရောက်နေပါကြောင်း ပြသဖို့အတွက် လိုအပ်တဲ့ ဇာတ်တိုက်မှုတွေကို နေ့မအိပ်ညမနား လုပ်ကြပါတော့တယ်။

ဒီလိုနဲ့ ဘဘဗိုလ်ချုပ်ကြီးတို့ လာတဲ့နေ့မှာ အရင်က အပြင်အဆင်နဲ့ တစ်ခြားစီဖြစ်နေတဲ့ ကျွန်မတို့ကျောင်းနဲ့အတူ ကျွန်မတို့တတွေလည်း ကမ္ဘာ့အဆင့်မီ ပညာရေးကို လွယ်လင့်တကူ သင်ကြား တတ်မြောက်ထားကြသူတွေအဖြစ် စနစ်တကျ တန်းစီကာ လက်အုပ်ကလေးချီ၊ ခြေထောက်တွေညောင်းလောက်တဲ့အထိ နေ့ဝက်လောက် မတ်တပ်ရပ်ပြီး ဘဘတွေကို ကြိုဆိုကြရတော့တယ်။

အဲဒီလို မျက်နှာလို မျက်နှာရ လုပ်တာ၊ ဟန်လုပ်တာတွေက ကျွန်မတို့ ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်မတို့ရဲ့ ရုပ်ဆိုး အကျည်းတန်တဲ့ သမိုင်းဖြစ်ခဲ့ဖူးတယ်ဆို ရင် ဒီအချိန်မှာ အဲဒီလို အဖြစ်မျိုး မဖြစ်ရအောင် ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ အာဏာရှင်စနစ်ကို ကျွန်မတို့ မကြိုက်ဘူးဆိုရင် ထမင်းအငတ်ခံပြီး လူကြီးတွေကို နာရီပေါင်းများစွာ မတ်တပ်ရပ် လက်အုပ် ချီကြိုဆိုခဲ့ရဖူးတဲ့ ဟန်လုပ်တဲ့ အစဉ် အလာတွေကို ဆက်လက်ကျင့်သုံးနေဖို့ လိုအပ်ပါသေးသလား။ လေးစားသမှုကြောင့် ပြည်သူတွေက အဲဒီလိုလုပ်ခဲ့ရင်တောင် ပြည်သူတွေရဲ့ဒုက္ခကို ဝိုင်းဝန်း ဖြေရှင်းပေးဖို့ ကတိကဝတ်ပြုထားကြသူတွေက မတားဆီးသင့်ဘူးလား။

တကယ်လို့ ကိုဗစ်ဘေးရန်သာ မရှိခဲ့ဘူးဆိုရင် မဲဆွယ်ပွဲတွေကို ဘယ်လောက်အထိ ကြီးကျယ်အောင်လုပ်လုပ်၊ တတ်နိုင်ရင် ဆောင်းဘောက်တွေ တာဝတိံသာအထိ ကြားအောင်ဖွင့်ပြီး၊ လူသိန်းနဲ့ချီပဲ စုရုံးစုရုံး ဘာမှပြောစရာအကြောင်း မရှိပေမဲ့ ကိုဗစ်ကူးစက်မှုနှုန်းက တစ်နေ့တစ်ခြား ကြောက်စရာကောင်းလောက်အောင် တိုးလာနေတဲ့ အနေအထားမှာ သတိထား ဆင်ခြင်ကြစေချင်ပါတယ်။ တွေ့နေမြင်နေရတဲ့ လူအုပ်ကြီးတွေကိုကြည့်ပြီး လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်တွေ၊ ဥပဒေတွေဟာ လက်တွေ့မှာ အသက်ဝင်နေပါရဲ့လား။ ပြည်သူတွေက စုရုံးချင်ကြတယ်ဆိုရင်တောင် ပညာတတ်များအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေက မဆင်ခြင်သင့်ဘူးလား။

