မြွေဖမ်းတဲ့ မီးသတ်

0
596
Dawei Watch, Dawei News, Dawei News Media

မီးသတ်တပ်ဖွဲ့ဟု ဆိုလိုက်လျှင် မီးလောင်ကျွမ်းမှုများအား ငြိမ်းသတ်ရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းအဖြစ်သာ လူသိများခဲ့သည်။

ရေနစ်၊ မြေပြိုစသည့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများမှာ ၎င်းတို့ နှင့် မဆိုင်ဟူ၍ပင် လှောင်ပြောင်သည့် ပြက်လုံးများပင် ထွက်ပေါ်ခဲ့ဖူးသည်။

လက်တွေ့တွင်မူ မီးသတ်တပ်ဖွဲ့မှာ မီးငြိမ်းသတ်ခြင်း အပါအဝင် ရေနစ်ခြင်း၊ မြေပြိုခြင်း စသည့် အသက်ကယ် လုပ်ငန်းများတွင် အကူအညီပေးနေခဲ့ရသည်။

ယခုမူ မြွေဖမ်းပေးခြင်းကိုပါလုပ် ပေးနေသည်။ နေအိမ် အဆောက်အအုံများအတွင်း ဝင်ရောက်ခိုအောင်းနေသည့် မြွေကိုဖမ်းပေးရန် ပြည်သူများမှ အကူအညီ တောင်းခံလာသည့်အတွက် ယခုနှစ်အတွင်း မြွေဖမ်းပေးရန် အကူအညီတောင်းခံမှု ၁၁ ကြိမ်ရှိခဲ့ပြီး မြွေအကောင်ရေ တစ်ဆယ်ကျော်ကို ဖမ်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယင်းမှာ ထားဝယ်နှင့် လောင်းလုံးမြို့နယ် နှစ်မြို့နယ်အတွက် အရေအတွက် ဖြစ်သည်။

ထားဝယ်မြို့တွင် နေအိမ်အတွင်း ဝင်နေသည့်မြွေဖမ်းပေးရန် ဖုန်းဆက် အကူအညီတောင်းခံမှု ငါးကြိမ်ရှိပြီး အားလုံးမှာ ထားဝယ်မြို့ပေါ်ရှိ နေအိမ်များ မှဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ဆိုသည်။

“မြွေအနေအထားအရ ထွက်မလာနိုင်တဲ့ ပစ္စည်းတွေဘာတွေ ရှုပ်နေတဲ့ပုံစံ မျိုးဆိုလို့ရှိရင် ဒီနေ့မတွေ့ရင် နောက်နေ့ တွေ့တဲ့အချိန် သွားဖမ်းပေးတယ်။ တချို့လည်း တစ်ခါတည်းနဲ့ မပြီးဘူးပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်တွင် ဖမ်းပေးခဲ့ရသည့် မြွေအများစုမှာ မြွေဟောက်ဖြစ်ပြီး ဖမ်းဆီးပြီးပါက ထားဝယ်လေယာဉ်ကွင်းဘက်တွင် သွားလွှတ်ပေးကြောင်း ၎င်း က ဆိုသည်။

လောင်းလုံးမြို့တွင်လည်း မြွေဖမ်းပေးရန် အကူအညီတောင်းခံမှု ခြောက်ကြိမ်ရှိပြီး မြို့ပေါ်မှ အကူအညီ တောင်းခံမှုများကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။

ဖမ်းဆီးရမိသည့် မြွေအများစုမှာ စပါးကြီး/စပါးအုံးမြွေဖြစ်ပြီး လက်ခတ် တောင်ပေါ်တွင် ပြန်လွှတ်ပေးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ရေတက်လာတဲ့အချိန်မှာ မြောင်းထဲကနေပြီး ရောက်လာတာပေါ့။ ရောက် လာပြီး နေအိမ်တွေမှာ ကြက်ဖမ်းစားနေတာ သိတဲ့အခါ ကျွန်တော်တို့ဆီ အကူအညီတောင်းပါတယ်ခင်ဗျား” ဟု ဦးစိုးကျော်သူက ပြောသည်။

မြွေဖမ်းပေးရန် အကူအညီတောင်းခံလိုပါက ဝ၅၉-၂၁၀၁၇ ၊ ဝ၉ ၆၉၆ ၁၉၁ ၁၉၁ နှင့် ၁၉၂ ထံ ဆက်သွယ်နိုင်ကြောင်း ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch