ကပ်ဘေးအတွင်းက အမေ့ခံမူကြိုဆရာမများ

245
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လကုန်ရက်ရောက်ခါနီးလာပြီဆိုရင် မူကြိုဆရာမ ဒေါ်ပပသွယ်တစ်ယောက် စက်ချုပ်ခုံမှာထိုင်ရင်း သူများတွေ လစာ ထုတ်သွားနေကြတာကို အားကျနေမိပါ တယ်။

သူကိုယ်တိုင်ကတော့ လစာမထုတ်ရတာ ခုနစ်လလောက်ရှိနေပါပြီ။ ကိုဗစ် ကပ်ဘေးကြောင့် တက္ကသိုလ်တွေ၊ အခြေခံ ကျောင်းတွေနဲ့အတူ သူတို့ရဲ့ မူကြို ကျောင်းပါ ပိတ်ထားလိုက်ရဆိုတော့ သူလည်း လစာမရတော့ပါဘူး။

ဒေါ်ပပသွယ်တို့ရဲ့ မူကြိုကျောင်းက ကိုယ်ထူကိုယ်ထတည်ထောင်ထားတာဖြစ် လို့ ဆရာမတွေဟာ အစိုးရကပေးတဲ့ လစာကိုမရကြပါဘူး။ မူကြိုကျောင်းသား တွေဆီက ကောက်ခံတဲ့ငွေနဲ့ ရပ်ရွာအတွင်း အလှူခံပြီးရတဲ့ငွေနဲ့ သူတို့ကို လစာအဖြစ် ရပ်ရွာက ပေးထားကြတာပါ။

ဒေါ်ပပသွယ်က လောင်းလုံးမြို့နယ် ပြင်းထိန်ရွာသူဖြစ်ပါတယ်။ သူတို့မူကြို ကျောင်းမှာ ကျောင်းသား သုံးဆယ်ရှိပြီးတော့ ဆရာမနှစ်ယောက်က သင်ပေးနေ တာဖြစ်ပါတယ်။

ရပ်ရွာကရော၊ သူ့ကိုယ်သူပါ အဖြူ နဲ့ အနက်ပြာအရောင်ဝတ် ဆရာမတစ် ယောက်အဖြစ် သတ်မှတ်ခံထားရပေမဲ့ အဖြူ၊ အစိမ်းဝတ် ကျောင်းဆရာမတွေ လိုတော့ ကိုဗစ်ထောက်ပံ့မှုတွေကို သူတို့ မူကြိုဆရာမတွေမရကြပါဘူး။

“အခြားဝန်ထမ်းတွေနဲ့စာရင် ကျွန်မတို့မှာက အဆင်မပြေဘူးပေါ့လေ” လို့ သူက ဆိုပါတယ်။

အခုလက်ရှိမှာတော့ အစိုးရက သူ့ဝန်ထမ်းတွေကို နှစ်လစာ ထုတ်ချေး ပေးနေပါတယ်။

“ကျွန်မတို့တစ်တွေမှာကျတော့ အလုပ်လက်မဲ့ဖြစ်နေတော့ အခက်အခဲတော့ တွေ့နေရတာပေါ့”လို့ ဒေါ်ပပသွယ် က ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ပပသွယ်ဟာ မူကြိုဆရာမလုပ်နေတာ အခုဆိုရင် ခုနစ်နှစ်ရှိပါပြီ။ သူအလုပ်ဝင်စက တစ်လကို သုံးသောင်းကျပ်ပဲရတာပါ။ နောက်ပိုင်းမှာတော့ လစာနည်းနည်း စီတိုးရလာရင်း နောက်ဆုံး တစ်လကျပ် ရှစ်သောင်းနဲ့ လုပ်နေတဲ့အချိန်မှာ ကိုဗစ်ကပ်ဘေးဖြစ်လာခဲ့တာပါ။

သူရတဲ့လစာထဲက ငါးသောင်းကျပ်ကို အိမ်ကိုပေးပြီးတော့ ကျန်တာကို သူ့ရဲ့အသုံးစရိတ်အဖြစ်အသုံးပြုပါတယ်။ အခုတော့ ပုံမှန်အိမ်ကိုထောက်ပံ့ပေးနိုင်ဖို့နဲ့ သူ့ရဲ့အသုံးစရိတ်အတွက် အင်္ကျီချုပ် တဲ့အလုပ်ကို လုပ်နေပါတယ်။ တစ်ဖက်ကလည်း အွန်လိုင်းမှာ ဈေးရောင်းတာကိုလည်း တွဲလုပ်နေပါတယ်။ ဒါပေမဲ့လည်း အဆင်မပြေဘူးလို့ သူကဖွင့်ဟ ပါတယ်။

ကိုဗစ်ကာလ အလှူအတန်းနဲ့ ပွဲလမ်းသဘင်တွေ မရှိတော့တာမို့ အင်္ကျီ ချုပ်တဲ့အလုပ်က အလုပ်မဖြစ်ပါဘူး။

“အခုဆိုရင် အိမ်ကိုလည်းမပေးနိုင်တော့ဘူး။ အိမ်မှာတောင်ကိုယ်က လက်ဖြန့်တောင်းနေရတယ်” လို့ သူက ဆိုပါတယ်။

သူသံယောဇဉ်ရှိတဲ့ မူကြိုကျောင်းကိုတော့ စနေ၊ တနင်္ဂနွေဆို သွားပြီးတော့ သန့်ရှင်းရေးလုပ်တာကို အပတ်တိုင်းလုပ် ဖြစ်နေပါတယ်။

ပညာရေးဘက်မှာဆိုရင် မူကြို ဆရာမတွေအပြင်၊ ပုဂ္ဂလိကပညာရေးဝန် ဆောင်မှုပေးနေတဲ့သူတွေ၊ အဲဒီပညာရေး ဝန်ဆောင်မှုကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း ကိုဗစ်ကပ်ဘေးထဲ ပုံမှန်ဝင်ငွေမရှိတော့လို့ အခက်အခဲ ကိုယ်စီရှိနေကြပါတယ်။

ဒါပေမဲ့ မူကြိုဆရာမတွေ အထူးသဖြင့် ကိုယ်ထူကိုယ်ထ မူကြိုဆရာမတွေက ပိုပြီးတော့အခက်အခဲတွေ့ကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နဂိုကတည်းက လစာနည်းပါးကြလို့ပါပဲ။ ကိုယ်ထူ၊ ကိုယ်ထ မူကြိုကျောင်း ဆရာမတွေဟာ တစ်လကို ကျပ်လေး သောင်းကနေ အများဆုံး တစ်သိန်းကျော် ကျော်လောက်သာရကြတာပါ။

ပုဂ္ဂလိကမူကြိုဆရာမဆိုရင်တော့ တစ်သိန်းငါးသောင်းဝန်ကျင်လောက်ရ ကြတယ်လို့ဆိုပါတယ်။

မူကြိုဆရာမတွေဆိုတာ နုနယ် သေးတဲ့ ကလေးတွေရဲ့ ကာယ၊ ဉာဏတွေ နည်းမှန်၊ လမ်းမှန်နဲ့ စနစ်တကျဖွံ့ဖြိုးဖို့ကို ပြုစုပျိုးထောင်ပေးကြရတဲ့သူတွေပါ။ ဒါကြောင့်သူတို့တစ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တာဝန်ထမ်းနေတဲ့သူ တွေ ဖြစ်ပါတယ်။

လစာနည်းနည်းနဲ့ သူတို့ရဲ့အအချိန်တွေကို ကလေးတွေရဲ့ငိုသံတွေ၊ အညစ် အကြေးတွေကြားထဲမှာပဲ ဖြတ်သန်းနေ ကြရတာပါ။

ဒါပေမဲ့ ကိုဗစ်ကပ်ဘေးအတွင်းမှာတော့ သူတို့က အမေ့လျော့ခံတွေဖြစ်နေကြ ရပါတယ်။

လောင်းလုံးမြို့နယ် လေသွန်းခံကျေးရွာ ကိုယ်ထူကိုယ်ထ မူကြိုကျောင်း ဆရာမ တစ်ယောက်ဆိုရင် ကိုဗစ်ကပ် ဘေးထဲမှာ မိသာစု စားဝတ်နေရေး အဆင်မပြေတာကြောင့် အပြင်မှာ အလုပ်လိုက် ရှာနေရတယ်လို့ ဖွင့်ဟပါတယ်။

ဒါပေမဲ့ အလုပ်တွေက ရှာရခက်တာကြောင့် အခုချိန်အထိ အလုပ်မရသေးဘူးလို့လည်း သူကပြောပါတယ်။ အမှန်တကယ်အခက်အခဲတွေ့နေတဲ့ မူကြို ဆရာမတွေကို အစိုးရအနေနဲ့ ထောက်ပံ့ ပေးတာမျိုးလုပ်ပေးသင့်တယ်လို့လည်း သူက ပြောပါတယ်။

“ကျွန်မထင်တာကတော့ အစိုးရ အနေနဲ့ရော၊ သက်ဆိုင်တဲ့လူကြီးပိုင်းတွေပေါ့နော် မူကြိုဆရာမတွေကိုပစ်မထားဘဲ ထောက်ပံ့ပေးသင့်တယ်လို့တော့ထင်တယ်” လို့ သူကပြောပါတယ်။

