ဒုတိယအကြိမ်ကိုဗစ်ချေးငွေ လုပ်ငန်းသုံးခုသာ ရ

0
226
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများကို ချေးငွေချေးခွင့်ပြုရာတွင် တိုင်းအတွင်းရှိ လုပ်ငန်းသုံးခုသာ ချေးခွင့်ရသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း စသည့် လုပ်ငန်းအမျိုးအစား ရှစ်ခုက လျှောက်ထားခွင့်ရှိသည်။

လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ဝက်မွေးမြူရေးလုပ်ငန်း တစ်ခု၊ ရော်ဘာလုပ်ငန်း တစ်ခုနှင့် ရေသန့်လုပ်ငန်းတစ်ခုသာ ချေးခွင့်ရသေးကြောင်း တိုင်း ကုန်သည်/စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။

သြဂုတ်လအတွင်းက ချေးငွေ လျှောက်လွှာပေးပို့ရာတွင် စုစုပေါင်း လျှောက်လွှာ ၃၅၈ စောင်ရှိသည်။

လက်ရှိချေးခွင့်ရသူစာရင်းထုတ် ပြန်ခြင်းက ပထမအကြိမ်ဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ရန် ကျန်နေသေးကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“နောက်ထပ် ထပ်ထွက်လာဖို့ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါ လုပ်ငန်းအမျိုးအစား ရှစ်ခုကို ငွေကျပ်ဘီလီယံတစ်ရာထုတ် ချေးရန် လျာထားပြီး လက်ရှိတွင် ယင်းသုံးခုအတွက် ဘီလီယံနှစ်ဆယ်သာ ရှိသေးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

အဆိုပါလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ်ကြာထုတ်ချေးပေးခြင်း ဖြစ်သည်။

တိုင်းကုန်သည်/စက်မှုအသင်း၏ စာရင်းအရ ယခုဒုတိယအကြိမ်ချေးငွေအား ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းက လျှောက်သူအများဆုံးဖြစ်ပြီး ၁၄၇ စောင်အထိရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းက လျှောက်လွှာ ၉၀ စောင်ရှိ သည်။

ချေးငွေရယူရန်မှာ လက်ရှိလည်ပတ်နေသည့် လုပ်ငန်း သို့မဟုတ် ယခင် ငါးလအတွင်းက ယာယီရပ်နားထားသော်လည်း ချေးငွေရရှိပါက ချက်ချင်း ပြန်လည်ပတ်နိုင်ရသည့် လုပ်ငန်းဖြစ်ရ မည်၊ ၂၀၁၈ ခုနှစ် မတ်လကုန်မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွက်ပြုချက်/ လုပ်ငန်း လိုင်စင်ရရှိထားသည့် လုပ်ငန်းဖြစ်ရမည် အစရှိသည့် သတ်မှတ်ချက်များရှိသည်။

ကိုဗစ်ချေးငွေကို ယခင်က ရယူပြီးလုပ်ငန်းမဖြစ်ရန်လိုအပ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းဆိုပါက မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းမဟုတ်ဘဲ စီးပွားဖြစ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ် ရမည်ဟု ထုတ်ပြန်ထားသည်။

ပထမအကြိမ် ကိုဗစ်ချေးငွေပေးစဉ်က တိုင်းကုန်သည်/စက်မှုအသင်းထံမှ တစ်ဆင့် လျှောက်လွှာတင်သူ ၇၄ ဦးရှိ သည့်အနက် ၅၄ ဦး ငွေချေးခွင့်ရရှိခဲ့သည်။

Dawei Watch