လူငယ်ကိုယ်စားလှယ်လောင်းတစ်ယောက်ကတော့ သူ့အနေနဲ့ မဲဆွယ်တာကို ဘာဖြစ်လို့ လူစုလူဝေး မလုပ်တာလဲလို့ မေးမြန်းကြတဲ့အပေါ် သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ အခုလို ဖြေထားပါတယ်။ “ဥပဒေပြုရေးကို သွားရမယ့်လူဟာ ဥပဒေ ကို စံနမူနာပြ လေးစားရမှာပါ။ လူအင် အားချင်း ပြိုင်နေဖို့ထက် မူဝါဒတွေကို ချပြနိုင်ဖို့ စဉ်းစားပါတယ်” တဲ့။ ချီးကျူးစရာ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲက အရေးကြီးတယ်ဆိုပေမဲ့ ကျန်းမာရေးနဲ့အသက်က ရွေးကောက်ပွဲထက် ပိုအရေးကြီးပါတယ်။ ဘဝမှာ ကျန်းမာရေးက အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူ့ကျွန်လုပ်ချင်ပါတယ်ဆိုတဲ့ သူတွေက အရေးကြီးဆုံးဖြစ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စကို မျက်ကွယ်ပြုပြီး၊ မိမိတို့ မဲရရှိရေးအတွက်ပဲ လုံးပမ်းနေတယ်ဆိုရင် အဲဒီလူကို နောင်ငါးနှစ်မှာ အားကိုးလို့ရတဲ့ သူတစ်ယောက်အဖြစ် သတ်မှတ်လို့ရနိုင်ပါ့မလား။ စဉ်းစားစရာပဲ ဖြစ်ပါတယ်။

မိမိရဲ့လူမျိုး၊ မိမိတို့ ယုံကြည်အားထားတဲ့ နိုင်ငံရေးပါတီ၊ မိမိတို့ လေးစား ကြည်ညိုတဲ့ လူပုဂ္ဂိုလ်တွေကို ချစ်ခင် လေးစားစိတ်နဲ့ ဝန်းရံကြတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်းရံတယ်ဆိုတာ အခမ်းအနား အဆိုအတီးတွေနဲ့ ကြိုဆိုဧည့်ခံမှ ဝန်းရံတယ်လို့ ခေါ်တာမဟုတ်ပါဘူး။ တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုတာကို ပြသဖို့အတွက် လူအုပ်ကြီးတွေနဲ့ ဆူညံလှုပ်ရှား တာတွေလုပ်မှ အရာရောက်တာ မဟုတ်ပါဘူး။ လူအုပ်ကြီးနဲ့ ဆူညံလှုပ်ရှားစရာ မလိုပဲ မိမိရဲ့တိုင်းပြည်နဲ့လူမျိုးကို ချစ်ကြောင်း ပြသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။

စာပေဟောပြောပွဲတစ်ခုမှာ စာရေး ဆရာမ နုနုရည် (အင်းဝ)က သူအင်္ဂလန်မှာ ကျောင်းတက်တုန်းက တွေ့ကြုံခဲ့ရတဲ့ လန်ဒန်ပြည်သူတွေရဲ့ မျိုးချစ်စိတ်အကြောင်း ဝေမျှထားတာကို သဘောကျလွန်းလို့ ပြန်လည်ဝေမျှပါရစေ။

အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ ဘောလုံးကန်ကြတဲ့နေ့မှာ အာဂျင်တီးနားက နိုင်သွားပါသတဲ့။ လန်ဒန်ပြည်သူတွေက မျိုးချစ်စိတ်ဓာတ်ပြင်းထန်တော့ ဝုန်းဒိုင်းကျဲ ဒေါသတွေနဲ့ ပေါက်ကွဲကြမယ်လို့ သူထင်ထားပေမဲ့ ပေါက်ကွဲဖို့နေ နေသာသာ လန်ဒန်တစ်မြို့လုံး အပ်ကျသံတောင် မကြားဘဲ တိတ်ဆိတ်ငြိမ်သက် တဲ့နည်းနဲ့ မိမိတို့လူမျိုးကိုချစ်ကြောင်း ပြသကြပါသတဲ့။ လန်ဒန်ပြည်သူတွေရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကတစ်ဆင့် သူတို့တွေရဲ့ လေးနက်ခိုင်မာတဲ့ မျိုးချစ်စိတ်ကို ကြောက်စရာကောင်းလောက်အောင် ခံစားနားလည်လိုက်ရပါတယ်လို့ ဆရာမ က ပြောပါတယ်။

ဒါ့ကြောင့် အခုလို ကိုဗစ်ကာလမှာ ဆောင်းဘောက်တွေ အသံကုန်ဖွင့်၊ လူစုလူဝေး အုန်းအုန်းကျွက်ကျွက်နဲ့ တိုင်းပြည်နဲ့လူမျိုးကို ချစ်ခင်ကြောင်း ဖော်ပြမယ့်အစား တိတ်ဆိတ်ငြိမ်သက်စွာ လိုအပ်သလောက်သာ တွေ့ဆုံဆွေးနွေးကြတာ၊ မဲပေးရမယ့်နေ့မှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ပါတီ၊ လူပုဂ္ဂိုလ်ကို မဲပေးတာက မိမိရဲ့တိုင်းပြည်နဲ့လူမျိုးကို ပိုပြီးချစ်ရာရောက်မယ် ထင်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေကလည်း ရှင်လောင်းလှည့်သလို အရပ်ဆယ်မျက်နှာ လှည့်လည်အပူဇော်ခံနေတာထက် နောင်ငါးနှစ်မှာ ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက် ဘာများလုပ်ပေးနိုင်သလဲဆိုတာ ပြည်သူတွေနဲ့ ဆွေးနွေးကြဖို့ ပိုအရေးကြီးပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက် အသံတွေကို သေသေချာချာ နားထောင်ပြီး၊ ပြည်သူတွေကို ပေးရမယ့် ကတိကဝတ်တွေကို ခိုင်မာအောင် ကြိုးစားဖို့က ပိုပြီး အဓိကကျပါတယ်။ ဘယ်ဟာတွေကိုတော့ လုပ်ပေးမယ်လို့ ပြောရုံမကဘဲ လုပ်မယ့်အချိန်နဲ့ လုပ်ဆောင်မယ့်နည်းလမ်းကိုလည်း ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ချပြသင့်ပါတယ်။

ပြည်သူတွေဘက်ကလည်း အခမ်းအနားနဲ့ ဧည့်ခံကြိုဆိုရေးထက် မိမိတို့ရဲ့ လိုအပ်ချက်တွေ ပြဿနာတွေကို တင်ပြတာ၊ ကိုယ်စားလှယ်လောင်းတွေဆီက ဘယ်လိုကတိကဝတ်မျိုး လိုချင်သလဲဆိုတာ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝိုင်းဝန်းဆွေးနွေး တောင်းဆိုကြဖို့ ပိုအရေးကြီးပါတယ်။

ပြည်သူလူထုက ကိုယ်စားလှယ် လောင်းတွေကို နေရာပေးလွန်း၊ ဦးညွှတ် ရိုသေလွန်း၊ ခဝပ်ကျိုးနွံလွန်းကြတဲ့အခါ ပြည်သူ့ကျွန်လုပ်ချင်ပါတယ် ဆိုတဲ့သူတွေ က သူတို့လုပ်ရမယ့်အလုပ်တွေဖြစ်တဲ့ အစိုးရကို ထိန်းကျောင်းရေး၊ ဥပဒေပြုရေး၊ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားအောင် ကူညီရေးစတာ တွေကိုလုပ်ဖို့ မေ့လျော့သွားတတ်ပြီး ပလ္လင်ထက်မှာ အခန့်သားတက်ထိုင်တဲ့ ပြည်သူ့ကျွန်တွေ ဖြစ်သွားတတ်ပါတယ်။

ပြင်ပဟန်ပန် အဆောင်အယောင် အခမ်းအနားတွေကိုပဲ ဦးစားပေးနေပြီး၊ လိုအပ်တဲ့ အသိဉာဏ်ပညာတွေ ရရှိဖို့ လေ့လာသင်ယူမှုတွေကို မလုပ်ဆောင်ကြ ဘူးဆိုရင် ကျွန်မတို့တိုင်းပြည်ဟာ “ရွှေ ကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” အဖြစ်မျိုးနဲ့ ဆက်ရှိနေဦးမှာပါပဲ။

ဒါ့ကြောင့် “ပြည်သူ့ကျွန်လုပ်ချင် ပါတယ်” ဆိုသူတွေက အဓိကနဲ့သာမညကို ခွဲခြားတတ်ပြီး၊ မိမိတို့တာဝန်ကို ကျေပွန်အောင် ကြိုးစားရမှာဖြစ်သလို ပြည်သူတွေဘက်ကလည်း ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်တဲ့အခါ မိမိတို့ကို ပလ္လင်ပေါ်ကနေ အခန့်သားထိုင်ပြီး အမိန့်ပေး၊ ဒုက္ခပေးမယ့် အနေအထားမရောက်အောင် သတိထားပြီး အပြန်အလှန်ထိန်းကျောင်းတာတွေ လုပ်ဆောင်သင့်ပါကြောင်း အကြံပြု တိုက်တွန်း လိုက်ရပါတယ်။ ။

နီမာဦး (အံဒင်)