တိုင်းအတွင်းက ကိုယ်စားလှယ်လောင်းများ ဘုန်းကြီးကျောင်းထွက်မှသည် ပါရဂူအထိ

0
322

၂၀၂၀ ရွေးကောက်ပွဲအလွန် တနင်္သာရီတိုင်းရဲ့ အနာဂတ် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ အရေးပေါင်းများစွာကို ဦးဆောင်မယ့် နိုင်ငံရေးသမားတွေကို တိုင်းသူ၊ တိုင်းသားတွေက များမကြာမီ ရွေးချယ်ကြရတော့မှာပါ။

အဲဒီအရေးပေါင်းများစွာကို ဦးစီးဦးဆောင်ပြုဆောင်ရွက်ရာမှာ၊ ဆုံးဖြတ်ချက်တွေ ချရာမှာ စွမ်းဆောင်ရည်တွေ ပြည့်ဝဖို့က အရေးကြီးပါတယ်။

အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်သူတွေမှာ ဘယ်လို အရည်အသွေးမျိုးတွေ ရှိနေသလဲ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ ပါတီအသီးသီးကနေရော၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ရော စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၆၈ ဦးရှိပါတယ်။ အဲဒီအထဲမှာ ဘုန်းကြီးကျောင်း ထွက်ကနေ ပါရဂူအဆင့်အထိ ပညာအရည်အချင်းအမျိုးမျိုး ပါဝင်နေပါတယ်။ ဘယ်ပညာရည်အဆင့်က ဘယ်လောက်ဦးရေပါနေပါသလဲ။

အခြေခံပညာ မူလတန်းအဆင့် (လေးတန်း)သာရှိတဲ့ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပါတယ်။ အလယ်တန်းအဆင့်ရှိသူက ၂၈ ဦးနဲ့ အထက် တန်းအထိရှိသူ ၅၄ ဦးပါဝင်ပါတယ်။ စုစုပေါင်းဆိုရင် အခြေခံပညာအဆင့် သာရှိသူ ၈၈ ဦးရှိပါတယ်။ အဲဒီအရေ အတွက်ဟာ ကိုယ်စားလှယ်လောင်း ၁၀ဝ မှာ ၃၂ ဦးက အခြေခံပညာအဆင့် အထိသာ ရှိတယ်ဆိုတာကိုတွေ့ရပါတယ်။

နောက်တစ်ဆင့်အနေနဲ့ အခြေခံ ပညာအထက်တန်းအောင်ပြီး ဘွဲ့မရ မသေးတဲ့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာကြည့်ရအောင်ပါ။ ပါတီအသီးသီးကို ကိုယ်စားပြု ဝင်ပြိုင်ကြမယ့် ဘွဲ့မရသေးတဲ့ ကိုယ်စားလှယ်လောင်းက ၃၂ ဦးရှိပါတယ်။ ၁၁ ရာခိုင်နှုန်းဖြစ် ပါတယ်။

ဘွဲ့ရကိုယ်စားလှယ်လောင်းကတော့ ၁၄၉ ဦးရှိပါတယ်။ ၅၅ ရာခိုင်နှုန်း (စုစုပေါင်းရဲ့ ထက်ဝက်ကျော်) ဖြစ်ပါတယ်။ အများစုကတော့ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ ပညာရေးဆိုင်ရာဘွဲ့(ဥပမာ B.Ed)တွေဖြစ်ပါတယ်။ ဆရာဝန် ဘွဲ့ရနှစ်ဦး၊ အင်ဂျင်နီယာဘွဲ့ရတစ်ဦးနဲ့ ပါရဂူဘွဲ့ရ နှစ်ဦးပါဝင်ပါတယ်။

ယေဘုယျပြောရရင် ကိုယ်စားလှယ်လောင်းတွေရဲ့ သုံးပုံတစ်ပုံဟာ အဆင့်မြင့်ပညာရေးကို တတ်မြောက်ထားသူတွေ မဟုတ်ပါဘူး။

နိုင်ငံတည်ဆောက်ရေးမှာ ပညာဟာ ဘယ်လောက် အရေးပါပါသလဲ။

အတန်းပညာရေး အားနည်းတဲ့ ကိုယ်စားလှယ်လောင်းတွေအထဲမှာ အခြေအနေအကြောင်းကြောင်းကြောင့် ကောင်းမွန်စွာပညာသင်ယူဖို့ အခွင့်အရေးမရတဲ့သူတွေ ပါကောင်းပါနိုင်ပေမဲ့ နိုင်ငံရေးလုပ်မယ်ဆိုရင်တော့ နိုင်ငံအရေးနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေကို ကြိုတင်ဖြည့်ဆည်းထားဖို့လိုအပ်တယ်လို့ သရက်ချောင်းမြို့နယ်က မဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ ကိုဇင်မောင်ဖြိုး က ပြောပါတယ်။

“အားကောင်းမောင်းသန် လွှတ်တော်နိုင်ငံရေးကို သွားမယ်ဆိုတဲ့အချိန်မှာတော့ ပညာကို ကောင်းကောင်းတတ်ဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ အတန်းပညာအားနည်း ရုံနဲ့ အရည်းအချင်းမရှိဘူးလို့တော့ တစ်ထစ်ချ သတ်မှတ်လို့ရမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အတန်းပညာဘယ်လောက်ရှိမှ ကိုယ်စားလှယ်လုပ်ခွင့်ရှိတယ်လို့လည်း သတ်မှတ်မထားပါဘူး။ ထင်ရှားတဲ့ ဥပမာတစ်ခု အမေရိကန်ရဲ့ နာမည် ကျော်သမ္မတကြီး လင်ကွန်းဟာ အတန်းပညာကို ကောင်းကောင်း သင်ခဲ့ရသူ မဟုတ်ပါဘူး။

ကိုဇင်မောင်ဖြိုးကတော့ နိုင်ငံတည်ဆောက်ရေးမှာ ပညာကတော့ အရေးကြီးတယ်လို့ သူ့အမြင်ကိုပြော ပါတယ်။

“နိုင်ငံတည်ဆောက်တယ်ဆိုတာက ပညာနဲ့ပဲ တည်ဆောက်ရတာလေ” လို့ သူက ပြောပါတယ်။

နိုင်ငံတည်ဆောက်ရေးမှာ ပညာ အရည်အချင်းအပြင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အသက်အရွယ်ရှိနေဖို့ကလည်း အရေးပါတယ်လို့ ပြောဆိုတဲ့သူ တွေလည်းရှိပါတယ်။

ကိုယ်စားလှယ်လောင်းများ၏ အသက်အရွယ်

ဒါကြောင့် တိုင်းအတွင်းက ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အပိုင်း အခြားကို ဆက်လေ့လာကြည့်ရ အောင်ပါ။ ဒီလိုလေ့လာတဲ့အခါမှာ အသက် ၆၀ အထက်၊ အသက် ၄၀ နဲ့ ၆၀ အကြားနဲ့ အသက် ၄၀ အောက်ဆိုပြီး သုံးမျိုး ခွဲခြားထားပါတယ်။

ကိုယ်စားလှယ်လောင်း ၂၆၈ ဦး ထဲမှာ အသက် ၆၁ နှစ်နဲ့အထက် ၅၉ ဦး ပါဝင်နေပါတယ်။ အဲဒီအထဲမှာ အသက် အကြီးဆုံးအဖြစ် အသက် ၈၀ အရွယ်လည်း ပါဝင်နေပါတယ်။ ရာခိုင်နှုန်းနဲ့ဆို ၂၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အသက် ၆၀ ပြည့်ရင် နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတာကနေ အနားယူသင့်တဲ့အရွယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဒါကြောင့်မို့ လည်း အစိုးရဝန်ထမ်းတွေဆိုရင် အငြိမ်း စားယူရပါတယ်။

အသက် ၄၀ အထိကို လုပ်နိုင်ကိုင်နိုင်ဆုံးအဆင့်၊ ၄၁ နှစ်နဲ့ ၆၀ အကြားကို အလယ်အလတ်အဆင့်၊ ၆၁ နှစ်နဲ့ အထက်ကို အားအနည်းဆုံးအဆင့်လို့ သတ်မှတ်ကြည့်မယ်ဆိုရင် ကိုယ်စားလှယ်လောင်းအားလုံးရဲ့ လေးပုံတစ်ပုံ လောက်ဟာ အားအနည်းဆုံး အသက်အရွယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။

အသက် ၄၀ နဲ့ ၆၀ ကြားအရွယ်က ၁၃၀ ဦး(၄၈ ရာခိုင်နှုန်း) ရှိပါတယ်။ ဒီအုပ်စုကတော့ ပမာဏ အများဆုံးပါပဲ။ လုပ်နိုင်ကိုင်နိုင်ဆုံးအရွယ်လို့သတ် မှတ်ထားတဲ့ အသက် ၄၀ အထိ အရွယ်ကတော့ သုံးပုံတစ်ပုံနီးပါး(၃၀ ရာခိုင်နှုန်း) ဝန်းကျင်ရှိပါတယ်။

နိုင်ငံရဲ့အရွေ့ကို ပိုတွန်းနိုင်ဖို့ ဆိုရင် အသက်ကြီးပိုင်းတွေထက် လူငယ်၊ လူလတ်ပိုင်းအရွယ်တွေကို ပိုလို အပ်တယ်လို့ ကိုဟိန်းထက်က ပြောပါတယ်။

ကိုဟိန်းထက်က မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီတွင် တွဲဖက် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။

တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီရဲ့ ပြည်ထောင်စု ကိုယ်စားလှယ်လည်းဖြစ်သလို လူငယ်ဖွံ့ဖြိုးရေးအင်စတီကျု့ (YDI) ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

ဒါကြောင့် လူငယ်၊ လူရွယ်ပိုင်းတွေ အခုလက်ရှိပမာဏထက် နိုင်ငံရေးမှာ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

“လူငယ်၊ လူရွယ်ပိုင်းတွေ ပါဝင်လာမယ်ဆိုရင်တော့ နိုင်ငံရဲ့ အရွေ့တွေကိုသွားတဲ့အချိန်မှာ၊ အပြောင်းအလဲတွေကိုသွားတဲ့ အချိန်မှာ ပိုပြီးတော့ တက်တက်ကြွကြွနဲ့ ရဲရဲဝံ့ဝံ့လုပ်နိုင်မယ်လို့ သုံးသပ်ချက်ပေးချင်ပါတယ်” လို့ ကိုဟိန်းထက်က ဆိုပါတယ်။

အသက်ကြီးပိုင်းတွေနဲ့ လူငယ်၊ လူလတ်အရွယ်တွေ ပူးပေါင်းလုပ်ဆောင် မှုမျိုးကိုလည်း သူကအားပေး ပါတယ်။

ဒါပေမဲ့ လက်ရှိ ရွေးကောက်ပွဲဝင်မယ့် အသက်ကြီးကိုယ်စားလှယ်လောင်းတွေရဲ့ စွမ်းဆောင်နိုင်မှုကိုတော့ သူက မေးခွန်းထုတ်ပါတယ်။

“လူကြီးတွေကရော စွမ်းဆောင်ရည်ရှိပြီး ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်အပြောင်းအလဲ နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စွမ်းဆောင် ရည်ရှိရှိနဲ့ ထဲထဲဝင်ဝင် လုပ်နိုင်ပါ့မလား ဆိုတာမျိုးကတော့ မေးခွန်းထုတ်စရာ ရှိတာပေါ့” လို့ ကိုဟိန်းထက်က ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းမှာတောင် အသက် ၆၀ ကျော်၊ ၇၀ ကျော် ဝန်းကျင်တွေကို ပေါပေါများများ တွေ့နိုင်ပါတယ်။

ထားဝယ်ဒေသခံ ဆယ်ဦးကို ကျပန်း မေးမြန်းကြည့်ရာမှာတော့ ပြည်သူ့ ကိုယ်စားလှယ်လုပ်မယ့်သူတွေရဲ့ ပညာအရည်အချင်းနဲ့ အသက်အရွယ်ဟာ အရေးကြီးတယ်လို့ အားလုံးက ဖြေဆိုကြပါတယ်။ အထူးသဖြင့်တော့ ခေတ် ပညာတတ်လူငယ်၊ လူလတ်တွေကို ပိုလိုလားကြတယ်လို့ အချို့က ဖြေဆိုကြပါတယ်။

တနင်္သာရီတိုင်းသားမဲဆန္ဒရှင်တစ် ရပ်လုံးအနေနဲ့ တိုင်းထဲက ကိုယ်စားလှယ် လောင်းတွေရဲ့ ပညာရည်အချင်းနဲ့ အသက်အရွယ်အပေါ်မှာ မတူညီတဲ့ သဘေားထားအမြင်တွေရှိကြမှာ မလွဲပါဘူး။

လူငယ်တစ်ယောက်လည်းဖြစ် နိုင်ငံရေးကိုစိတ်ပါဝင်စားသူလည်းဖြစ်တဲ့ ကိုဇင်မောင်ဖြိုးကတော့ သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“တကယ်ပညာတတ်ပြီးတော့ နိုင်ငံရေးကိုနားလည်တဲ့လူငယ်တွေ၊ လူလတ်တွေ နိုင်ငံအရေးမှာ ပါဝင်တာကိုတော့ ပိုပြီးတော့ သဘောကျတယ်”

Dawei Watch