အစိုးရအသစ်တက်စက တောင်းဆိုခဲ့သည့် သိမ်းဆည်းမြေများ သက်တမ်းကုန်ခါနီးမှ ပြန်လည်စွန့်လွှတ်

0
259
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ ကျောက်ဖျာနှင့် ကဘင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခဲ့သည့် မြေများအနက် ဧကလေးထောင် ကျော်အား ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စီမံကိန်း အသုံးပြုရန်အတွက် လယ်ယာမြေနိုင်ငံ ပိုင်ပြုလုပ်နိုင်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ သိမ်းဆည်းခဲ့သည့် မြေများအနက် ၄၄၁၆ ဒသမ ၆၁ ဧကအား မူလပိုင်ရှင်များထံသို့ ပြန်လည်စွန့်လွှတ်မည်ဖြစ် ကြောင်း ပါရှိသည်။

ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် တောင်သူတစ်ထောင်ကျော် ခန့်တို့၏ ဥယျာဉ်နှင့် လယ်ယာမြေ ဧရိယာဧက ငါးထောင်ကျော်အား ၂၀ဝ၄ ခုနှစ်က သိမ်းဆည်းခံထားခဲ့ခြင်းဖြစ်ရာ ၁၆ နှစ်ကြာမြင့်နေပြီဖြစ်သည်။

“အခုလိုပြန်ပေးတာ တဝကို (တကယ့်ကို)ကျေးဇူးတင်တယ်” ဟု သိမ်းဆည်းမြေယာထဲပါဝင်သည့် ကျောက်ဖျာရွာနေ ကိုတူးတူးက ပြောသည်။

ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခံမြေယာတို့တွင် ကျောက်ဖျာ၊ အဒွင်း၊ ထူးဆိပ်၊ ကဘင်း၊ သဘွတ်ကျေးရွာအုပ်စုရှိ ရွာနှစ်ရွာတို့လည်း ပါဝင်ကြောင်း ကိုတူးတူးက ပြောပြသည်။

အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် မြို့သစ်စီမံကိန်းသိမ်းဆည်းမြေယာများအား ပြန်ပေးရန် အစိုးရအဆင့်ဆင့်တွင် တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ရကြောင်း ကျောက်ဖျာရွာနေ မြေယာသိမ်းဆည်းခံရသူတို့ ပြောပြသည်။

တောင်းဆိုမှုများအနက် လက်ရှိ အစိုးရစတက်ပြီး တစ်နှစ်အကြာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တောင်သူသုံးရာဦးကျော်တို့က သိမ်းဆည်းမြေယာများ ပြန်လည်ရရှိရေးနှင့် လယ်ယာမြေမှတ်ပုံတင်ရရှိရေးတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သိမ်းဆည်းမြေများတွင် မြို့သစ် စီမံကိန်းအသုံးပြုရန် လယ်၊ ဥယျာဉ်၊ ဓနိနှင့် တောရိုင်းမြေများအပါအဝင် တောင်သူ ၁၀၉၂ ဦး၏ စုစုပေါင်း ၅၅၀၂ ဧက ပါဝင်ကြောင်း မြိတ်မြို့နယ် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၏ မှတ်တမ်းမှ သိရသည်။

အဆိုပါ သိမ်းဆည်းမြေများအား ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က မေးမြန်းခဲ့သေးသည်။

ယင်းမေးခွန်းအတွက် Town Plan ရှိနေသည့်အတွက် သိမ်းဆည်းမြေများအား ပြန်လည်စွန့်လွှတ်မည်မဟုတ်ဘဲ တောင်သူများနစ်နာမှုမရှိရအောင် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး(ဟောင်း) ဦးဖြိုးဝင်းထွန်းက ဖြေဆိုခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် သိမ်းဆည်းမြေများအနက် အစိုးရအုပ်ချုပ်မှုဇုန်ထဲပါဝင်သည့် တောင်သူ ၂၀ ဦးပိုင်ဆိုင်သည့် မြေဧက ခြောက်ဆယ်နီးပါးအတွက် မြေယာလျော်ကြေးပေးအပ်ပွဲပြုလုပ်ခဲ့သည်။

မြေတစ်ဧကလျှင် ကျပ်သိန်းကိုး ဆယ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း ငါးထောင်ကျော်အား ပေးခဲ့ခြင်းဖြစ်သည်။

တစ်ဧကလျှင် ကျပ်သိန်းကိုးဆယ် နှုန်းရရှိကြသည့်အပေါ် ကျေနပ်မှုရှိကြကြောင်း လျော်ကြေးငွေ ရရှိသူအချို့က ဆိုသည်။

လျော်ကြေးပေးရန် ကျန်ရှိသည့် မြေ ၃၆ ဧကအား လာမည့်ဘဏ္ဍာနှစ်တွင် ပေးအပ်နိုင်ရန် တင်ပြတောင်းခံ ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင် က ထိုစဉ်က ပြောဆိုခဲ့သည်။

သိမ်းဆည်းမြေ ဧက ငါးထောင်ကျော်အနက် တစ်ထောင်ကျော်အား ပြန်လည် မစွန့်လွှတ်ဘဲ အသုံးပြုသွား မည်ဖြစ်ပြီး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့မှ ရယူထားသည့် မြေဧက ကိုးရာကျော်အတွက် တာဝန်ယူဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် သိမ်းဆည်းမြေများအနက် ၄၄၁၆ ဒသမ ၆၁ ဧကအား မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ် မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

သို့သော် ကျောက်ဖျာမြို့သစ်စီမံကိန်း သိမ်းဆည်းမြေယာကိစ္စသည် လက်ရှိ အစိုးရမဖြစ်ခင် အချိန်က ကြိုတင်သိရှိနေသည့် ကိစ္စတစ်ခုဖြစ်သည့်အတွက် အစိုးရသက်တမ်း ငါးနှစ်ကုန်ခါနီးအချိန်မှသာ ပြန်လည်စွန့်လွှတ်သည့်အတွက် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း ကိုတူးတူးက ပြောပြသည်။

“ဒီလောက်မကြန့်ကြာသင့်ဘူး” ဟု ၎င်းက ပြောသည်။

ပြန်လည်စွန့်လွှတ်မည့် မြေယာများအတွက် သက်ဆိုင်သူများအနေဖြင့် မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီနှင့် ကျောက်ဖျာနှင့် သဘွတ်ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတို့ထံတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြင့်မိုရ်(မြိတ်)