အစိုးရအနေနဲ့ရှေးဦးသူငယ်ကလေး ပြုစုပျိုးထောင်ရေးဟာ အရေးပါတယ်ဆိုတာကို နားလည် လက်ခံတယ်လို့ဆိုရ မှာပါ။ ဒါကြောင့်လည်း မူကြိုဆရာမတွေ ပေါ် ထွက်လာရေးအတွက် နှစ်စဉ်ရန်ပုံ ငွေသုံးပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး သင်တန်းတွေ ပို့ချနေတာပါ။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း (INGO) တွေနဲ့ ပူးပေါင်းပြီး မူကြိုကျောင်းတွေ ပေါ်ထွက်လာရေး ဆောင်ရွက်နေတာရှိပါတယ်။ ကျေးရွာတွေမှာ ဆရာမတွေကို လစာပေးပြီး မိခင် ဝိုင်းတွေဖွင့်ပေးတာတွေ လုပ်နေပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ အဲဒီလုပ်ငန်း တွေကို လူမှုဝန်ထမ်းဦးစီးဌာနကတာဝန် ယူဆောင်ရွက်ပါတယ်။

တခြား လူမူဝန်ထမ်းဌာနက စီမံခန့်ခွဲမှုအောက်က မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်၊ ပရဟိတဂေဟာတွေကို အစိုးရထောက်ပံ့တာတွေ လုပ်နေတာရှိပါတယ်။ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် မိခင်၊ သက်ကြီးဘိုးဘွားတစ်ဦးကို သုံးသောင်းကျပ်နှုန်း ထောက်ပံ့ခဲ့တာရှိပါတယ်။

“မူကြိုဆရာမတွေကို ထောက်ပံ့ဖို့ကိုတော့ အခုထိတော့ ဘာမှမကြားရသေးဘူး” လို့ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင် က ဆိုပါတယ်။

ဒါကိုမသိကြသေးတဲ့ ဒေါ်ပပသွယ်တို့လို မူကြိုဆရာမတွေကတော့ တခြား ဝန်ထမ်းတွေနည်းတူ အစိုးရက သူတို့ကို ထောက်ပံ့မှုပေးလာနိုင်မလာလို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အမေ့လျော့ခံဖြစ်နေတယ်ဆိုတာကိုလည်း နားလည်ကြပါတယ်။

အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တွေက ကူညီပေးနေတဲ့ရွာတွေက မူကြိုဆရာမတွေကတော့ လစာတစ်ဝက် ရတဲ့သူတွေ ရှိပါတယ်။ ဥပမာ လောင်းလုံးမြို့နယ်က ရဲတံခွန်စီမံချက်ဝင်ရွာတွေဖြစ်တဲ့ ပန်းတလဲ၊ အင်းဇောက်၊ မင်းရပ်ရွာတွေက မူကြိုဆရာမတွေဟာ လစာတစ်ဝက်ရကြလို့ အသက်ရှူနည်းနည်း ချောင်ကြတယ်လို့ ဆိုရမှာပါ။

တချို့ရွာတွေမှာတော့ အတိုးနဲ့ ချေးငှားထားတာရှိပေမဲ့ မူကြိုဆရာမတွေကိုတော့ လစာမပေးကြပါဘူး။

သရက်ချောင်းမြို့မှာ အခန်းငှားပြီး ကိုယ်ပိုင်မူကြိုကျောင်းဖွင့်ထားတဲ့သူတွေ လည်း အခက်အခဲဖြစ်နေကြတယ်လို့ဆို ပါတယ်။ အခန်းခက လစဉ်ပေးနေရပြီး မူကြိုကတော့ ဖွင့်ခွင့်မရလို့ အခက်အခဲဖြစ်နေကြတာရဖြစ်တယ်လို့ သရက်ချောင်းမြို့နယ် ကျွဲစပ်ရွာက မူကြိုဆရာမ မယုယမော်က ပြောပါတယ်။

“ကျွန်မတို့ မူကြိုဆရာမအချင်းချင်း တွေ့ပြီဆိုရင် လာလာပြီးရင်ဖွင့်နေကြတာ၊ သူတို့ရဲ့အခက်အခဲတွေကိုလေ” လို့ သူက ဆိုပါတယ်။

သူကလည်း အစိုးရထောက်ပံ့ပေးဖို့ ကိုလိုလားတယ်လို့ ဖွင့်ဟပါတယ်။ ဒါပေမဲ့ သူတို့က အပစ်ပယ်ခံထားရတယ်လို့ ခံစားနေရပါတယ်။

“မူကြိုဆရာမဆိုတာ ရှိတယ်လို့ကို တောင်ထင်ရဲ့လားမသိပါဘူး။ သူတို့ အထက်လူကြီးတွေကလေ” လို့ မယုယမော် က ဆိုပါတယ်။

ကျော်သူစိုး