ဗိုက်ပူအဝလွန်ရဲ အရေးယူခံရသူ မရှိသေး

0
427
Dawei Watch, Dawei News, Dawei News Media

ဗိုက်ပူအဝလွန်နေသည့် ရဲတပ်ဖွဲ့ များ လေးလအတွင်း ဝိတ်လျှော့ရမည်ဟု ညွှန်ကြားထားပြီး လက်ရှိတွင် အရေးယူခံရသူ မရှိသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဝလွန်နေသည့် တပ်ဖွဲ့ဝင်များ လေးလအတွင်း ဝိတ်ချရန် ပြီးခဲ့သည့် မေလအတွင်းက ညွှန်ကြားထားခြင်း ဖြစ်သည်။

သတ်မှတ်အလေးချိန်တိုင်း ဝိတ်မကျပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ယခုနှစ်ဆောင်း အအေးပိုမည်

ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုးအစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဥပမာ အရပ်အမြင့် ငါးပေ လေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ သာမန် အနေအထားပင် ဖြစ်သည်။

လက်ရှိတွင် တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်အများစုက သတ်မှတ်ဝိတ်အတိုင်း လျှော့ထားကြပြီးဖြစ်ကာ ဝိတ်မကျသူမှာ ဆယ်ဂဏန်း သာရှိတော့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တအားကြီး အခြေအနေဆိုးသူတွေပဲ ကျန်တယ်” ဟု အဆိုပါတာဝန် ရှိသူက ပြောသည်။

နယ်မြေရဲအများစုကမူ ရဲလုပ်ငန်း များပြားလွန်းသည့်အတွက် ဝိတ်လျှော့ရန် အားကစားလုပ်မည့်အချိန်မရကြဟု ညည်းတွားကြသည်။

ယင်းသို့ အဝလွန်၊ ဗိုက်ပူ တပ်ဖွဲ့ဝင်များ ဝိတ်လျှော့ရန် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့အပြင် အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ အစရှိသည့် ဌာနများကိုလည်း ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch